သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမားနေ့ အိုဘားမား ဂုဏ်ပြု


အလုပ်သမားနေ့ အိုဘားမား ဂုဏ်ပြုပြောဆို
အလုပ်သမားနေ့ အိုဘားမား ဂုဏ်ပြုပြောဆို

စက်တင်ဘာလရဲ့ ပထမဆုံးတနင်္လာနေ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အလုပ်သမားနေ့ဖြစ်ပြီး အစိုးရရုံးတွေနဲ့ ကျောင်းတွေလည်း ပိတ်ပါတယ်။ ဒီအကြောင်း မခွာညိုပြောပြပါမယ်။

၁၉ ရာစုနှောင်းပိုင်းမှာ အမေရိကန်စက်မှုဇုန်အလုပ်သမားတွေက ထိုက်သင့်တဲ့လုပ်အားခ ရရှိရေး၊ လုပ်ငန်းခွင်မှာ သိက္ခာရှိရှိ အလုပ်လုပ်ခွင့် ရရေးနဲ့ တပတ်ကို အလုပ်ချိန် နာရီ ၄၀ သတ်မှတ်ပေးရေး - စတဲ့အချက်တွေကို တောင်းဆို ဆန္ဒပြခဲ့ကြရာကနေ အမေရိကန် ပြည်ထောင်စုရဲ့ သမိုင်းတွင်ရစ်မယ့် အလုပ်သမားနေ့ ဖြစ်ပေါ်လာရတာနဲ့ပတ်သက်လို့ သမ္မတအိုဘားမားက သူ့ရဲ့ အပတ်စဉ်မိန့်ခွန်းမှာ ထည့်သွင်းပြောကြား သွားပါတယ်။

“ရာစုနှစ်နဲ့ချီပြီးတော့ နိုင်ငံမှာ စီးပွားရေးအပြောင်းအလဲတွေဖြစ်တိုင်း အလုပ်ကိုတန်ဖိုးထားတဲ့အလုပ်သမားတွေဟာ အလုပ်သမားသမဂ္ဂတွေ စည်းရုံးပြီး အဖွဲ့ဝင်တွေ လစာတိုးပေးရေး၊ စားဝတ်နေရေး အဆင်ပြေဖို့အတွက် သူတို့အတွက်သာမက သူတို့ရဲ့ ရောင်းရင်းတွေအတွက်ပါ တောင်းဆိုခဲ့ကြပါတယ်။ ဒီကြိုးပမ်းမှုတွေကြောင့် ဒီကနေ့ ကျနော်တို့ တပတ်ကို နာရီ ၄၀ အလုပ်ချိန်ကန့်သတ်တာ၊ အချိန်ပိုကြေးရတာ၊ အနည်းဆုံးလစာ သတ်မှတ်ပေးတာတွေကို ခံစားကြရတာဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ခံစားခွင့်၊ သက်ကြီးရွယ်အိုခံစားခွင့်၊ ပင်စင်လစာခံစားခွင့် စသဖြင့် ဒီအောင်မြင်မှုတွေအားလုံးဟာ အလုပ်သမား သမဂ္ဂတွေရဲ့ ကြိုးပမ်းရုန်းကန်မှုတွေကြောင့် ခံစားနိုင်ကြတာ ဖြစ်ပါတယ်။”

မစ္စတာ အိုဘားမား သမ္မတအဖြစ် တာဝန်ယူနေတဲ့ ၇ နှစ်ကျော်နဲ့ ၈ နှစ်တာ သက်တမ်းအတွင်း စီးပွားရေးအကျပ်အတည်းကာလ နောက်ပိုင်းမှာ မော်တော်ကားထုတ်လုပ်ငန်းနဲ့ စက်မှုလုပ်ငန်းတွေမှာ အလုပ်အကိုင်ပေါင်း ၈ သိန်းအပါအဝင် ၂၀၁၁ ခုနှစ်ကစလို့ လူလတ်တန်းစား အလုပ်သမားတွေအတွက် စုစုပေါင်း အလုပ်အကိုင်ပေါင်း ၁၅.၁ သန်းကို ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါတင်မက လုပ်ငန်းခွင်တွင်းမှာ ကျား-မ တန်းတူ လုပ်အားခရရှိရေးအပြင် အမျိုးသမီးတွေအတွက် လစာပြည့်နဲ့ မီးဖွားခွင့်စတဲ့ အခွင့်အရေး တွေအတွက်လည်း ရဖို့ ဆက်လက်ကြိုးပမ်းကြရအုံးမှာဖြစ်ကြောင်းကိုလည်း သမ္မတ အိုဘားမားက ပြောပါတယ်။

