သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြံ့ဖွံ့ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ နေပြည်တော်မှာ စည်းဝေးပွဲတက်ရောက်


ကြံ့ဖွံ့ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ နေပြည်တော်မှာ စည်းဝေးပွဲတက်ရောက်
ကြံ့ဖွံ့ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ နေပြည်တော်မှာ စည်းဝေးပွဲတက်ရောက်

နိုဝင်ဘာ ၇ ရက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအများစု အနိုင်ရခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက အနိုင်ရ လွှတ်တော်အမတ်တွေ ရွေးကောက်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် စည်းဝေးပွဲ ကျင်းပဖို့ နေပြည်တော်မှာ ရောက်နေကြပါတယ်။ ပါတီအနေနဲ့ နေပြည်တော်မှာ ၃ ရက်ကြာ စည်းဝေးပွဲ ကျင်းပမှာ ဖြစ်ပေမဲ့ ဘယ်အကြောင်းအရာတွေကို ဆွေးနွေးကြမယ် ဆိုတာတော့ မသိရသေးဘူးလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကနေ အမျိုးသားလွှတ်တော် အမတ်အဖြစ် ရွေးကောက်တင်မြှောက် ခံခဲ့ရတဲ့ ဇေကမ္ဘာ ဦးခင်ရွှေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဆောက်လုပ်ရေးု လုပ်ငန်းတွေနဲ့ ချမ်းသာကြွယ်ဝလာတဲ့ ဇေကမ္ဘာ ဦးခင်ရွှေ ခေါ် ဒေါက်တာခင်ရွှေဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မဲဆန္ဒနယ်မြေကို ကိုယ်စားပြုပြီး အမျိုးသားလွှတ်တော်အတွက် အရွေးခံခဲ့ရသူပါ။

မနက်ဖြန်မှာ စတင်မယ့် ၃ ရက်ကြာ စည်းဝေးပွဲကို တက်ဖို့အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အနိုင်ရထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံး နေပြည်တော်ကို အခုရောက်နေကြပေမဲ့ ဘယ်ကိစ္စကို ဆွေးနွေးမယ် ဆိုတာတော့ မသိသေးဘူးလို့ ဦးခင်ရွှေက အခုလို စပြောပါတယ်။

“မနက်ဖြန်ခေါ်ဖို့ လုပ်ထားပါတယ်။”

အဲဒါ လွှတ်တော်ကိုယ်စားလှယ်တွေလား ခင်ဗျ။

“ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ။”

နေပြည်တော်မှာလား။

“ဟုတ်ပါတယ်။”

တခြားပါတီတွေလည်း အစည်းအဝေးတွေ ခေါ်နေကြတယ် ကြားတယ်လေ။ ဆရာတို့ပါတီ အနေနဲ့လည်း အဲဒီလိုမျိုး ပြည်သူ့လွှတ်တော် ကော်မတီတို့ ဘာတို့ ဖွဲ့ဖို့ အစီအစဉ်တွေ ရှိပါသလားခင်ဗျ။

“အဲဒါကတော့ ကျနော်တို့ ပြည်သူ့လွှတ်တော်တို့၊ အမျိုးသားလွှတ်တော်တို့၊ ပြည်ထောင်စုလွှတ်တော်တို့ ခေါ်မှာပဲ။ အဲဒီမှာ တက်ဖို့ပဲ ရှိတာပဲ။ ကျန်တာ မရှိပါဘူး။”

လွှတ်တော်ရေးရာ ကော်မတီတွေ ဘာတွေ လွှတ်တော်အမတ်တွေနဲ့။

“အဲဒါတွေကတော့ အဲဒီကျတော့မှ ပြည်သူ့လွှတ်တော်၊ ပြည်သူ့လွှတ်တော် ဆိုင်ရာ၊ အမျိုးသားလွှတ်တော်၊ အမျိုးသားလွှတ်တော် ဆိုင်ရာ၊ ပြည်ထောင်စုလွှတ်တော် ဆိုလည်း ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ၊ သူတို့ဟာသူတို့ အဲဒီကျမှပဲ ရွေးချယ်ကြမှာပေါ့။”

မနက်ဖြန်ခေါ်မယ့် စည်းဝေးပွဲက ထူးထူးခြားခြားများ ဆွေးနွေးစရာ ရှိပါသလား။

“ဘာမှတော့ မရှိပါဘူး။ ပါတီအနေနဲ့ ခေါ်တာပဲ။”

ဒါ ပထမဆုံးအကြိမ် ခေါ်တာပေါ့၊ ရွေးကောက်ပွဲပြီးမှ။

“ဟုတ်ပါတယ်။”

ဒါဆိုရင် ဝန်ကြီးချုပ် ဘယ်သူဖြစ်မယ်တို့ နိုင်ငံတော်သမ္မတ ဖြစ်ဖို့ကိစ္စတွေ ဘာတွေရော၊ ဆရာတို့ ပါတီက အများစု အနိုင်ရတဲ့ပါတီ ဆိုတော့၊ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ပြောရေးဆိုခွင့် ပိုရှိမှာပေါ့။ အဲဒီအပေါ်မှာရော။

“အဲဒါတော့ ဘာမှ မသိသေးဘူး။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကြမှပဲ ပြောကြ ဆိုကြမှာပေါ့။”

ဆရာရော အခု နေပြည်တော် ရောက်နေပြီလားခင်ဗျ။

“ကျနော် နေပြည်တော် ရောက်နေပါပြီ။”

အကုန် စုံစုံညီညီ တက်ကြမယ်ပေါ့၊ မနက်ဖြန်တော့။

“ဟုတ်ကဲ့။”

ကျနော်တို့ကြားနေတာ ပြည်သူ့လွှတ်တော် မကြာခင် ခေါ်တော့မယ်လို့ ကြားတယ်။ ဆရာတို့ရော ဘယ်လိုကြားပါသလဲ၊ ဘယ်တော့လောက် ခေါ်ဖြစ်မလဲ။

“နောက်လ အလယ်လောက်လို့တော့ ကြားပါတယ်။ ဇန်နဝါရီလလယ်လောက်တော့ ဖြစ်ဖို့များပါတယ်။”

နိုင်ငံရေး လုပ်ငန်းတွေနဲ့၊ တဘက်မှာ စီးပွားရေး လုပ်ငန်းတွေနဲ့ဆိုတော့ အလုပ်တော့ တော်တော်ရှုပ်မှာပဲ၊ အနာဂတ်မှာတော့။

“ဟုတ်ကဲ့၊ များပါတယ်။”

စီးပွားရေး လုပ်ငန်းတွေကိုရော တခြား လွှဲပြောင်းပေးဖို့၊ သားတွေ ဘာတွေကို လွှဲပေးဖို့ မရှိဘူးလား။

“အားလုံးတော့ လုပ်နေကြတာပဲ။ စုပေါင်း လုပ်နေကြတဲ့ သဘောပါ။ မိသားစုအဖြစ်။ သားလုပ်လိုက်၊ သားမက်လုပ်လိုက်၊ သမီးလုပ်လိုက်၊ သူ့ကဏ္ဍနဲ့သူ လက်ရှိ လုပ်နေကြတာပါ။”

လောလောဆယ်တော့ အကြီးအကဲတယောက် အနေနဲ့ ဆက်ပြီး ထဲထဲဝင်ဝင် လုပ်နေတုန်းပဲပေါ့။ နိုင်ငံရေးတဘက် ရှိပေမဲ့လည်း။

“ဟုတ်ကဲ့၊ စီးပွားရေးပဲ အဓိက ဇောက်ချ လုပ်နေပါတယ်။ အခုလက်ရှိကတော့ ရွေးကောက်ပွဲ မတိုင်ခင်တုန်းက ကတိခံထားတဲ့ ကိစ္စတွေ လိုက်လုပ်နေပါတယ်။ ရွာတွေသွားပြီး ရွာတွေရဲ့ လိုအပ်ချက်တွေ လိုက်လုပ်ပေးနေတယ်။”

ဆိုလိုတာက မဲဆန္ဒနယ်မြေအတွက် ပြောထားတဲ့ကိစ္စတွေ။

“နယ်မြေအတွင်းမှာ ကျနော်တို့က ဘာလုပ်ပေးမယ်၊ ဘာလုပ်ဖို့ ဘာလုပ်ဖို့ ၁၀၀% ရတဲ့ ရွာတွေ တော်တော်များများ လိုက်လုပ်ပေးနေတယ်။ လမ်းတွေဘာတွေလည်း အဲဒီဘက်က လမ်းတွေ မကောင်းတော့ လုပ်ဖို့ အစီအစဉ်တွေ လုပ်နေပါတယ်။”

အဲဒီဘက်မှာ အဓိက လမ်းဖောက်တာတွေ အပြင် တခြား ဘာတွေများ လုပ်နေပါသေးလဲ။

“ကျေးရွာချင်းဆက်တဲ့ လမ်းတို့၊ စပါးစိုက်နိုင်အောင်တို့ တော်တော်များများ လုပ်နေပါတယ်။ မကြာခင်မှာလည်း အဲဒီရွာတွေက ကိုယ်စားလှယ်တွေကို လေ့လာခိုင်းပြီးတော့ စပါးထွက်အောင်၊ မွေးမြူရေးတက်အောင်၊ သူတို့ စီးပွားရေးတက်အောင် လုပ်ဖို့ အစီအစဉ် လုပ်နေပါတယ်။”

အဲဒီကိစ္စတွေ အခုလုပ်နေတာ လောလောဆယ် အိတ်စိုက် လုပ်ပေးနေရတာပေါ့။

“အစကတည်းက ကျနော် အိတ်စိုက်နဲ့ လုပ်တာပါပဲ။ ရွေးကောက်ပွဲပြီးရင် ကျနော် ပိုက်ဆံသုံးမယ်ပေါ့ဗျာ။ သူတို့ ဖွံ့ဖြိုးရေးကိစ္စတွေ လိုက်လုပ်ဖို့ ပြောထားတယ်။ အဲဒီကိစ္စကို စလုပ်ပေးနေတာပါ။”

လွှတ်တော်ထဲမှာရော လုပ်ပေးချင်တဲ့ ကော်မတီတွေ ဘာတွေ ဖြစ်လာပြီဆိုရင်၊ လွှတ်တော်ဖြစ်လာပြီဆိုတော့ ကော်မတီတွေ ဘာတွေ ဖွဲ့မယ်၊ လုပ်ငန်းစဉ်အရပေါ့၊ ဆရာ့အနေနဲ့ရော ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ၊ စီးပွားရေး လုပ်ငန်းတွေအတွက် ဝင်ပြီးတော့ ထဲထဲဝင်ဝင်လုပ်ဖို့ အစီအစဉ် ရှိပါသလား၊ စဉ်းစားထားပါသလား။

“အဲဒါကတော့ တာဝန်ပေးခဲ့ရင်တော့ လုပ်ရမှာပေါ့။”

ဝန်ကြီးတွေ ဘာတွေ ခန့်မယ်ဆိုရင်ရော။

“အဲဒါတော့ သိပ်မလုပ်ချင်ပါဘူး။ အဓိက ကျနော် စီးပွားရေးပဲ လုပ်ချင်တယ်။”

အဲလောက်ရာထူးကြီးကြီး၊ တာဝန်ကြီးကြီး မလုပ်ချင်ဘူးပေါ့။

“တာဝန်ကြီးကြီးဆိုတာ ခုနလို ဝန်ကြီးလုပ်ခိုင်းမယ် ဘာညာဆို တဘက်က စီးပွားရေးတွေကလည်း အများကြီး၊ ကျန်တာလေးတွေကတော့ လိုအပ်တဲ့ အကြံဉာဏ်ပေး၊ အဓိကတော့ စီးပွားရေးကိုပဲ ဇောက်ချပြီး သွားချင်တယ်။ နိုင်ငံတော်က စီးပွားရေးအရ၊ အခုက လမ်းပန်းဆက်သွယ်ရေးလည်း တည်ဆောက်ပြီးပြီ၊ ကျန်တာကတော့ နောက် စီးပွားရေးကိုပဲ အဓိက ဇောက်ချပြီး သွားရမှာ။”

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မဲဆန္ဒနယ်မြေကို ကိုယ်စားပြုပြီး အမျိုးသားလွှတ်တော်အတွက် အရွေးခံထားရတဲ့ ဇေကမ္ဘာ ဦးခင်ရွှေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG