သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ရွေးကောက်ပွဲ မျှတရေး USAID ဦးတည်


အမေရိကန်သမ္မတ အိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရန်ကုန် အမေရိကန် သံရုံးတွင် USAID အေဂျင်စီနဲ့တွေ့ဆုံ။ (နိုဝင်ဘာ ၁၉၊ ၂၀၁၂) သတင်းဓာတ်ပုံ-http://www.usaid.gov/burma
အမေရိကန်သမ္မတ အိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရန်ကုန် အမေရိကန် သံရုံးတွင် USAID အေဂျင်စီနဲ့တွေ့ဆုံ။ (နိုဝင်ဘာ ၁၉၊ ၂၀၁၂) သတင်းဓာတ်ပုံ-http://www.usaid.gov/burma
မြန်မာ့ပြုပြင်ပြောင်းလဲရေးမှာ အရေးကြီးတဲ့ ခြေလှမ်းတခုဖြစ်တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ဟာ ယုံကြည် ကိုးစားလောက်တဲ့ ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်ဖို့ လောလောဆယ် တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး၊ ပွင့်လင်းမြင်သာမှု ရှိရေး၊ တာဝန်ခံ တာဝန်သိတဲ့ စီမံအုပ်ချုပ်မှုစံနစ် ထွန်းကားရေး အတွက် USAID အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီက တဘက်တလမ်းက ပံ့ပိုးကူညီနေပါတယ်လို့ USAID မြန်မာပြည် တာဝန်ခံ က ပြောဆိုလိုက်ပါတယ်။ မြန်မာ့ကျေးလက်ဒေသနေ လူထုအတွက်လည်း လူမှုစီးပွားဖွံဖြိုးရေး အတွက် ကူညီနေတယ်လို့ USAID Mission Director Chris Milligan က ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ခရီးရောက်အောင်၊ အမေရိကန်ပြည်ထောင်စုက တွန်းအားပေးနေတဲ့ အထဲမှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ် ပညာပေးတဲ့အစီအစဉ်နဲ့ ကူညီနေတယ်လို့ USAID အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှု အေဂျင်စီ Mission Director Chris Milliganက အခုလိုပြောပါတယ်။

"အားလုံး သိတဲ့အတိုင်းပါဘဲ၊ ၂၀၁၅ ရွေးကောက်ပွဲ ဟာ ပြုပြင်ပြောင်းလဲရေး အတွက် အခရာကျ တဲ့ခြေလှမ်းဖြစ်ပါတယ်။ ဒီနိုင်ငံကပြည်သူတွေအနေနဲ့ ပွင့်လင်းမြင်သာတဲ့ ယုံကြည်ကိုးစားလောက်တဲ့ ရွေးကောက်ပွဲကို အဖြစ်နိုင်ဆုံး အထမြောက်စေချင်တဲ့အတွက် USAID က ဝိုင်းဝန်းပံ့ပိုးပေးနေ တာဖြစ်ပါတယ်။ ကိုယ့်ခေါင်းဆောင်ကို လွတ်လပ်စွာရွေးချယ်နိုင်ဖို့ဖြစ်ပါတယ်။ USAID ဟာ တခြားနိုင်ငံတကာ အသိုင်းအဝိုင်းက အလှူရှင်တွေနဲ့အတူ ပံ့ပိုးပေးနေ ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်လို အဖွဲ့အစည်းတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေသာမက သတင်းမီဒီယာ အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒါမှသာ သမိုင်းတွင်မယ့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ပီပီပြင်ပြင်ဖေါ်ဆောင်နိုင်မှာဖြစ်ပါတယ်။"

ဒီမိုကရေစီနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုဖြစ်ထွန်းအောင် လွှတ်တော်အမတ် ၃၀၀ကျော်၊ လူထုအခြေပြု အဖွဲ့အစည်းပေါင်း ၃၀၀ကျော်၊ တစ်သီးပုဂ္ဂလဦးရေ ၅၈၀၀၊ သတင်းမီဒီယာလောက သတင်းထောက် ၄၀၀ကျော်ကို USAIDက စွမ်းဆောင်ရည် မြင့်မားရေး သင်တန်းတွေ ပေးခဲ့တာပါ။ ရွေးကောက်ပွဲ စီမံကွပ်ကဲရေး ထိရောက်အောင် မဲဆန္ဒရှင်တွေကို ပညာပေးတာ၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကြီး တခုလုံးအပြင် လွှတ်တော်တွင်း လုပ်ငန်းတွေ၊ နောက်နိုင်ငံရေး ပါတီတွေ၊ စွမ်းဆောင်ရည် မြင့်မားရေး အတွက်လည်း ကူညီပေးနေတယ်လို့ ဆိုပါတယ်။

