သုံးရလွယ်ကူစေသည့် Link များ

ရခိုင်ဒေသဖွံ့ဖြိုးရေး ဒေါ်လာ ၅သန်း အမေရိကန် ထောက်ပံ့မည်


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်။

ရခိုင်ပြည်နယ်တွင်းက ပဋိပက္ခဘေးသင့်ပြည်သူ လူထုတွေနဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေ အတွက် ကူညီထောက်ပံ့မှုတွေ ပေးသွားမယ်လို့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီက ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်က ပြည်သူလူထုတွေရဲ့ သက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်းတွေ တိုးတက်လာဖို့ ကူညီတာဖြစ်တယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါမယ်။

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ ကြေညာချက်
အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ ကြေညာချက်

ရခိုင်ပြည်နယ်တွင်းက ပဋိပက္ခဘေးသင့်ပြည်သူလူထုတွေနဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ လျင်မြန်စွာ ပြန်လည်ထူထောင်နိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ငါးသန်း ကူညီထောက်ပံံ့ သွားမယ်လို့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီ ပြောရေး ဆိုခွင့်ရှိသူက အခုလို ပြောဆိုလိုက်ပါတယ်။

"မြန်မာပြည်သူလူထုတွေကို ကူညီထောက်ပံ့ပေးဖို့ ကတိကဝတ်ပေးထားတဲ့အတိုင်း အခု အမေရိကန် နိုင်ငံကတာဖွံ့ဖြိုးမှုအေဂျင်စီအနေနဲ့ ရခိုင်ဒေသက ပြည်သူလူထုကို ကူညီထောက်ပံ့မယ့် အစီအစဉ်သစ်ကို စတင်လိုက်ပါပြီ။ ဒီအစီအစဉ်အရ ရခိုင်ပြည်နယ်က ပဋိပက္ခဘေးသင့် လူမှု အသိုက်အဝန်းတွေ၊ နေရပ်ပြောင်းရွှေ့ ဒုက္ခသည်တွေနဲ့ ဆင်းရဲ နွမ်းပါးသူတွေ အတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေနှင့် ပြန်လည် ထူထောင်နိုင်ရေး လုပ်ငန်းတွေ လျင်မြန်စွာ ဆောင်ရွက်နိုင်ဖို့ အမေရိကန်ဒေါ်လာငါးသန်းကို ကူညီ ပံ့ပိုးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်အရ အိမ်ထောင်စု ကိုးထောင်၊ ဒါမှမဟုတ် လူဦးရေ လေးသောင်းငါးထောင်လောက်ကို ကူညီထောက်ပံ့နိုင်မှာဖြစ်ပြီး သူတို့အတွက် အခြေခံ ဝန်ဆောင်မှုတွေ ဈေးကွက်၊ အခြေခံ အဆောက်အအုံ နှင့် စီးပွားရေးအခွင့်အလမ်းတွေ ပိုပြီး တိုးတက်လာမှာဖြစ်ပါတယ်။"

အခုလို ကူညီထောက်ပံ့တဲ့အစီအစဉ်အရ ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းတွေ ကိုယ်တိုင်ကသာ မိမိတို့ရဲ့ လိုအပ်ချက်တွေ၊ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်နေတဲ့ ကဏ္ဍတွေကို ဖော်ထုတ်ပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို ဦးဆောင် ရမှာဖြစ်ပါတယ်။

ဒါဟာ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီက ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းဖြစ်ပြီး ဒီလိုဆောင်ရွက်စေခြင်းအားဖြင့် ခွဲခြားဆက်ဆံမှုမရှိအောင်၊ အားလုံးပါဝင်နိုင်အောင်၊ ပွင့်လင်းမြင်သာမှုရှိအောင်၊ တာဝန်ခံမှုရှိအောင်၊ အရပ်ဖက်စွမ်းဆောင်ရည် တိုးမြင့်လာအောင်နဲ့ ဒေသတွင်းအခြေအနေတွေကို အသိပေးလေးစားလိုက်နာရာ ရောက်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။

အမေရိကန်သံရုံးအနေနဲ့လည်း ရခိုင်ပြည်နယ်က ပြည်သူလူထုတွေရဲ့ လူနေမှုဘဝအရည်အသွေးတွေ တိုးမြင့်လာစေဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောရေးဆိုခွင့်ရှိသူက အခုလို ပြောပါတယ်။

"ရခိုင်ဒေသက လူ့အဖွဲ့အစည်းတွေရဲ့ လူနေမှုဘဝအရည်အသွေးတွေ တိုးတက်လာဖို့ အမေရိကန်သံရုံးက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေ ပါတယ်။ စီးပွားရေးအခွင့်အလမ်းတွေ ဖန်တီးပေးတာ၊ အခြေခံအဆောက်အအုံတွေ တိုးတက်အောင် ဆောင်ရွက်ပေးတာ၊ ပညာရေးအခွင့်အလမ်းတွေ တိုးမြှင့်ပေးတာ၊ အားလုံးအတွက် ကျန်းမာရေးနဲ့ သက်မွေးဝမ်းကျောင်း အခွင့်အရေးတွေ ပံ့ပိုးပေးတာ အပါအဝင် လူ့အဖွဲ့အစည်းတွေကြား ယုံကြည်မှုတည်ဆောက်ရာမှာ ကူညီဆောက်ရွက်ပေးဖို့လည်း ကြိုးစားနေပါတယ်။

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှု အေဂျင်စီအနေနဲ့ မြန်မာပြည်သူတွေရဲ့ အခွင့်အရေးနဲ့ အလားအလာကောင်းများစွာကို အပြည့်အဝ အကောင်အထည်ဖော်နိုင် ဖို့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့လည်း အနီးကပ် ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ပါတယ်။"

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ အဖွဲ့ဟာ ၂၀၀၀ ပြည့်နှစ် ကတည်းက မြန်မာနိုင်ငံ မှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနေ တာဖြစ်ပါတယ်။၂၀၁၃ ခုနှစ်မှာ စတင်ပြီး ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီတွေ အပြင် အရပ်ဖက်လူ့အဖွဲ့အစည်းတွေကိုပါ ရွေးကောက်ပွဲဆိုင်ရာ အကူအညီတွေ ပေးခဲ့ပါတယ်။

XS
SM
MD
LG