သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးသင့်ဒေသ စိုက်ပျိုးမြေ ပြန် ထူထောင်မှု USAID စိုးရိမ်


အမေရိကန်သံအမတ်ကြီး ကွင်းဆင်းလေ့လာ။ သတင်းဓာတ်ပုံ- ရန်ကုန် အမေရိကန်သံရုံး။
အမေရိကန်သံအမတ်ကြီး ကွင်းဆင်းလေ့လာ။ သတင်းဓာတ်ပုံ- ရန်ကုန် အမေရိကန်သံရုံး။

ရေဘေးသင့်ဒေသတွေမှာ စိုက်ပျိုးရာသီအမီ လယ်ယာမြေပြန်လည်ထူထောင်ဖို့ အရေးတကြီး လိုအပ်နေပြီး ဒီအတွက် စိတ်ပူမိတယ်လို့ အမေရိကန်ပြည်ထောင်စု ဖွံ့ဖြိုးမှုအေဂျင်စီ မြန်မာရုံးခွဲဒါရိုက်တာက ပြောဆိုလိုက်ပါတယ်။ မြန်မာပြည် တဝှမ်း ရေဘေးဒဏ် ခံခဲ့ရတဲ့ ပြည်သူတွေ အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို ကွင်းဆင်းလေ့လာပြီးတဲ့နောက်မှာ အခုလို ပြောဆို လိုက်တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ VOA သတင်းထောက် မသိင်္ဂ ီလင်း က ပြောပြပါမယ်။ ဇွန်လလယ်လောက်က စတင်ပြီး မိုးများခဲ့တာနဲ့ ဆိုင်ကလုန်း ကိုမင်ကြောင့် မြန်မာပြည်အနှံရေလွှမ်းမိုးတာ၊ မြေပြိုတာ၊ ရွှံနွံ့တွေ ဖုံးလွှမ်းတာတွေဖြစ်ပွားခဲ့သလို လယ်မြေ ဧကသိန်းနဲ့ချီပြီး ထိခိုက် ပျက်ဆီးတာတွေဖြစ်ခဲ့ပါတယ်။

ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်သံအမတ်ကြီး ကိုယ်တိုင်လည်း ကွင်းဆင်းလေ့လာပြီးတဲ့နောက်မှာ အခုလိုလယ်ယာမြေပြန်လည် ထူထောင်ရေးကို အချိန်မီဆောင်ရွက်နိုင်ရေးအတွက် စိုးရိမ်မိကြောင်း အမေရိကန်ပြည်ထောင်စု ဖွံ့ဖြိုးမှုအေဂျင်စီ USAID မြန်မာရုံးခွဲဒါရိုက်တာ Chris Milligan က ပြောဆိုလိုက်တာဖြစ်ပါတယ်။

"အမေရိကန်အစိုးရအနေနဲ့ ရေဘေးဒဏ်ကြောင့် အသက်အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ ဒုက္ခသည်တွေအတွက် အရမ်းစိုးရိမ်ပူပန်မိပါတယ်။ ရေဘေးဒဏ်ပြင်းပြင်းထန်ထန် ခံခဲ့ရတဲ့ ဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ ၆ သန်း ကူညီထောက်ပံ့ထားပါတယ်။ လတ်တလော သံအမတ်ကြီး Derek Mitchell ကိုယ်တိုင်လည်း ရေဘေးသင့်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို သွားခဲ့ပါတယ်။ ကျွန်တော်တို့ လယ်သမားတွေ ပြန်လည်စိုက်ပျိုးကြဖို့ မျိုးစေ့ ၉ တန် သယ်သွားခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ လယ်ယာမြေတွေ ပျက်စီးခဲ့တဲ့ လယ်သမားတွေအတွက် အတော်လေး စိတ်ပူပါတယ်။ သူတို့ကို ကူညီဖို့ အချိန်ကလည်း တိုတယ်လေ။ ဒါကြောင့် ကျွန်တော်တို့ တက်နိုင်သမျှ ကြိုးစားပြီး မျိုးစပါး ၉ တန်ကို ပို့ပေးခဲ့တာပါ။ သံအမတ်ကြီး ကိုယ်တိုင်လည်း လယ်သမားတွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ အခက်အခဲတွေအကြောင့် လေ့လာရင်း လိုအပ်တဲ့ အကူအညီတွေ ပေးခဲ့ပါတယ်။ "

ဒါ့အပြင် ချင်းပြည်နယ်အပါအဝင် အခြား ရေဘေးသင့်ဒေသတွေမှာလည်း သွားရောက်ကူညီခဲ့တယ်လို့ Mr. Milligan က ပြောပါတယ်။ ရေဘေးမှာ ပါဝင်ကူညီခဲ့ကြတဲ့ လူထုနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေရဲ့ ပါဝင်မှုကလည်း နိုင်ငံတကာအလယ်မှာ အလွန်ကောင်းမွန်တဲ့ ဥပမာတစ်ခုဖြစ်ခဲ့တယ်လို့ Chris Milligan က အခုလိုပြောပါတယ်။

"အရပ်ဖက်လူ့အဖွဲ့အစည်းတွေရဲ့ မပြတ်မလပ်တဲ့ အကူအညီတွေကို ကြည့်ပြီး ကျေနပ်အားရမိပါတယ်။ မြန်မာလူမျိုးတွေရဲ့ သဒ္ဓါတရား ထက်သန်မှုဟာ နိုင်ငံတကာအလယ်မှာ စံပြဖြစ်ပြီးတော့ စည်းလုံးညီညွှတ်မှုရဲ့ ဥပမာတစ်ရပ်လည်းဖြစ်ပါတယ်။ "

ဒီရေဘေးဒဏ်အတွေ့အကြုံကနေ သင်ခန်းစာယူပြီး နောက်ထပ် ကြုံလာနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေကို ကြိုတင်ကာကွယ်ဖို့ ကြိုးစားကြရမယ်လို့ Chris Milligan က အကြံပြုပါတယ်။

"နိုင်ငံအတော်များများအတွက် လူသားချင်းစာနာမှုအကူအညီတွေ ပေးရတာ စိန်ခေါ်ချက်တစ်ရပ်ပါပဲ။ ကျွန်တော်တို့အနေနဲ့ မြန်မာကြက်ခြေနီအသင်းနဲ့ အစိုးရဌာနတွေရဲ့ အကူအညီပေးမှုတွေကို မြင်ရတာ အရမ်းအားရမိပါတယ်။ ဒါပေမယ့်လည်း သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးကတော့ ကျွန်တော်တို့ အမေရိကန်ပြည်ထောင်စုလည်း အပါအဝင် ဘယ်နိုင်ငံမှာမှ ပြီးပြည့်စုံတယ် ဆိုတာမရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အစိုးရရော အရပ်ဖက်လူ့အဖွဲ့အစည်းတွေကိုရောပါ ဆက်လက် ကူညီထောက်ပံ့နေမှာဖြစ်ပါတယ်။ ဒီရေဘေးကယ်ဆယ်ရေးကနေ သင်ခန်းစာတွေယူပြီး နောက်လာမယ့် သဘာဝဘေးအန္တရာယ်တွေကို ကြိုတင်ကာကွယ်ဖို့ ကြိုးစားကြရပါမယ်။"

USAID အဖွဲ့ဟာ ၂၀၀၀ ပြည့်နှစ်ကတည်းက မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနေတာဖြစ်ပြီး ၂၀၀၈ ခုနှစ်က တိုက်ခက်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းလွန် ပြန်လည် ထူထောင်ရေးတွေမှာလည်း အထောက်အပံ့တွေ ပေးခဲ့ပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးဆောင်ရွက်နေတဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေကိုလည်း အထောက်အပံ့တွေ ပေးနေတာဖြစ်ပါတယ်။

XS
SM
MD
LG