သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ပိုင်း ပြန်လည် ရွေးချယ်မည်


ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ၂၀၁၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု ပုံရိပ်တချို့။ (ဧပြီလ ၂၀၁၀)။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ၂၀၁၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု ပုံရိပ်တချို့။ (ဧပြီလ ၂၀၁၀)။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ ပါတီညီလာခံကို ဒီကနေ့ စတင်နေပါပြီ။ ဒီညီလာခံကနေ အသင်းအဖွဲ့ကို အခြေခံ ဖွဲ့စည်းထားတဲ့ အမြုတေ ပါတီ အဖြစ်ကနေ ပြည်သူ့ပါတီ အဖြစ် အသွင်ပြောင်း ဖွဲ့စည်းသွားမှာ ဖြစ်ပြီး ပါတီ ခေါင်းဆောင်ပိုင်းရော ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေကိုပါ ပါတီဝင်တွေရဲ့ သဘောထားနဲ့ ပြန်လည် ရွေးချယ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လွှတ်တော်တွင်းမှာ အမတ်နေရာ အများစု အနိုင်ရထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ အနေနဲ့ လာမယ့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်မှု ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အကြောင်းစုံကို မသိင်္ဂီထိုက်က ဆက်သွယ် စုံစမ်း တင်ပြထားပါတယ်။

လာမယ့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှု တရပ် အဖြစ်နဲ့ စစ်အစိုးရဟောင်းက ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက အရင် အမြုတေပါတီအဖြစ်ကနေ ပြည်သူ့ ပါတီ အဖြစ် အသွင်ပြောင်း ဖွဲ့စည်းဖို့ ပြင်ဆင်နေကြတာပါ။ ဒီအတွက်လည်း အခု ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ညီလာခံ တရပ်ကို ကျင်းပနေပါတယ်။ ညီလာခံ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေရဲ့ မဲပေးရွေးချယ်မှု၊ ပါတီ ခေါင်းဆောင်ပိုင်းက ရွေးချယ်မှုတွေကို ညှိပြီး ပါတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူး အပါအဝင် ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ပြန်ရွေးချယ်ကြမှာပါ။ ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ တွဲဘက် အတွင်းရေးမှူး ဦးသာဝင်းက အခုလို ပြောပါတယ်။

“ကျနော်တို့ ပြီးခဲ့တဲ့ ပါတီတုန်းက အမြုတေပါတီ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ ပါတီအဆင့်ဆင့် တာဝန်ပေးတာ တွေဟာ ဟိုတုန်းက အသင်းကို အခြေခံပြီးတော့မှ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် အပိုင်း တစ်နဲ့ သွားတာပေါ့နော်။ အခု ဒီ ညီလာခံကတော့ တက်ရောက်လာကြတဲ့ ပါတီ ညီလာခံ ကိုယ်စားလှယ်တွေရဲ့ သဘောထားနဲ့ အပေါ်ကနေ သဘောထားအပေါ် မူတည် ပြီးတော့မှ ပေါင်းစပ်ပြီးတော့မှ ဖွဲ့စည်းမှုကို ပြန်လုပ်မှာပေါ့နော်။ စည်းမျဉ်းတွေကို လည်း ပြောင်းမှာဖြစ်လို့ ကျနော်တို့ အခြေခံစည်းမျဉ်းမှာ အခုဆိုရင် စီစီ ကော်မတီ ၂၀၀ နဲ့ အရန် ၅၀ ပေါ့နော်၊ အဲဒီအထဲက နေပြီးတော့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေထဲက နေပြီးတော့မှ စီစီတွေကို ရွေးမှာပေါ့။ ၁၆ ရက်နေ့မှာ ရွေးမယ်။ ၁၇ ရက်နေ့မှာ အတည်ပြုချက်လုပ်မယ်။ ပြီးတဲ့အခါကျတော့မှာ စီအီးစီ ကို ပြန်ပြီး ရွေးချယ်မှာပေါ့။ ပြီးလို့ရှိရင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖွဲ့နဲ့ စီအီးစီ ပေါ့နော်။ အဲဒါလေးတွေ လုပ်ဖိုရှိပါတယ်။”

ပါတီညီလာခံကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌ သမ္မတ ဦးသိန်းစိန် တက်ရောက်သလို ဒုတိယ သမ္မတ စိုင်းမောက်ခမ်း လည်း တက်ရောက်ပါတယ်။ ညီလာခံ အဖွင့် မိန့်ခွန်းကိုတော့ ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ လည်းဖြစ်၊ ပြည်သူ့လွှတ်တော်ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ သူရဦးရွှေမန်းက က ပြောပါတယ်။ ၃ ရက်ကြာ ကျင်းပမယ့် ညီလာခံ ပထမနေ့ကို တနင်္ဂနွေနေ့မှာ စတင်ပြီး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အစီရင်ခံစာကို ဖတ်ကြားတာ ဖြစ်ပြီး နောက်နေ့တွေမှာ ဆက်ပြီး လုပ်ဆောင်သွားမယ် လို့လည်း ဦးသာဝင်းက အခုလို ပြောပါတယ်။

“ပထမအကြိမ် ပါတီညီလာခံ ပထမနေ့ စပါတယ်။ ဒီနေ့ကတော့ အစီအစဉ်ကတော့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ရဲ့ အစီရင်ခံစာ တင်သွင်းပါတယ်။ ပြီးတော့ ကျနော်တို့ ပြည်နယ်နဲ့ တိုင်းအလိုက် ကျနော်တို့ အစီရင်ခံစာတွေ တင်သွင်းတာပေါ့လေ။ အဲဒါတွေ လုပ်ပါတယ်။ ဒီနေ့ကတော့လေ။ မနက်ဖြန်ကတော့ ခေါင်းစဉ် ၅ ခုနဲ့ စာတမ်း ၅ ခုပေါ့လေ။ ကျနော်တို့ မနက်ဖြန် ကျလို့ရှိရင်တော့ ပြည်နယ်နဲ့ တိုင်းတွေကနေ စုဖွဲ့ပြီးတော့မှ ခွဲထားတဲ့ ခေါင်းစဉ် အစုအဖွဲ့တွေကနေ ပြီးတော့မှ စာတမ်း ၅ ခု ဖတ်ကြားမှာဖြစ်ပါတယ်။ အဲဒါ အဓိက ရည်ရွယ်ချက်ကတော့ declaration ပေါ့နော်။ ကျနော်တို့ရဲ့ နောင် ဆက်သွားမယ့် လုပ်ငန်းစဉ်တွေ၊ သဘောထားတွေပေါ့လေ။ အဲဒါလေးတွေ ကျနော်တို့ ပြည်နယ်နဲ့တိုင်း အဖွဲ့မှူးတွေကနေ ပြီးတော့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ သန်ဘက်ခါ ကတော့ ပါတီ ညီလာခံမှာ ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံ၊ ပါတီရဲ့ ညီလာခံ စည်းမျဉ်းကို ပြင်ဆင်ပြီးတော့မှ ဖွဲ့စည်းမှုတွေ ပြန်လည် လုပ်မှာ ဖြစ်ပါတယ်။”

စစ်အစိုးရဟောင်းက ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စု ကြံံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အများစု အနိုင်ရထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မှာတော့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်လို့ ၂၀၁၀ တုန်းကလို လွယ်လွယ်ကူကူ အောင်ပွဲတွေ ရဖို့ဆိုတာတော့ ပြင်ဆင်မှုတွေ အများကြီး လုပ်ဆောင်ဖို့ လိုတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီရဲ့ ဥက္ကဌ ဒေါက်တာ အေးမောင်က ဆိုပါတယ်။ လောလောဆယ်တော့ ပြည်ထောင်စု ကြံံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ အနေနဲ့ လွှတ်တော်တွင်းမှာ အမတ်နေရာ အများစု ရထားပေမဲ့ ပြည်သူ့အကျိုးကို ထိထိရောက်ရောက် ဖော်ဆောင်ပေးနိုင်တာမျိုး လူထုရဲ့ အသိအမှတ်ပြုမှု ရတာ မတွေ့ရသေးဘူး လို့လည်း ဒေါက်တာ အေးမောင်က ဆိုပါတယ်။

“ရေဘုယျ ခြုံပြောရရင်တော့ သိပ် မလွယ်ဘူး။ ဒါပေမဲ့လို့ လာမယ့် ၃ နှစ်ခွဲလောက်မှာ ပြည်သူတွေနဲ့ ထိတွေ့ပြီးတော့မှ ပြည်သူ့လိုအပ်ချက်ကို ဘယ်လောက် ဖော်ဆောင်ပေးမလဲ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ပြုပြင်လိုစိတ် ဘယ်လောက်ရှိလဲ ဆိုတာ၊ ဒီ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အဓိက ပုဂ္ဂိုလ်တွေ ကိုယ်နှိက်ကိုယ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ရဲ့ ပုဒ်မတခုချင်းပေါ်မှာ လူထု လိုလားချက်နဲ့အညီ ပြောင်းလဲပေးနိုင်ရင်တော့ ၂၀၁၅ ရွေးကောက်ပွဲမှာ သူ အဓိက ရင်ဆိုင်ရမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပေါ်မှာ၊ ကျနော် ထင်ပါတယ် အခြေအနေ တခုခုလောက် အတိုင်းအတာအထိ သူ ရနိုင်ချေ ရှိပါတယ်။ ကြီးကြီးမားမား လူထု လိုအပ်ချက်ကို ဆောင်ရွက်ပေး တယ်ဆိုတဲ့ လူထု ယုံကြည်မှု၊ သို့မဟုတ် လူထုရဲ့ မှတ်ချက်ပေါ့နော်။ ကျနော်တို့ မတွေ့ရသေးဘူးခင်ဗျ။ ဒါပေမဲ့ သူတို့ ကြိုးစားနေပါတယ်။
"ဘာလို့လဲဆိုရင် နှစ်ပေါင်း ၂၀ ရဲ့ တာဝန်အကုန်လုံးဟာ လက်ရှိ ပြည်ခိုင်ဖြိုးပါတီ၊ ဟိုတုန်းက ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်းအပေါ်မှာ လူထုက အဓိက အာရုံ စူးစိုက်ခဲ့တာ ရှိတာကိုး။ တဘက်က ပြန်ကြည့်ရင် နှစ်ပေါင်း ၂၀ လောက်၊ ၈၈ နောက်ပိုင်းက ဖြစ်လာတဲ့ အာဏာရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ နှီးနွယ်ခဲ့တဲ့ crony ခေါ်မှာပေါ့နော်။ သူတို့ရဲ့ လုပ်ငန်း တော်တော်များများ ဟာလည်း လက်ရှိ ကျနော်တို့ရဲ့ ကြံ့ခိုင်ရေး ပါတီရဲ့ ပြည်သူ့ကိုယ်စားလှယ် ဆိုတဲ့ ပုဂ္ဂိုလ်တွေ ထဲမှာလည်း ပါနေတာ ရှိတယ်လေ။ အဲဒီတော့ ဘယ်လောက်ထိ ပြီးခဲ့တဲ့ အာဏာရှိစဉ်တုန်းက စီးပွားရေး ပူးပေါင်း ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ လက်ရှိ လူထုရဲ့ လိုအပ်ချက်၊ လိုလားချက်ကို ဘယ်လောက်အထိ ဖြေလျှော့ပေးသလဲ ဆိုတာတွေလည်း တပိုင်းတကဏ္ဍက ပါဝင်ပါလိမ့်မယ်။”

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအနေနဲ့ လာမယ့် ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ဆိုရင်တော့ ပြည်သူလူထုရဲ့ စစ်မှန်တဲ့ ထောက်ခံမှုကို ရရှိဖို့ အလုပ်နဲ့ သက်သေပြဖို့တော့ လိုတယ်လို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။
XS
SM
MD
LG