နွေရာသီရဲ့ နောက်ဆုံးသီတင်းပတ်လည်းဖြစ်တဲ့ အလုပ်သမားနေ့အားလပ်ရက်မှာ အမေရိ ကန်မှာ နေထိုင်သူအများစုဟာ အပမ်းဖြေ ခရီးထွက်တာ၊ ဆွေမျိုးမိသင်္ဂဟတွေနဲ့ စုပေါင်းပြီး စားသောက်ကြတာအပြင် အလုပ်သမားနေ့ အထိမ်းအမှတ်နဲ့ ဈေးဆိုင်တွေကလည်း ပစ္စည်းတွေကို လျှော့ဈေးနဲ့ရောင်းပေးတာကြောင့် ဈေးဝယ်ထွက်သူတွေလည်း ထွက်ကြပါတယ်။

အမေရိကန်မှာ နှစ်ပေါင်း ၂၀ ကျော် နေထိုင်လာခဲ့သူ ကိုယဉ်ထွေးက မိတ်ဆွေမိသားစုတွေနဲ့အတူ ဗာဂျီးနီးယားကမ်းစပ်မှာ အိမ်တလုံးငှားပြီး အပမ်းဖြေခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မုန်တိုင်းဝင်တာနဲ့ကြုံသွားလို့ ရေတော့ ကူးခွင့်မရလိုက်ဘူးလို့ ဆိုပါတယ်။ အပြန်လမ်းမှာတော့ ဝီလီယံစ်ဘတ်ဂ် အရောင်းစင်တာမှာဝင်ပြီး လျှော့ဈေးနဲ့ရောင်းချနေတဲ့ ပစ္စည်းတွေ ဝယ်ယူခဲ့တဲ့အကြောင်းလည်း အခုလို ပြောပြပါတယ်။

“ဈေးနှုန်းက တော်တော်ကြီးကို ချိုချိုသာသာနဲ့ လျှော့ချနေတယ်ဆိုတော့ အလုအယက်ပေါ့ဗျာ- ကားရပ်တဲ့နေရာတောင် ခက်ခက်ခဲခဲ ကားရပ်ရတယ်။ ပစ္စည်းတခါဝယ်ရင်လည်း ပိုက်ဆံရှင်းဖို့အရေး စောင့်လိုက်ရတဲ့အခါလည်း တချို့နေရာတွေဆို ကျနော်တို့ စောင့်ကို မစောင့်နိုင်တော့ဘူး၊ ပစ္စည်းထားပြီး ပြန်လာခဲ့ရတယ်။ အတန်းကြီးက အရှည်ကြီးကို၊ အဲဒါတွေလည်း ကြုံတွေ့ရတယ်ဗျ။”

မေး။ ။ ဟုတ်ကဲ့။ အဲဒီတော့ ဈေးနှုန်းချတော့ရော သိသိသာသာချရဲ့လား။

“ကျနော်ဆိုရင် ဘောလုံးကန်ဖိနပ်တရံ အသစ်တရံတွေ့တယ်။ အဲဒါက သူ့ရဲ့ရောင်းဈေးက ၂၀၀၊ ၂၀၀ ကို ၇၀ % လျှော့တယ်ဆိုတော့ ၁၄၀ လောက်လျှော့တော့ ၆၀ ပဲ ပေးရတယ်။ ၂၀၀ တန် ဖိနပ်တရံကို ၆၀ ပဲ။ အဲဒါမျိုးတွေ လျှော့တာကို တွေ့ရတယ်။”

အမေရိကန်အလုပ်သမားနေ့ကို ၁၈၉၄ ခုနှစ်မှာ တရားဝင်သတ်မှတ်ခဲ့တာဖြစ်လို့ အခုဆိုရင် နှစ်ပေါင်း ၁၂၂ နှစ်ရှိလာပြီဖြစ်ပါတယ်။ အလုပ်သမားတွေနဲ့ ညီညွတ်မှုနဲ့ တိုက်ပွဲတွေဝင်ခဲ့ကြလို့သာအခုလို အလုပ်သမား အခွင့်အရေးတွေ ရရှိခဲ့တယ်ဆိုတာကို သမိုင်းက သက်သေဖြစ်ကြောင်းနဲ့ အလုပ်အကိုင်တွေကသာ အနာဂတ်ကို မျှော်ကြည့်နိုင်တဲ့ စိတ်ကူးမျှော်လင့်ချက်တွေလည်း ဖြစ်ပါတယ်လို့ သမ္မတအိုဘားမားက သူ့ရဲ့ အလုပ်သမားနေ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

အလုပ်သမားနေ့ အိုဘားမား ဂုဏ်ပြု
please wait

No media source currently available

0:00 0:03:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG