သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

USAID အကြီးအကဲ နှုတ်ထွက်


အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ USAID အကြီးအကဲ နှုတ်ထွက်သွားပါတယ်။ DR. RaJiv Shah ဟာ ၁၆ ယောက်မြောက် USAID အကြီးအကဲအဖြစ် ၂၀၀၉ ခုနှစ်က စတင် တာဝန်ထမ်းဆောင်ခဲ့တာပါ။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အခုလို နှုတ်ထွက်လိုက်တာနဲ့ ပတ်သတ်ပြီး စိတ်လှုပ်ရှားပေမဲ့ ဘာကြောင့် အခုလို ဆုံးဖြတ်ခဲ့တယ်ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။ ဖေဖေါ်ဝါရီလမှာ သူ့တာဝန်ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ကျူးဘားအကျဉ်းထောင်ထဲမှာ ၅ နှစ်ကြာ အကျဉ်းကျခဲ့တဲ့ USAID အမှုထမ်း ကန်ထရိုက်တာ Alan Gross လွတ်မြောက်လာပြီး မကြာခင်မှာပဲ အခုလို ကြေညာချက် ထွက်လာတာပါ။ မစ္စတာ Gross ဟာ ကျူးဘားနိုင်ငံထဲကို တားမြစ်ထားတဲ့ နည်းပညာတွေကို ရောက်အောင်လုပ်ပေးခဲ့တာကြောင့် ၂၀၀၉ ခုနှစ်မှာ အဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရပါတယ်။ သူ အခုလို အဖမ်းခံခဲ့ရတာကြောင့် USAID ရဲ့ အစီအစဉ်တွေအပေါ် အမေရိကန် လွှတ်တော်အမတ်တွေက ဝေဖန်ခဲ့ကြတာပါ။

AP သတင်းဌာနရဲ့ သီးခြားစုံစမ်းမှုအရ ကျူးဘားအစိုးရအဖွဲ့အတွင်း မတည်မငြိမ်ဖြစ်အောင် အချက်အလက်တွေ ဖလှယ်နိုင်တဲ့ Twitter လိုမျိုး လူမှုကွန်ယက်တခု တည်ဆောက်ဖို့နဲ့ ကျူးဘားအရေး တက်ကြွလှုပ်ရှားသူတွေကို စုစည်းဖို့ ရည်ရွယ်ချက်နဲ့ ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ဆိုတဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့ USAID က အစီအစဉ်တွေ ချမှတ်ခဲ့တာပါ။

ဒါပေမဲ့လည်း Dr. Shah ဟာ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုတော့ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီမိုကရေစီဖော်ဆောင်မှုလုပ်ငန်းတွေ၊ ကမ္ဘာတလွှား ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နေတဲ့ တချိန်တည်းမှာ သူဟာ ဒီအဖွဲ့ကို ပိုပြီး ခေတ်မီဆန်းသစ်အောင် လုပ်နိုင်သူအဖြစ် အမေရိကန် နိုင်ငံခြားရေး John Kerry က ချီးကျူး ပြောဆိုပါတယ်။

အမေရိကန်သမ္မတ အိုဘားမားကလည်း မစ္စတာ Shah ဟာ အမေရိကန်ရဲ့ အကောင်းဆုံး တန်ဖိုးထားမှုတွေကို ပုံဖော်နိုင်သူတဦးအဖြစ်နဲ့ ချီးကျူးပြောဆိုခဲ့ပါတယ်။ Dr. Shah ဟာ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းနဲ့ အများယုံကြည်လက်ခံတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ USAID ကနေ ပံ့ပိုးကူညီမယ်လို့ ပြောခဲ့သလို ဒီနှစ်ဆန်းက ရောက်ခဲ့ချိန်မှာလည်း ကျေးလက်နေ လူထုတိုးတက်ရေးအတွက် အဓိက ကူညီထောက်ပံ့ပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG