သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ သမ္မတ ဦးသိန်းစိန်ကို ပြန် ရွေး


နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီညီလာခံကနေ ပါတီဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတွေကို ပြန်လည် ရွေးချယ်ခဲ့တာမှာ ဥက္ကဋ္ဌအဖြစ် သမ္မတဦးသိန်းစိန်ကို ပြန်လည် ရွေး ချယ်ခဲ့ပါတယ်။ ဒုတိယဥက္ကဋ္ဌတာဝန်အတွက်ကိုတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အပါအဝင် ၃ ယောက် ရွေးချယ်ခဲ့ကြပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတ္တက ပါတီ ဥက္ကဋ္ဌ ရာထူးယူတဲ့ ကိစ္စအပေါ်မှာ မေးခွန်းထုတ်စရာဖြစ်နေချိန်မှာ ဥက္ကဋ္ဌတာဝန်တွေကို ဒုဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒုဥက္ကဋ္ဌတယောက်ဖြစ်တဲ့ ဦးဋ္ဌေးဦးက VOA ကိုပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးကနေ မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ဒီကနေ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီညီလာခံမှာ ဗဟိုကော်မတီဝင်တွေ၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်တွေနဲ့ ပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ရာထူးနေရာတွေကို အဆင့်ဆင့် ရွေးချယ်ခဲ့ တာမှာ သမ္မတဦးသိန်းစိန်ကို ဥက္ကဋ္ဌအဖြစ် ပြန်ပြီး ရွေးချယ်ခဲ့တဲ့အကြောင်း ဒုဥက္ကဋ္ဌအဖြစ် အရွေးခံရတဲ့ ဦးဌေးဦးက VOA မြန်မာပိုင်းကို ခုလို ပြောပါတယ်။

“ဥက္ကဋ္ဌကတော့ သမ္မတကြီး ဦးသိန်းစိန်ပဲ။ အဲဒါကိုပဲ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွေက သဘောတူတယ်။ ဒု-ဥက္ကဋ္ဌကတော့ သူရ ဦးရွှေမန်း၊ ကျနော်၊ နောက် သူရဦးအေးမြင့်ရယ်- သုံးယောက်ရှိပါတယ်။”

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရဆိုရင် သမ္မတ၊ ဒုသမ္မတတွေဟာ ရာထူးလက်ခံယူတဲ့နေ့ကစလို့ ရာထူးသက်တမ်းအတွင်းမှာ သူတု့ိဝင်ထားတဲ့ ပါတီအဖွဲ့အစည်းရဲ့ ပါတီလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခြင်း မပြုရ-လို့ ပုဒ်မ ၆၄ မှာ ဖော်ပြထားပါတယ်။ ပါတီတာဝန်တွေကို မထမ်းနိုင်မယ့်အတူတူ ပါတီဥက္ကဋ္ဌတာဝန်ယူတာကရော အဓိပ္ပာယ်ရှိရဲ့လားလို့ မေးတာကိုတော့ ဦးဋ္ဌေးဦးက ခုလို ဖြေပါတယ်။

“သမ္မတက မူလကတည်းက ကျနော်တို့ ဥက္ကဋ္ဌပဲ။ ဒါကြောင့် သူ့ကိုပဲ ကျနော်တို့ ပြန်ရွေးတယ်။ သို့သော်လည်းပဲ တာဝန်ကို သူရဦးရွှေမန်းက ပူးတွဲထမ်းဆောင်လိမ့်မယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျနော်တို့လည်း တော်တော်များများ ဖတ်ထားပါတယ်။ ဒါကြောင့် သူတာဝန်ယူလို့ မရဘူး။ ဒါကြောင့် ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ သူရဦးရွှေမန်းက ပူးတွဲ တာဝန်ထမ်းဆောင်မယ်။ သို့သော်လည်း ကျနော်တို့က သမ္မတကြီးကို ဥက္ကဋ္ဌနေရာက ဖယ်မပစ်ဘူး။”

