သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လမ်းခင်းပြီး မဲဆွယ်တဲ့ ကြံ့ခိုင်ရေး


ရန်ကုန်မြို့ လမ်းမတွေပေါ်မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး လှုပ်ရှားနေကြသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တချို့ (အောက်တိုဘာလ ၉၊ ၂၀၁၀)
ရန်ကုန်မြို့ လမ်းမတွေပေါ်မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး လှုပ်ရှားနေကြသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တချို့ (အောက်တိုဘာလ ၉၊ ၂၀၁၀)

ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ရွေးကောက်ပွဲနယ်မြေ အားလုံးလိုလိုမှာ ပါဝင်ယှဉ်ပြိုင်မယ့် စစ်အစိုးရနောက်ခံ ကြံ့ခိုင်ရေးပါတီဟာ အာဏာနဲ့ပြည့်သူငွေကြေးကို အသုံးပြုပြီးတော့ စည်းရုံးမဲဆွယ်နေတယ် ဆိုတဲ့ သတင်းတွေ၊ တိုင်ကြားမှုတွေ ရရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကြံ့ခိုင်ရေးအသင်းရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ကြံ့ခိုင်ရေးအသင်းဟာ ပြည်သူ့ငွေကြေးနဲ့ အစိုးရအထောက်အပံ့ကို ဘာမှမယူဘူးလို့ ကြံ့ခိုင်ရေး အထွေးထွေ အတွင်းရေးမှူး ဦးဌေးဦးက ပြောပါတယ်။ ဒါပေမဲ့လည်း ရန်ကုန်မြို့က နေရာအတော်များများ မှာတော့ အစိုးရပိုင် စည်ပင်ငွေကိုသုံးပြီး လမ်းတွေဖောက်လုပ်၊ ပြီးတော့ ကြံ့ခိုင်ရေးပါတီက လုပ်ပေးနေပါတယ်လို့ ပြောနေတာတွေနဲ့ ကျောက်တိုင်ထူနေတာတွေ ရှိနေတဲ့အပေါ်မှာ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းကို သတင်းထောက်တစ်ဦးက မေးခွန်းထုတ်ခဲ့တာလည်း ရှိပါတယ်။ အခုတော့ ရန်ကုန်၊ လှိုင်သာယာမြို့နယ်ထဲမှာ လမ်းခင်းပေးပြီး ကြံ့ခိုင်ရေးပါတီကို မဲထည့်ဖို့စည်းရုံးနေတယ်လို့ ဒေသခံ ပြည်သူတစ်ဦးက ပြောပါတယ်။ ဒီအကြောင်းကို မအေးအေးမာက တင်ပြထားပါတယ်။

လှိုင်သာယာ (၉) ရပ်ကွက်က သရက်လမ်းကြီးကို ခိုင်ခိုင်ခံ့ခံ့နဲ့ ကျောက်စရစ် လမ်းမကြီး ဖြစ်ဖို့ဆိုပြီး အိမ်တွေကို ပေအလိုက် အတင်းအကျပ် ငွေကောက်ခံနေတာကြောင့် ပြည်သူတွေအနေနဲ့ မပေးမနေရ ပေးနေရတယ် ဆိုတဲ့အကြောင်း လှိုင်သာယာက ပြည်သူတစ်ဦးက အခုလိုပြောပါတယ်။

“ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းကနေ ကျောက်လမ်းခင်းတာပါ။ ဒီကြံ့ခိုင်ရေးကနေ ဆင်းပြီးတော့ ၁၀ ပေကို ၂ သောင်း၊ ပေ ၂၀ ကို သောင်း ပေ ၄၀ ကို ၈ သောင်းနဲ့ ကြံ့ခိုင်ရေးကလည်း ဆင်းကောက်တယ်။ နောက်ပြီးတော့ လမ်းကော်မတီ ဖွဲ့ထားတဲ့ အဖွဲ့အစည်းနဲ့ ရဝတ နဲ့ကလည်း ဒီဟာတွေကို လိုက်ကောက်တယ်။”

ဒီလိုလမ်းခင်းမှုဟာ စည်ပင်သာယာရဲ့ အလုပ်ဖြစ်ပေမဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လိုက်လံပြီး သူတို့သဘောနဲ့ လမ်းခင်း၊ ပြည်သူတွေဆီကနေု ပေအလိုက် ငွေကြေးတောင်းခံတဲ့အခါမှာ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေထံကနေ မရမချင်း ခြိမ်းခြောက် တောင်းခံမူတွေကို ခံနေရတယ်လို့ ရပ်ကွက်ပြည်သူတယောက်က အခုလိုပြောပါတယ်။

