သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ ကြုံခဲလှတဲ့ နေကြတ်မှု မြန်မာတချို့အတွေ့အကြုံ


အော်ရီဂွန်ပြည်နယ် Madras မြို့မှာ အပြည့်အဝနေကြတ်ပုံကို စိန်လက်စွက် ပုံစံကွင်း ကဲ့သို့ မြင်တွေ့ရစဉ် ( သြဂုတ်လ ၂၁ ရက် ၂၀၁၇ခုနှစ်)
အော်ရီဂွန်ပြည်နယ် Madras မြို့မှာ အပြည့်အဝနေကြတ်ပုံကို စိန်လက်စွက် ပုံစံကွင်း ကဲ့သို့ မြင်တွေ့ရစဉ် ( သြဂုတ်လ ၂၁ ရက် ၂၀၁၇ခုနှစ်)

မနေ့ တနင်္လာနေ့က အမေရိကန်ပြည်ထောင်စုမှာ နှစ်ပေါင်း ၁၀၀ နီးပါးအတွင်း ကြုံရခဲတဲ့ အပြည့်အ၀ နေကြတ်တဲ့ ဖြစ်စဉ်ကို လူပေါင်း သန်းနဲ့ချီ ပြီး စိတ်အားထက်သန်စွာနဲ့ စောင့်ကြည့်ခဲ့ကြပါတယ်။ ၂မိနစ်နဲ့ ၃ မိနစ် နီးပါးအချိန်အတွင်း အလွန်သာနေတဲ့ နေမင်းကြီးကို လရောင်အပြည့်ဖုန်းကွယ်တဲ့အချိန် အမှောင်အတိဖြစ်ခဲ့ပြီးနောက် နေပြန်ပြီးလင်းခဲ့တဲ့ ဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေကတော့ ရင်သပ်ရှုမော်ဖြစ်ခဲ့ကြပါတယ်။

အကာသ သိပ္ပံပညာရှင်တွေအတွက်လည်း အခုလို အပြည့်အ၀ နေကြတ်ချိန်မှာ ထူးခြားတဲ့ဖြစ်စဉ်တွေကို စူးစမ်းလေ့လာခဲ့ကြပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး တင်ပြမှာပါ။

မနေ့ သြဂုတ်လ (၂၁)ရက်နေ့က လရဲ့ အရိပ် နေကို ဖုန်းကွယ်တဲ့ နေကြတ်တဲ့ ဖြစ်စဉ်ဟာ အနောက်ဘက် ပစိဖိတ်ကမ်းရိုးတန်း အော်ရီဂွန်ပြည်နယ်ကနေ အရှေ့ဘက် အတ္တလန်တိတ် ကမ်းရိုးတန်း တောင်ကိုရိုလိုင်းနား ပြည်နယ်အထိ အချိန် စုစုပေါင်း တနာရီခွဲ ပတ်ဝန်းကျင်ကြာခဲ့ပါတယ်။

အလုံးစုံနေကြတ်တဲ့ဖြစ်စဉ် စတင်ခဲ့တဲ့အနောက်ဘက်ခြမ်း အော်ရီဂွန်ပြည်နယ်မှာ လူပေါင်းသန်းနဲ့ပြီး စောင့်ကြည့်နေခဲ့ကြပါတယ်။ အဲဒီထဲမှာ မိုလာလာမြို့မှာ နေထိုင်တဲ့ မြန်မာနွယ်ဖွား ကိုထွန်းထွန်းက ဒေသစံတော်ချိန် နံနက် ၁၀ နာရီဝန်းကျင်မှာ စတင်မြင်တွေ့ရတဲ့ နေကြတ်တဲ့ မြင်ကွင်းကို အခုလိုပြောပြပါတယ်။

“၉နာရီ ၁၀ မိနစ်က စတယ် ၊ စပြီးတော့ တဖြေးဖြေးချင်း ကြတ်လာပြီးတော့ အဲဒါကိုစောင်ကြည့်ကြတာပေါ့နော် ၊ ၁၀နာရီ ၁၀ မိနစ်မှာ လုံးဝမှောင်သွားတာက စက္ကန့် ၇၀ ဆိုတော့ ၁ မိနစ်နဲ့ ၁၀ စက္ကန့်လောက်လုံးဝမှောင်သွားတယ်၊ အပူချိန်နည်းနည်းကျသွားတယ် ၊ တရိစ္ဆာန်လေးတွေ ၊ အိမ်မွေး တရိစ္ဆာန်လေးတွေတချို့အော်ကြတယ်။”