ပြည်သူ့လွတ်တော်ဥက္ကဋ္ဌလည်းဖြစ်၊ ရှေ့နေတယောက်လည်းဖြစ်တဲ့ ဦးသိန်းညွန့်ကတော့ ဖွဲ့စည်းပုံထဲ မှာ ဥက္ကဋ္ဌရာထူးကနေ မဖယ်ရလို့ အတိအကျ ပြောမထားတဲ့အတွက် ဖွဲ့စည်းပုံကို ချိုးဖောက်တယ် လို့ ပြောလို့ မရနိုင်ဘူးလို့ ဆိုပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာကြည့်ရင် သမ္မတဖြစ်နေတဲ့အချိန်မှာ ပါတီလုပ်ငန်း ဝင်မလုပ်ရ လို့သာ ရေးတာ။ ပါတီကနေ နုတ်ထွက်ရမယ်လို့ မရေးထားဘူး။ အဲဒီတော့ သူဥက္ကဋ္ဌလုပ်မယ်ဆိုရင် သူ ဥက္ကဋ္ဌလုပ်နိုင်တယ်။ သို့သော် ပါတီတွင်း လုပ်ငန်းတွေဖြစ်တဲ့ နေ့စဉ်လုပ်ငန်းတွေ သူဝင်လုပ်လို့ မရဘူး။ ရှင်းရှင်းပြောရရင် ဒီဖွဲ့စည်းပုံက မူလရေးသားစဉ်ကတည်းကိုက အခုလို အဓိပ္ပာယ်နှစ်ခွ ထွက်နိုင်တဲ့ အရေးအသားတွေ ပါလာသလို တစ်ချိန်တည်းမှာ လုပ်သာကိုင်သာအောင် ဆွဲထားတဲ့ သဘောတွေလည်း ရှိတယ်။ သမ္မတဖြစ်နေတဲ့အချိန်မှာ ပါတီလုပ်ငန်းတွေ ဝင်မလုပ်ရ-လို့ ဒါပဲ ရေး ထားတာ။ ပါတီဝင်အဖြစ်က နုတ်ထွက်ရမယ်ဆိုရင်တော့ ရှင်းတာပေါ့။ အဲဒါကြောင့် သူလုပ်နေတာ ကို ကျနော်တို့က အခြေခံဥပဒေနဲ့ ညိစွန်းတယ်လို့ ပြောရင်တော့ လက်ရှိ အခြေခံဥပဒေအရကို မှားနေတယ်။”

အခုလို လက်ရှိအာဏာရ လွှတ်တော်မှာ အမတ်နေရာ အများစုနေရာရထားတဲ့ ပါတီမှာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌအပါအဝင် ပါတီတာဝန်တွေကို ပြန် လည် ရွေးချယ်ဖွဲ့စည်းတာနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ သဘောထားကို ပြောခွင့်ရသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ခုလို ပြောပါတယ်။

“ကြံ့ခိုင်ဖွံ့ဖြိုးရေးမှာ သူ့ခေါင်းဆောင်မှုအပိုင်းအစဉ်အတိုင်း ဖြစ်တာပဲလို့ ဒီလိုပဲ ပြောရမှာပါ။ ဥပမာ ဆိုပါတော့ - ဦးရွှေမန်းဆိုရင် သူက ကြံ့ခိုင်ဖွံ့ဖြိုးရေးထဲမှာရော အရင်တုန်းက တော်တော်လေး ဦးဆောင်မှုနေရာက လုပ်လာခဲ့တယ်ဆိုတော့ ဒါကတော့ သူ့ဦးဆောင်မှု အစဉ်အတိုင်းပဲ ဖြစ် သွားတာလို့ ပြောရမှာပါ။ အတွင်းရေးမှူးတို့ ဘာတို့ဆိုတာလည်း ဒီလိုပါပဲ။ ဒါနဲ့ပတ်သက်လို့တော့ သိပ် ထူးထူးခြားခြား သိပ် အပြောင်းအလဲရှိတယ်လို့ ကျနော် မပြောချင်ပါဘူး။ ဥပဒေနဲ့ မညီဘူး ဆိုရင်တော့ ဒါ ဘယ်လိုများဖြစ်မလဲ၊ ဒါကတော့ အများပြည်သူရဲ့အမြင်မှာ စိတ်ဝင်စား စရာ ဖြစ် လာနိုင်တာပေါ့။”

သမ္မတဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးရွှေမန်းတို့ကြားမှာ အာဏာအားပြိုင်မှုတွေ ရှိနေတဲ့ အတွက် ပါတီဥက္ကဋ္ဌရာထူးနေရာကနေ သမ္မတက ဖယ်မပေးတာဆိုတဲ့ ပြောဆိုမှုတွေ ရှိနေချိန်မှာ ခုလို ပါတီခေါင်းဆောင်ပိုင်းရာထူးတွေကို ပြန်လည်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဒုဥက္ကဋ္ဌဦးဋ္ဌေးဦးကတော့ ဒီပြောဆိုမှုတွေ မဟုတ်ပါဘူးလို့ ငြင်းပါတယ်ရှင်။
XS
SM
MD
LG