“မပေးနိုင်တဲ့အခါကျတော့ လာတောင်းတဲ့အခါကျတော့ ပြောလိုက်တယ်။ ကျမတို့မှာ စီးပွားရေးကလည်း မပြေလည်ဘူး။ ကိုယ့်မှာအကြွေးတွေနဲ့။ တနေ့စားဖို့ စရိတ်ကိုတောင် မနည်းလုပ်နေရလို့ ဒီဟာကို လောလောဆယ်မှာ ကျမတို့ မပေးနိုင်သေးဘူး။ မပေးနိုင်သေးဘူးဆိုရင် ခင်ဗျားတို့က ဘာလဲ မပေးဘူးဆိုတဲ့သဘောလားပေါ့။ မဟုတ်ဘူးလို့ ကျမတို့ မပေးဘူးလို့ မပြောဘူး။ ပေးမယ်၊ ဒါပေမဲ့ လောလောဆယ် ကျမတို့မှာ စားဖို့တောင် အနိုင်နိုင် ပေးစရာမရှိဘူးလို့ ပြောတဲ့အခါမှာ သူတို့က မပေးလို့မရဘူး။ ခင်ဗျားတို့တွေ အဲဒါဆိုရင် ရက်ချိန်းကတော့ ပေးရမယ်။ အဲဒီရက်ချိန်းနေ့မှာတော့ ခင်ဗျားတို့ ပေးကိုပေးရမယ်ဆိုပြီးတော့ အဲဒီလိုမျိုး ခြိမ်းခြောက်ပြီးတော့ကို တောင်းတာပါ။”

လမ်းခင်းတာနဲ့ဆိုင်သလား မဆိုင်သလား မသိပေမဲ့ အိမ်ထောင်စု စာရင်းတွေကို တောင်းပြီး ပြည်ခိုင်ဖြိုး ပါတီဝင်တွေအဖြစ် ရပ်ကွက်သားတွေက လက်မှတ် ရေးထိုးပေးခဲ့ရတာတွေကို လုပ်ခဲ့ရကြောင်းတွေကို ဆက်ပြောပြပါတယ်။

“ကြံ့ခိုင်ရေး အမျိုးသမီးနှစ်ယောက်ကနေ ကျမတို့လမ်းထဲကို ဝင်လာပြီးတော့ တအိမ်ဆင်းတအိမ်တက်နဲ့ ဒီလမ်းကြီးကို ခင်းမှာမိုလို့ အိမ်ထောင်စု ဇယားတွေကို ယူလာပြီးတော့ လက်မှတ်လာထိုးပေးပါဆိုတော့ ကျမတို့က သွားတယ်။ သွားတဲ့အခါမှာ တချို့တွေ ကျတော့လည်း စာကို မဖတ်ကြည့်လိုက်ဘူး။ မဖတ်ကြည့်ဘဲနဲ့ ဒီလိုပဲ လက်မှတ်ထိုးပြီးတော့ ပြန်သွားကြတယ်ပေါ့နော်။ အိမ်ထောင်စု ဇယားပေးပြီးတော့။ ဒါပေမဲ့ စာကို ဖတ်ကြည့်လိုက်တဲ့အခါကျတော့ စာတမ်းခေါင်းစဉ်မှာ ရေးထားတာက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်း ပါတီဝင်သူများစာရင်း ဆိုပြီးတော့ ရေးထားတာတွေ့တယ်။ အဲဒါကြောင့် ကျမက ဒီကြံ့ခိုင်ရေးကို သဘောမတူတဲ့အတွက် ကျမကတော့ ပြတ်ပြတ်ပဲပြောပြီးတော့ ကျမ လက်မှတ်မထိုးနိုင်ဘူးဆိုတဲ့အကြောင်း သူတို့ကို ပြောပြီးတော့ ပြန်လာခဲ့တယ်။ သူတို့က လမ်းခင်းနေတဲ့အချိန်မှာ သူတို့စာရွက်တွေနဲ့ ပါတီဝင်ထားတဲ့ ရွေးကောက်ပွဲမှာ အရွေးခံမယ့်သူတွေရဲ့ ပုံတွေနဲ့ပေါ့နော်။ ပုံတွေနဲ့ လမ်းထဲကို ဝင်လာတယ်။ ဝင်လာပြီး တအိမ်ဆင်းတအိမ်တက် ပေးတယ်။ ပေးပြီးတော့ သူက ဒီလမ်းကို ခင်းတဲ့လူကြီး ဒီအထဲမှာ ပါပါတယ်။ အဲဒီတော့ ဒီလူကြီးကို ကျမတို့ကို မဲပေးကြပါလို့ ပြောပြီးတော့ စည်းရုံးပြီးတော့ အဲဒီစာရွက်ကလေးတွေ ကမ်းသွားတာပါပဲ။”

သရက်လမ်းမကတော့ ပေပေါင်း ၁,၀၀၀ ကျော်လောက် လမ်းခင်းမှာ ဖြစ်ပေမဲ့ အခုအခါမှာ ပေ ၃၀၀ လောက်သာ ပြီးသေးပြီး ရပ်ကွက်သားတွေ ကတော့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဟာ လမ်းခင်းဖို့အတွက် အိမ်ထောင်စု စာရင်းတွေ ကောက်ပြီး ရွေးကောက်ပွဲမှာ သူတို့ ပါတီဝင်စာရင်း များများရနိုင်ဖို့ ပြည်သူတွေထံကနေ လက်မှတ်ကို မသမာတဲ့နည်းကို သုံးပြီး ထိုးခိုင်းနေတာဖြစ်လို့ မကျေမနပ် ဖြစ်နေသလို အတင်းအကျပ် ငွေကောက်ခံမူတွေအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

XS
SM
MD
LG