Missouri ပြည်နယ်မှာ နေအပြည့်အဝကြတ်လာမယ့် ဖြစ်စဉ် အဆင့်ဆင့်ကို တွေ့မြင်ရစဉ်
Missouri ပြည်နယ်မှာ နေအပြည့်အဝကြတ်လာမယ့် ဖြစ်စဉ် အဆင့်ဆင့်ကို တွေ့မြင်ရစဉ်

တစိတ်တပိုင်း နေကြတ်တဲ့ဖြစ်စဉ်ကို တွေ့ကြုံခဲ့ရတဲ့ အိုဟိုင်းအို ပြည်နယ် အမေရိကန် အာကာသ စူးစမ်းလေ့လာရေး NASA အဖွဲ့ မြန်မာသိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်ကလည်း သူလေ့လာစူးစမ်းခဲ့ပုံကို အခုလိုပြောပြပါတယ်။

“နေကြတ်တဲ့အချိန်က ကျနော်တို့ အိုဟိုင်းအို ပြည်နယ် NASA Research center မှာက နေ့လည် ၂ နာရီခွဲအတိမှာ ကြတ်ပါတယ်။ အဲဒီအချိန်မှာ တိမ်မရှိသလောက်ပဲ အပူချိန်အနေနဲ့က ၈၀-၈၅ လောက်ဆိုတော့ အရမ်းကို လင်းနေတာပေါ့နော်။ အဲဒီအချိန်မှာ အပြင်ထွက်ကြည့်တဲ့အခါကျတော့ နေကိုတန်းကြည့်လို့မရဘူး၊ မရတော့ ကျနော်လုပ်တဲ့ LAB က လေဆာပစ္စည်းတွေ ဆောက်တဲ့ Lab ဖြစ်တော့ သုတေသန ဓါတ်ခွဲခန်းထဲမှာပဲ Filters တွေ အများကြီးရှိပါတယ်။ Filters တွေနဲ့ ဝင်လာတဲ့အလင်းရောင် အရမ်းလျော့သွားအောင်လုပ်လို့ရတဲ့ စက်ကလေးတခုရှိပါတယ်။ အဲဒီ Filters နဲ့ အရမ်းကိုမှောင်သွားအောင်လုပ်ပြီးတော့ စမ်းကြည့်တဲ့အခါကျတော့ ကြည့်လို့ရတယ်ပေါ့လေ။ အဲဒါနဲ့ ဓါတ်ပုံရိုက်ထားတယ်။ ပြီးတဲ့အခါကျတော့ ဒီမှာရှိတဲ့ သိပ္ပံပညာရှင်တော်တော်များများနဲ့ နေကြတ်တာကို ကြည့်ကြတယ်၊ ဓါတ်ပုံရိုက်ကြပါတယ်။ အခု NASA ကလုပ်တဲ့ သုတေသန နေကြတ်နေတဲ့အချိန်မှာ ရတဲ့ သုတေသနအဖြေတွေက အများကြီးပါပဲ။ ကမ္ဘာ့အထက် ပေ ၁ သိန်းနီးပါးလောက်မှာ ပျံနေတဲ့ လေပူပေါင်းကြီးတွေကနေပြီးတော့ ဗွီဒီယို ကင်မရာနဲ့ ရိုက်လို့ရတဲ့ ဓါတ်ပုံတွေ ၊ သိပ္ပံအချက်အလက်တွေကတော့ နောက် ၂ ပတ် ၃ ပတ်လောက်ဆိုရင် သူတို့ အဖြေတွေ ထွက်လာပါမယ်။ အဲဒီကျရင်တော့ ဒီဟာတွေပိုပြီးတော့ တိတိကျကျ အဖြေတွေရတာတွေကို ပြောပြပါဦးမယ်။”

အလားတူ မြို့တော် ဝါရှင်တန်ဒီစီမှာ နေကြတ်တာကို ၈၀%ကျော်လောက်တွေ့ခဲ့ရတဲ့ မြန်မာနွယ်ဖွား ကိုဇော်ဝင်းကလည်း သူရဲ့အတွေ့အကြုံကို အခုလိုပြောပြပါတယ်။

“နေလုံးက လုံး၀ ၈၂ ရာခိုင်နှုန်းကျော် ကျသွားတော့ လက်သည်းခွံကျော်လောက်ပဲ ကျန်တော့တယ် နေလုံးလေက။ ဒီလိုမျိုး အမေရိကန်ပြည်ထောင်စုမှာ အပြည့်ကြတ်တာမျိုးမြင်ရဖို့က လုံးဝမလွယ်ဘူး။ အဓိက လက နေရောင်ကို ကွယ်သွားတာကလည်း တော်တော်လှတယ်၊ လက်သည်ကွင်းလေးတွေ ကွင်းလေးတွေဖြစ်လာတယ်။ နောက်ပြီးတော့ အမည်းလုံးပုံစံမျိုးဖြစ်လာတယ်၊ ပြီးလည်းပြီးရော နေက တဖြေးဖြေးချင်း ကွင်းလေးတွေနဲ့ ပြန်ပေါ်လာပြီးတော့ နေက တခါ အလုံးပြန်ဖြစ်သွားတယ်။”

