သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတ်ပုံသတင်းထောက် ၂ ဦး ကြံ့ဖွံ့ပါတီဝင်တွေ ဝိုင်းရန်ပြု


ဓာတ်ပုံသတင်းထောက် ၂ ဦး ကြံ့ဖွံ့ပါတီဝင်တွေ ဝိုင်းရန်ပြု
ဓာတ်ပုံသတင်းထောက် ၂ ဦး ကြံ့ဖွံ့ပါတီဝင်တွေ ဝိုင်းရန်ပြု

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် သူ့ရဲ့ မဲဆွယ်တဲ့ စည်းရုံးရေး ခရီးစဉ်ကို ဓာတ်ပုံရိုက်ယူဖို့ ကြိုးစားတဲ့ ဓာတ်ပုံသတင်းထောက် ၂ ဦးကို ဓာတ်ပုံမရိုက်ရဘူး ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ကရော၊ ပါတီဝင်တွေကပါ ရိုင်းရိုင်းပြပြပြောပြီး မောင်းထုတ်လိုက်တာ ခံရပါတယ်။ အဲဒီ ဓာတ်ပုံသတင်းထောက်တွေဟာ နိုင်ငံခြား သတင်းဌာနတွေအတွက် လုပ်ကိုင်ပေးနေတဲ့ မြန်မာ ဓာတ်ပုံသတင်းထောက်တွေ ဖြစ်ပါတယ်။ ရွေးကောက်ပွဲရက် နီးလာတာနဲ့အမျှ သတင်းသမားတွေဟာ သူတို့ရဲ့ လုပ်ငန်းခွင်တွေအတွင်း ပိုပြီး ကျပ်တည်းတဲ့ ဖိအားပေးမှုတွေလည်း ရှိလာနေတယ်လို့ ပြောပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မနေ့ အောက်တိုဘာ ၃၁ ရက်၊ တနင်္ဂနွေနေ့က တာမွေမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းရဲ့ မဲဆွယ်တဲ့ ခရီးစဉ်ကို ဓာတ်ပုံရိုက်မိတဲ့အတွက် ပြဿနာဖြစ်ကြတဲ့ ၂ ဦးကတော့ AP သတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက်ရယ်၊ ဂျပန် TBS သတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက် ၂ ဦး ဖြစ်ပါတယ်။ တခြား ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်တဲ့ ခရီးစဉ်တွေကို သူတို့ဌာနတွေအတွက် အဲဒီသတင်းထောက်တွေက ဓာတ်ပုံရိုက်ယူခွင့် ရပေမဲ့ ဘာမှ ပြဿနာ မရှိခဲ့ဘဲ အခု တာမွေမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ် အမျိုးသမီးနဲ့မှ အခုလိုမျိုး လူအင်အားနဲ့ ဝိုင်းပြီး မောင်းထုတ်ခံရတာပါလို့ AP သတင်းဌာနရဲ့ တာဝန်ရှိသူက ဒီအခြေအနေတွေကို အတည်ပြု ပြောပါတယ်။

ဓာတ်ပုံသတင်းထောက်တွေက သူတို့ရဲ့ တာဝန်နဲ့ လုပ်ငန်းတွေကို ရှင်းပြပေမဲ့ သူနဲ့အတူပါလာတဲ့ သူတွေကပါ အဖွဲ့လိုက် ဓာတ်ပုံဆရာတွေကို ဝိုင်းမောင်းထုတ်လိုက်တာ ဖြစ်တယ်လို့ ဒီအခြေအနေကို အစအဆုံး မြင်ခဲ့တဲ့ ပြည်တွင်း သတင်းသမားတဦးက ပြောပါတယ်။

“သတင်းသမား ၂ ယောက်ကို တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေကနေ AP သတင်းဌာနက ဦးခင်မောင်ဝင်းနဲ့ ဂျပန်သတင်းဌာနက ဦးသစ္စာလှထွေးတို့ ၂ ယောက်ကို မရိုက်နဲ့ပေါ့၊ လုံး၀ မရိုက်ရဘူးဆိုပြီး ရိုင်းရိုင်းပြပြ ပြောတယ်ခင်ဗျ။ အဲဒါ ဒီဘက်က နိုင်ငံခြား သတင်းထောက် ၂ ယောက်ကလည်း ပြန်ရှင်းပြပါတယ်။ ခင်ဗျားတို့ ပြည်ထောင်စု ကြံ့ခိုင်ရေးက အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး ကိုယ်တိုင်က နေပြည်တော် အစည်းအဝေးမှာ ကြံ့ခိုင်ရေးနဲ့ ပတ်သက်ပြီးတော့ မဲဆွယ်စည်းရုံးမှုတွေ လုပ်တဲ့အခါမှာ တရားဝင်ရိုက်ခွင့် ပြုထားတယ်၊ ခွင့်ပေးထားပါတယ်ဆိုပြီး သူတို့ နိုင်ငံခြား သတင်းဌာနကလူတွေ ဖြစ်တဲ့အကြောင်း ID ကတ်တွေ ထုတ်ပြပြီး သူတို့ ပြောတဲ့အခါမှာလည်း အဲဒါကို ဒေါ်လဲ့လဲ့ဝင်းဆွေက ရိုင်းရိုင်းပြပြနဲ့ ဦးဌေးဦး မပြောနဲ့၊ ဦးဌေးဦး အဖေတောင် မသိဘူးဆိုပြီး ပြန်ပြောတယ်။

“အဲဒီလို ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ အချိန်မှာ သတင်းသမား ၂ ယောက်က တောင်းပန်တယ်။ သူတို့ ကြံ့ဖွံ့အင်္ကျီ ဝတ်ထားတဲ့လူ အယောက် ၈၀၊ ၁၀၀ လောက်ရှိတယ်၊ အဲဒီ သတင်းသမား ၂ ယောက်ကို ရန်ပြုမယ့် ပုံစံမျိုးနဲ့ ဝိုင်းထားတာနဲ့ အဲဒီ သတင်းသမား ၂ ယောက်လည်း ပြန်ထွက်သွားတာ ကျနော်တို့ တွေ့ရတယ်။”

အဲဒီ ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်လောင်းရဲ့ တာမွေမြို့နယ်အတွင်း မဲဆွယ်စည်းရုံးတဲ့ ခရီးစဉ်ကို တာမွေမြို့နယ်ခံတွေက ဒေါသထွက်နေတဲ့ အရိပ်အယောင်တွေ တွေ့ရတယ်လို့ သူက ပြောပါတယ်။

“သူတို့ ကြံ့ဖွံ့ပါတီရဲ့ မဲဆွယ်စည်းရုံးတဲ့ စာရွက်တွေကို လိုက်ဝေတယ်။ ဝေတဲ့အခါမှာ သူတို့ကမ်းတဲ့ စာရွက်တွေကို မယူဘူးဗျာ။ တချို့ဆိုရင် သူတို့ပေးတဲ့ စာရွက်ကို ယူလိုက်တယ်။ ယူလိုက်ပြီးတော့ ဆွဲဖြဲတာတို့၊ ခြေထောက်နဲ့ တက်နင်းတာတို့ အဲလိုမျိုး လုပ်တယ်။ နောက်ပြီးတော့ လူတွေက အများဆုံး မကျေနပ်တာက နဂါးနီသီချင်းဆိုတဲ့ဟာကို သူတို့ပါတီ သီချင်းအဖြစ် ပြောင်းပြီး ဆိုထားတယ်ဗျ။ အဲဒါတွေ လူတွေက ပေါက်ကွဲတယ်။ ကြံ့ဖွံ့ထဲမှာ ဝိုင်းလာတဲ့ လူတွေကလည်း ၂၀၀၇ စက်တင်ဘာ ဘုန်းကြီး အရေးအခင်းတုန်းက ဘုန်းကြီးတွေနဲ့ လူတွေကို ရိုက်တဲ့ စွမ်းအားရှင်တွေလည်း ပါတာကို တွေ့တယ်ဗျ။”

တာမွေမြို့နယ်မှာ ဖြစ်ခဲ့တဲ့ ဓာတ်ပုံသတင်းထောက် ၂ ဦးရဲ့ ပြဿနာကို ပြည်တွင်း သတင်းသမားတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ သတင်းသမားတွေဟာ ဒီလို ပြဿနာမျိုးတွေအပြင် သတင်းတွေကို ဖော်ပြနေရာမှာလည်း သတင်းဂျာနယ် တာဝန်ခံတွေ အတော်လေး အခက်အခဲ ဖြစ်နေကြတာ ရှိပါတယ်။ 7 Days ဂျာနယ်ရဲ့ မဲပေးရေး နမူနာ ဖော်ပြမှုပုံစံ တခုအတွက်လည်း ဂျာနယ်ရဲ့ မှားယွင်းမှု မရှိဘဲ ကော်မရှင်က တာဝန်မခံတဲ့အတွက် နောက်ဆုံး ဂျာနယ်က အစိုးရ သတင်းစာတွေကနေ တောင်းပန်လိုက်ရတဲ့ အနေအထား တခုကိုတော့ ပြည်တွင်း အယ်ဒီတာတဦးက ရှင်းပြထားပါတယ်။

“ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့ထွက်တဲ့ 7 Days ဂျာနယ်မှာ မဲဆန္ဒရှင် လမ်းညွှန်ဆိုပြီး မဲပေးနည်း နမူနာတွေကို ဖော်ပြလိုက်တယ်။ အဲဒီ ဖော်ပြလိုက်တာနဲ့ ပတ်သက်ပြီးတော့ စာပေစိစစ်ရေးကလည်း ခွင့်ပြုပြီးပြီ။ ခွင့်ပြုပြီး ဂျာနယ်ထွက်ပြီး သုံးလေးရက်လောက် ကြာတဲ့အခါကြတော့မှ ဗဟိုကနေပြီး လူကြီးတွေက ဒီဟာ မဲဆန္ဒရှင်တွေအတွက် Confuse ဖြစ်နိုင်တယ်ဆိုပြီး သူတို့က ဒါကို ပြန်စစ်ဆေးပါဆိုပြီး ညွှန်ကြားလိုက်တဲ့အတွက် စစ်ဆေးတယ်လို့ ပြောတယ်။

“အဲတော့ အယ်ဒီတာအဖွဲ့ကလည်း သူတို့က သူတို့ထင်တာကို ထည့်လိုက်တာ မဟုတ်ပါဘူး။ ဒါ သက်ဆိုင်ရာ ရန်ကုန်တိုင်း ကော်မရှင် အတွင်းရေးမှူးနဲ့ တွေ့ဆုံပြီး သူပေးလိုက်တဲ့ နမူနာ မဲလက်မှတ်တွေ အတိုင်း ဖော်ပြတာပါ ဆိုတဲ့အခါကြတော့ အဲဒီမှာ ကော်မရှင်ကလည်း တာဝန်မယူတော့ပါဘူးဆိုပြီး ရှောင်ထွက်သွားပါတယ်။”

ပြည်တွင်း သတင်းအယ်ဒီတာတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲရက်မှာလည်း နိုင်ငံခြား သတင်းဌာနတွေအတွက် ပြည်တွင်းမှာ အခြေစိုက်ပြီး လုပ်နေကြတဲ့ သတင်းထောက်တွေ အားလုံးဟာ အစိုးရက စီမံပေးတဲ့ နေရာတွေမှာပဲ ရွေးကောက်ပွဲ သတင်းတွေကို ရယူရမှာ ဖြစ်တယ်လို့ မနေ့က တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

XS
SM
MD
LG