သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မသမာတဲ့နည်းတွေနဲ့ စည်းရုံး


ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မသမာတဲ့နည်းတွေနဲ့ စည်းရုံး
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မသမာတဲ့နည်းတွေနဲ့ စည်းရုံး

စစ်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ နယ်တွေမှာ မသမာတဲ့နည်းတွေ သုံးပြီး သူတို့ကို မဲပေးဖို့စည်းရုံး သိမ်းသွင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လူကြီးတချို့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်း ကျေးရွာတချို့က လယ်သမားတွေထံ သောကြာနေ့တုန်းကသွားပြီး ငွေချေးတဲ့အချိန်မှာ သူတို့ လုပ်ပုံကိုင်ပုံတွေကို သဘောမကျလို့ မေးခွန်းထုတ်တဲ့ ရွာသားတဦးကိုလည်း ဝတ္တရား နှောက်ယှက်မှုနဲ့ ရဲက ဖမ်းလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ သူတို့ပါတီကို ထောက်ခံအားပေးလာအောင် စည်းရုံးတဲ့အနေနဲ့ မြန်မာပြည်နေရာ အတော်များများမှာ အလှူလုပ်တာတွေ၊ လမ်းဖောက် တံတားဆောက်ပြီး သူတို့နာမည်ခံတာတွေ၊ ငွေချည်းတာတွေ လုပ်နေတယ်ဆိုတဲ့သတင်းတွေ ထွက်နေတာတော့ ကြာပါပြီ။ ဒါ့အပြင် ကြံ့ခိုင်ရေးပါတီဟာ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေကို သုံးစွဲနေတယ်၊ လူထုထံမှာ နည်းမျိုးစုံနဲ့ ရန်ပုံငွေတွေ လိုက်ကောက်ခံနေတယ်ဆိုတဲ့ သတင်းတွေကလည်း မကြာခဏ ဆိုသလို ထွက်ပေါ်နေတာပါ။

အခုလည်း ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်းက ကျေးရွာတချို့ကိုသွားပြီး လယ်သမားတွေနဲ့ ဒေသခံတွေကို ငွေချေးခဲ့တာမှာ ချေးငွေကို လက်ခံရရှိသူတွေအနေနဲ့ တခြားပါတီကို မထောက်ခံရဘူး၊ သူတို့ပါတီကိုပဲ မဲပေးရမယ်ဆိုပြီး အဓမ္မ စည်းရုံး သိမ်းသွင်း ခဲ့တယ်လို့ ရွာခံတဦးက ပြောပြပါတယ်။

“ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဝါးရုံဇော ရွာမှာ မြို့နယ် ကြံ့ခိုင်ရေးနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက နေပြီးတော့ ငွေချေးတယ်ခင်ဗျ။ အဲဒီလို ချေးတဲ့အခါကျတော့ သူတို့က သူတို့ဆီက ယူတဲ့လူက ဒီ မတ်လ ၂၀၁၁ ကို အပြီးဆပ်ရမယ်။ အကျေ ဆပ်ရမယ်။ အကယ်၍ မဆပ်ခဲ့ရင် တရားဥပဒေအရ အရေးယူမယ်၊ ပြီးတော့လည်း သူ့ပါတီဝင်ပြီးတော့ ပိုက်ဆံချေးတဲ့သူကို ကျန်တဲ့ အခြားပါတီက လာမဲဆွယ်ရင် ထည့်ခွင့်မရှိဘူး။ အကယ်၍ မဲထည့်ခဲ့လို့ရှိရင်လည်း သူက တရားဥပဒေအရ အရေးယူမယ်လို့ အဲဒီလို ပြောသွားတယ်ခင်ဗျ။”

ငွေချေးတဲ့နေရာမှာလည်း ဘက်လိုက်ပြီး ချေးငှားမှုရှိတာတွေကို သူက အခုလို ဆက်ပြောပြပါတယ်။

“သူတို့က အခု ငွေချေးတော့လည်း လယ်ကူလီပေါ့ဗျာ၊ မရှိတဲ့လူတွေကို တစ်သောင်းနှုန်း နဲ့ သူတို့ချေးတယ်။ လယ်သမားတဦးကိုတော့ သူက တစ်သိန်းနှုန်း သူက ချေးတယ်။ ဥက္ကဌ နဲ့ ပတ်သက်ရာပတ်သက်ကြောင်း သူတွေကိုတော့၊ အထူးသဖြင့် ဥက္ကဌဆိုရင် ဈေးနံမည်နဲ့ သူက ၄ သိန်း ထုတ်ယူတယ်။ အဲဒီဟာတွေကို မကျေနပ်နာတွေလည်း ကျနော်တို့ ရွာထဲမှာ တော်တော်များများ ရှိတယ်ဗျ။ အခု ရွာက လူတွေဆိုရင် ခံစားချက် ဖြစ်ပြီးတော့ ဘယ်ကိုတိုင်လို့ ဘာကိုလုပ်ရမှန်းမသိတဲ့လူတွေ ရှိတယ်ခင်ဗျ။ တရွာလုံးကတော့ ဟိုအိမ် ကျွက်စိကျွက်စိ ဒီအိမ်ကျွက်စိကျွက်စိနဲ့တော့ ခံစားနေရတယ်ခင်ဗျ။”

ကြံ့ခိုင်ဖွံ့ဖြိုးရေးရဲ့ အဲဒီ မမျှတတဲ့ စည်းရုံးရေးလုပ်ရပ်တွေကို မကျေနပ်လို့ မေးခွန်းထုတ်တဲ့ ရွာသားတဦးကိုလည်း တာဝန်ဝတ္တရား နှောက်ယှက်မှုနဲ့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ကျန်တဲ့သူတွေကိုလည်း ခြိမ်းချောက်ခဲ့တယ်လို့ သူက ဆက်ပြောပြပါတယ်။

“မကျေနပ်တာကတော့ ရှိတာပေါ့ဗျာ။ မနေ့ကဆိုရင် ဦးစိုးငြိမ်း နဲ့သား ကိုဇော်မင်းစိုး ကို ဖမ်းသွားတယ်ခင်ဗျ။ ရဲစခန်းကို ဖမ်းသွားတယ်။ အဲဒီတော့ ငွေပေးတာတွေကို မညီမျှတဲ့အတွက်မှာ ဒါ အနည်းအများပေါ် မူတည်ပြီးတော့ ပြောတာပေါ့ဗျာ။ ပြောတဲ့အခါကျတော့ ဝတ္တရားနှောက်ယှက်မှုတွေ ဖမ်းသွားတာပေါ့ဗျာ။ အဲဒီတော့ သူတို့က သူတို့ပါတီက ဘယ်လိုပဲ မဲဆွယ်မဲဆွယ် ကျနော်တို့အနေနဲ့က ကျနော်တို့မှာ ဆုံးဖြတ်ပိုင်ခွင့် လုပ်ပိုင်ခွင့်တော့ ရှိတယ်။ ကျနော်တို့ ထည့်ချင်မှ ထည့်မယ်၊ မထည့်ချင်ရင် မထည့်ဘူး။ သူတို့အနေနဲ့က ဒါကို ဖမ်းမယ် ဆီးမယ် ထောင်ချမယ်လို့ ခြိမ်းခြောက်ပြီး မဲဆွယ်တာတော့ မကောင်းဘူးလို့ အဲဒါကို ကျနော်က အထက်လူကြီးတွေကို အသိပေး တိုင်ဖို့အတွက် လမ်းပြကြယ်က ဦးအေးမြင့်ဆီကို ရောက်လာခြင်းပဲ ဖြစ်ပါတယ်ခင်ဗျ။”

ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီအနေနဲ့ ဥပဒေနဲ့ ကိုက်ညီခြင်းမရှိတဲ့ စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ဒီကိစ္စကို အမြန်ဆုံး အရေးယူ ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ လမ်းပြကြယ် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ဦးအေးမြင့်က ပြောပါတယ်။

“ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဖွဲ့စည်းပုံ အခြေခံဥပဒေအရရော ကော်မရှင်ကထုတ်ပြန်ထားတဲ့ ဥပဒေအရရော သူတို့ စည်းရုံးပိုင်ခွင့် မရှိသေးဘူး ခင်ဗျ။ ဒီလို စည်းရုံးပိုင်ခွင့်မရှိဘဲ ဥပဒေကို ဖောက်ဖျက်နေတယ်။ ပြည်သူလူထုကို ခြိမ်းခြောက်ပြီးတော့ လုပ်ဆောင်နေတာကို ကျနော်တို့ တရားဥပဒေအရ ဆိုရင်တော့ ခြိမ်းခြောက်မှုကိုလည်း စွဲနိုင်တယ်။ နောက်တချက်က ကော်မရှင်ဥပဒေကို ဖောက်ဖျက်တဲ့ အမှုနဲ့လည်း ကော်မရှင်ကနေ တရားစွဲဖို့အတွက် လမ်းပြကြယ်က မကျေနပ်တဲ့လူ တိုင်ကြားချက်ကို ကျနော်တို့ စာရေးပေးမယ်။”

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ အရင် စစ်အစိုးရက လူမှုရေးအသင်းအဖြစ် ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးအသင်းကို ပါတီအဖြစ် ပြောင်းလဲ ဖွဲ့စည်း ထားတဲ့ ပါတီဖြစ်ပါတယ်။ ကြံ့ခိုင်ရေးအသင်းကို ဦးဆောင်ခဲ့ကြတဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန် အပါအဝင် စစ်အစိုးရ ဝန်ကြီး တော်တော်များများဟာ စစ်ရာထူးက အနားယူပြီး ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးအသင်း ပိုင်ဆိုင်သမျှ ရန်ပုံငွေတွေဟာလည်း စစ်အစိုးရက ထောက်ပံ့ထားတဲ့ ငွေတွေဖြစ်တယ်လို့ အများက လက်ခံထားတဲ့ အချက်ဖြစ်ပါတယ်။

XS
SM
MD
LG