အမေရိကန်အရှေ့ဘက်ခြမ်းဖြစ်တဲ့ နောက်ဆုံးနေကြတ်တဲ့ ဖြစ်စဉ် အပြည့်အဝတွေ့ရတဲ့ တောင်ကယ်ရိုလိုင်းနားပြည်နယ် ကိုလံဘီယာမြို့ကို ကိုယ်တိုင်ရောက်ရှိနေတဲ့ ဗွီအိုအေ ဝိုင်းတော်သူ မအေးသန္တာကျော်ကတော့ ဒေသစံတော်ချိန် နေ့လည် ၂နာရီခွဲကျော်မှာ နေကြတ်ချိန် မိနစ်ပိုင်းအတွင်း မှောင်အတိဖြစ်သွားတာကို တွေ့မြင်ခဲ့ရတဲ့ သူရဲ့အတွေ့အကြုံကို အခုလို သတင်းပေးပို့ခဲ့ပါတယ်။

“နေလုံးက ကုန်တော့မယ်၊ အရမ်းမှောင်လာပြီ လုံးဝဘာမှ နေက မရှိတော့သလောက် ပတ်ဝန်းကျင်တခုလုံးမှောင်နေပါပြီ ၊ လုံးဝနေမှောင်သွားပြီ။ အဝိုင်းပဲကျန်တော့တယ် စက်ဝိုင်းပဲကန်တယ်။ ပတ်ဝန်းကျင်တခုလုံး နေလည် ၂ နာရီ ၄၁ မိနစ်မှာဖြစ်နေတာ။ အခုအချိန်မှာ အပေါ်ကို မျက်မှန်မပါရင် မော့မကြည့်ပါနဲ့လို့ပြောထားပါတယ်။ အမှန်တကယ်တော့ အဝိုင်းလေးမှာပဲ နေဖြစ်နေတာပေါ့နော် အပြင်မျက်စိနဲ့ဆိုရင်တော့ နေဘက်ကိုကြည့်တာ လက်စွပ်လေးပတ်ပတ်လည်မှာ အရောင်တွေထွက်နေသလို နေကထွက်နေတယ်။ ကြယ်တွေဘာတွေကိုလည်း မြင်နေရပြီ။ အလယ်မှာအဝိုင်းကြီးနဲ့ ဘေးနားမှာအရောင်လေးတွေထွက်နေတာ လုံးဝအမှောင်ကျသွားတယ်။ ညဘက်မှောင်နေသလို အရမ်းကိုမှောင်နေတာ။ တဖြေးဖြေး လင်းလာပါပြီ။တဖြေးဖြေးနဲ့ အကွက်သေးသေးလေးကနေ လက်မခွံလေးလို အနားသားသေးသေးလေးကနေ တဖြေးဖြေးပြန်ကြီးလာပြီ။ ပြန်လင်းလာပြီ ရုတ်တရက်ကြီး အရမ်းမှောင်သွားရာကနေ ပြန်လင်းလာပါပြီ။”

အပြည့်အ၀ နေကြတ်တာကို မြင်ခဲ့ရတဲ့ အမေရိကန်ပြည်နယ် ၁၄ ပြည်နယ်ကတော့ အော်ရီဂွန်၊ Idaho၊ Montana၊ Wyoming ၊ Nebraska ၊ Kansas၊ Missouri ၊ Illinois ၊ Kentucky ၊ Tennessee ၊ Georgia ၊ မြောက်ကိုရိုလိုင်းနားနဲ့ တောင်ကိုရိုလိုင်းနားပြည်နယ်တွေဖြစ်ကြပါတယ်။

အခုလို အပြည့်အ၀ နေကြတ်တာမျိုးမဟုတ်ပေမယ့် နေတစိတ်တပိုင်းကြတ်တဲ့ ပုံစံမျိုးနီးပါးကို မြန်မာနိုင်ငံမှာ ၂၀၁၉ခုနှစ်ဒီဇင်ဘာလ (၁၆)ရက်နေ့မှာ တွေ့မြင်ကြရမှာဖြစ်တယ်လို့ အမေရိကန် အာကာသိပ္ပံပညာရှင်တွေက ပြောပါတယ်။

USA Solar Eclipse
please wait

No media source currently available

0:00 0:05:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG