သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

USAID ရဲ့ မြန်မာပြည် အကူအညီ ဖွံ့ဖြိုးရေး ဦးစားပေးမည်


USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ အုပ်ချုပ်ရေးမှူး Dr. Rajiv Shah၊ အမေရိကန်စင်တာ၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။ ( Credit to -Credit: Richard Nyberg/USAID)
USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ အုပ်ချုပ်ရေးမှူး Dr. Rajiv Shah၊ အမေရိကန်စင်တာ၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။ ( Credit to -Credit: Richard Nyberg/USAID)
အမေရိကန်ပြည်ထောင်စုက ဖွ့ံ့ဖြိုးမှုအထောက်အပံ့တွေပေးတဲ့နေရာမှာ အစိုးရကို ငွေသားချက် လက်မှတ် ထုတ်ပေးလိုက်တာမျိုးမဟုတ်ဘဲ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပွင့်လင်းမြင်သာပြီး တာဝန်ခံတဲ့ အုပ်ချုပ်မှု ဖြစ်ထွန်းအောင် တွန်းအားပေး နေတာဖြစ်တယ်လို့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှုဆိုင်ရာ အကြီးအကဲက ပြောဆိုလိုက်ပါတယ်။ ဒီမိုကရေစီ ထွန်းကားဖို့ အရေးပါဆုံးက သမ္မတနဲ့ လွှတ်တော် ဥက္ကဌ မဟုတ်ဘဲ အရပ်ဘက်လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ အသံက အဓိကကျပါတယ်လို့ လည်း USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ အုပ်ချုပ်ရေးမှူး Dr. Rajiv Shah က ပြောဆိုလိုက်တာပါ။ ဒေါ်ခင်စိုးဝင်းက အပြည့်အစုံတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီးရောက်ရှိနေတဲ့ USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ အကြီးအကဲ Dr. Rajiv Shah က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ သက်ဆိုင်သူတွေ အားလုံးပါဝင်နိုင်ရေး၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနဲ့ ပြည်သူ့စွမ်းဆောင်ရည် မြင့်မားရေးအတွက် အမေရိကန်ပြည်ထောင်စုက တွန်းအားပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

“ဖွ့ံ့ဖြိုးမှုအထောက်အပံ့တွေပေးတဲ့နေရာမှာ အစိုးရကို ငွေသားချက်လက်မှတ် ထုတ်ပေးလိုက်တာမျိုးမဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှု တာဝန်ခံပြီး အထိခိုက်အလွယ်ဆုံး အကူညီလိုအပ်ဆုံး လူထုအတွက် ဝန်ဆောင်မှုပေးအောင်၊ ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက်လည်း တွန်းအားပေးနေတာဖြစ်ပါတယ်။ တကယ်လို့ အစိုးရက အဲဒီတာဝန်ကျေပွန်ခဲ့မယ်ဆိုရင် ဖွံ့ဖြိုးမှုအတွက် ကျနော်တို့ရဲ့ တာဝန်ယူမှုကိုလည်း တိုးချဲ့သွားမှာဖြစ်ပါတယ်။”

အရပ်ဖက်အခြေပြုလူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတယ်ဆိုတဲ့ သမ္မတအိုဘားမားရဲ့ မှတ်ချက်ကိုလည်း အခုလိုပြန်ပြောင်းပြောပြပါတယ်။

“ဒီမိုကရေစီ ထွန်းကားဖို့ အရေးပါဆုံးက သမ္မတနဲ့ လွှတ်တော် ဥက္ကဌ မဟုတ်ဘဲ အရပ်ဘက်လူထုအခြေပြုအဖွဲ့အစည်းတွေက အဓိကကျပါတယ်။ ဒီကနေ့ ကျနော်တွေ့ခဲ့ရတဲ့ မကွေးမြို့က HIV ပိုးရှိတဲ့ ဝေဒနာရှင်တယောက်က အများပြည်သူ HIV ရောဂါနဲ့ ပတ်သက်ပြီး အသိပညာတွေတိုးအောင် သူကိုယ်တိုင်အားတက်သရော ကူညီနေပါတယ်။ မန္တလေးက လူငယ်တယောက်ဆိုရင်လည်း သူ့သူငယ်ချင်းတွေနဲ့ ကျောင်းပိတ်ရက်မှာ ပြည်သူ့နီတိ နဲ့ အခွင့်အရေးတွေအတွက် ပညာပေးနေပါတယ်။ ရခိုင်ပြည်နယ်က ဘာသာရေးခေါင်းဆောင်တွေဟာလည်း အကြမ်းဖက်မှုတွေကြားက ဖြန်ဖြေရေးလုပ်နေကြတာပါ။ ကရင်ပြည်နယ်က သတင်းထောက်တယောက်ဆိုရင်လည်း အပစ်အခတ်ရပ်ရေးသဘောတူညီချက်နဲ့ ပတ်သက်တဲ့ တိကျမှန်ကန်တဲ့သတင်းတွေကိုပေးနေတာပါ။ သူတို့တွေဟာ အရေးပါတဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေဖြစ်ပါတယ်။”

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီအနေနဲ့ မြန်မာပြည်ရဲ့ ကျန်းမာရေးကဏ္ဍအတွက် မရှိမဖြစ် လိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုအရည်အသွေး မြင့်မားရေး အဲ့ဒီ့ဝန်ဆောင်မှုတွေကို လူတိုင်း၊ လူတိုင်း လက်လှမ်းမှီရေးအတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးမယ့်အပြင် ကလေးငယ်တွေ အတွက် စားနပ်ရိက္ခာဖူလုံရေးနဲ့ အာဟာရပြည့်ဝရေးကိုလည်း ပံ့ပိုးပေးဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။

“ကျနော်ဟာ ကျန်းမာရေး၊ အစားအသောက်နဲ့ အဟာရကို မကြာခဏ အာရုံစိုက်လေ့ ရှိပါတယ်။ မြန်မာပြည်ရဲ့ ကလေး ၄၀% ဟာ လောလောဆယ် အလွန်အမင်း အဟာရဓါတ် ချို့တဲ့နေတယ်လို့ သိရလို့ သိပ်ကိုစိတ်မကောင်းဖြစ်မိပါတယ်။ အဟာရချိုတဲ့မှုကြောင့် ဦးနှောက်ဖွံ့ဖြိုးမှုအားနည်းကြပြီး ပညာသင်ဖို့ အခက်တွေ့ကြမယ်။ လူ့ဘောင် အသိုင်းအဝိုင်း အတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင်ပါတယ်။ သူတို့ကို ကူညီဖို့ နည်းပညာတခုတည်း မလုံလောက်ပါဘူး။ သူတို့အကူအညီလိုအပ်နေတယ်ဆိုတာကို သူတို့ကိုယ်စားပြောပေးဖို့ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ အသံက သိပ်အရေးကြီးပါတယ်။”

သမ္မတအိုဘားမားက မြန်မာနိုင်ငံကို OGP လို့ခေါ်တဲ့ ပွင့်လင်းအစိုးရ မိတ်ဖက်အဖွဲ့မှာ ပါဝင်နိုင်ရေး တွန်းအားပေးခဲ့ပြီးတော့ မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်စွာ သတင်း အချက်အလက်တွေ ရယူပိုင်ခွင့်၊ အဂတိလိုက်စားမှု ပပျောက်ရေး ၊ ဘဏ္ဍာငွေတွေ ဘယ်လိုသုံးတယ်ဆိုတာ လူထုက သတင်းအချက်အလက်နည်းပညာတွေ၊ အသုံးချပြီး သိရှိနိုင်အောင်၊ အမေရိကန်ပြည်ထောင်စုရဲ့ အိုင်တီနည်းပညာ ထိပ်တန်းကုမ္ပဏီကြီးတွေရဲ့ ပူးပေါင်းကူညီမှုနဲ့ ဆောင်ရွက်သွားမယ်အကြောင်းကိုလည်း Dr. Rajiv Shahက ရန်ကုန် အမေရိကန်စင်တာမှာ ကြာသပတေးနေ့က ကျင်းပတဲ့ တွေ့ဆုံပွဲမှာ ပြောဆိုသွားပါတယ်။
XS
SM
MD
LG