USAID အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှု အေဂျင်စီ ရန်ကုန်ရုံးကို ၂၀၁၂ခုနှစ် နိုဝင်ဘာလက ပြန်လည်ဖွင့်လှစ်ခဲ့ပြီးတော့ မြန်မာဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုအတွက် အမေရိကန်ဒေါ်လာ သန်း၁၇၀ ပံ့ပိုးဖို့ သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ကတိပြုခဲ့ပါတယ်။ ၂၀၁၃ခုနှစ် အတွက် ဒေါ်လာ သန်း၁၈၀ သုံးစွဲခဲ့ပြီး ဒီနှစ် ၂၀၁၄ခုနှစ်အတွက် ရံပုံငွေ ယာထားချက်နဲ့ ပတ်သက်ပြီးတော့ Chris Milligan က အခုလိုဆိုပါတယ်။

"ဒီနှစ် ၂၀၁၄ ခုနှစ်မှာ USAID က မြန်မာနိုင်ငံအတွက်အထောက်အပံ့ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ကျော်သုံးစွဲမှာပါ။ ဒီလိုကူညီတဲ့အခါ နိုင်ငံတကာလူ့အခွင့်အရေးစံချိန်နဲ့အညီ လေးစား လိုက်နာပြီး ပံ့ပိုးပေးနေတာဖြစ်ပါတယ်။ ဒီအကူအညီတွေက ဘယ်လို အကျိုးသက်ရောက်မှု ရှိသလဲ၊ စံချိန်မှီရဲ့လားဆိုတာတွေကိုလည်း ဆန်းစစ်နေတာပါ။ ကချင်နဲ့ ရခိုင်ဒေသက အကူအညီ လိုနေသူတွေဆီကိုလည်း လူသားချင်းစာနာမှု အကူအညီတွေ ထိထိရောက်ရောက်ပေးနိုင်ခဲ့ပါတယ်။"

ဒီရံပုံငွေတွေထဲက ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ရွာပေါင်း ၁၇၀၀ ကျော်မှာ စားနပ်ရိက္ခာ ဖူလုံရေး၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ ကူညီနေပြီးတော့ ဒီ့ထက်မက ပိုပြီး ထိရောက်မှုရှိအောင် ဆောင်ရွက် သွားမယ်လို့လည်း ဆိုပါတယ်။ အသေးစားငွေချေးလုပ်ငန်း မတည်တဲ့ အစီအစဉ်တွေ၊ ကျန်းမာရေး ပညာပေး ဌက်ဖျားရောဂါ ကာကွယ်ရေး စတာတွေကိုလည်း အကူအညီပေးနေတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မြန်မာ အစိုးရကြား မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နိုင်ငံတကာ အလှူရှင်တွေနဲ့အတူ USAID က ပံ့ပိုးတဲ့ အစီအစဉ်ရှိပါသလားဆိုတဲ့ အမေးကိုတော့ Chris Milligan က အခုလိုဖြေပါတယ်။

"MPC မြန်မာငြိမ်းချမ်းရေးစင်တာကို USAID က ပံ့ပိုးတာမရှိပါဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ Civil Society လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ အသံတွေကြားနိုင်အောင် ပါဝင်ဆွေးနွေးနိုင်အောင် ပံ့ပိုးတာတော့ ရှိပါတယ်။ မတူကွဲပြားတဲ့ တိုင်းရင်းသားတွေအကြား အသံကြားနိုင်အောင် သူတို့ စိုးရိမ်မကင်းဖြစ်နေတာတွေကို ပြောနိုင်အောင် နည်းပညာပိုင်းကအစ ကူညီနေပါတယ်။"

USAID အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှု အေဂျင်စီဟာ မြန်မာပြည်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်လန်းအောင် ကြိုးစားတဲ့အနေနဲ့ အမေရိကန်ပုဂ္ဂလိက ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Microsoft ၊ Cisco ၊ Hewlett Packard နဲ့ Intel စတဲ့ ကွန်ပျူတာ နည်းပညာ ကုမ္ပဏီကြီးတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ USAID ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG