သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဝါရင့် အမျိုးသမီးသတင်းထောက် ကွယ်လွန်


Helen Thomas
Helen Thomas
အမေရိကန်ပြည်ထောင်စုမှာ သမ္မတတွေကို ပြတ်ပြတ်သားသား မေးခွန်း ထုတ်တတ်သူ ဝါရင့် သတင်းဆရာမကြီး Helen Thomas စနေနေ့က ကွယ်လွန်သွားပါတယ်။ နှစ်ပေါင်း ၅၀ နီးပါး အမေရိကန်သမ္မတအဆက်ဆက် သတင်းတွေကိုယူခဲ့သူ အိမ်ဖြူတော် သတင်းထောက်ဟောင်း Helen Thomas ဟာ အသက် ၉၂ နှစ်မှာ ဝါရှင်တန်ဒီစီ မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

သတင်းလောကမှာ အမျိုးသားတွေက လွှမ်းမိုးနေချိန်မှာ သူဟာ အမျိုးသမီးသတင်းထောက် တယောက်အဖြစ် ထိုးဖောက်လာနိုင်ခဲ့သူဖြစ်ပါတယ်။ အမေရိကန်သမ္မတတွေ အကြပ်ရိုက်စေတဲ့ မေးခွန်းတွေမေးတတ်သူ Helen Thomas ဟာ နောင်မျိုးဆက် အမျိုးသမီးသတင်းထောက်တွေ အတွက် အတားအဆီးတွေကို ဖယ်ရှားပေးပြီး လမ်းဖွင့်ပေးခဲ့သူဖြစ်တယ်လို့ သမ္မတ ဘရက်အိုဘားမား က စနေနေ့ကပြောကြားခဲ့ပါတယ်။

သမ္မတ ဂျွန်အက်ဖ်ကနေဒီ (John F Kennedy) လက်ထက်ကနေ သမ္မတ ဘရက်အိုဘားမား လက်ထက်အထိ အမေရိကန်သမ္မတ ၁၀ ယောက်အစိုးရနဲ့ ပတ်သက်တဲ့ သတင်းတွေကို ရယူတင်ပြသူ Helen Thomas ဟာ သတင်းစာရှင်းပွဲတိုင်းမှာ သူမေးခွန်း မေးပြီးသွားတိုင်း "Thank you, Mr. President." လို့ ပြောကြားတတ်သူအဖြစ်လည်း အမှတ်ရကြပါတယ်။

၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက ဝါရှင်တန်မှာထုတ်ဝေတဲ့ အသေးစား သတင်းစာတိုက်တခုမှာ မိတ္တူကူးပေးသူ ဘဝကနေ Helen Thomas ဟာ United Press (UPI) သတင်းဌာနရဲ့ အိမ်ဖြူတော်ဆိုင်ရာ ပထမဆုံး အမျိုးသမီးသတင်းထောက်ချုပ်ဖြစ်လာခဲ့တာပါ။

ပါလက်စတိုင်းနယ်တွေပေါ်ကနေ ဂျူးလူမျိုးတွေ ထွက်သွားသင့်တယ် လို့ ပြောကြားခဲ့မှုနဲ့ ဝေဖန်ခံရပြီးတဲ့နောက် ၂၀၁၀ ခုနှစ်မှာ အိမ်ဖြူတော် သတင်းလောကကနေ အနားယူခဲ့ပါတယ်။ နာမကျန်း ဖြစ်နေတာကြာပြီဖြစ်တဲ့ ဝါရင့် သတင်းထောက် Helen Thomas ဟာ စနေနေ့တုန်းကတော့ သူ့ရဲ့ နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG