သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ


ကြံ့ခိုင်ရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံအစည်းအဝေး
ကြံ့ခိုင်ရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံအစည်းအဝေး

သမ္မတဟောင်း ဦးသိန်းစိန် အပါအဝင် ကြံခိုင်ရးပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင် အတော်များများ ပါတီခေါင်းဆောင်ပိုင်းကနေ အနားယူလိုက်ကြပါတယ်။

ဒီပြင် ပြီးခဲ့တဲ့ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်ဟောင်းတွေလည်း အနားယူလိုက်တဲ့အထဲပါဝင်ပါတယ်။ ခေါင်းဆောင်မှုသွေးသစ်လောင်းဖို့အတွက် ဗဟိုအလုပ်အမှု ဆောင်ကော်မတီတွေနဲ့ ပြည်နယ်နဲ့တိုင်း ဥက္ကဌတွေကိုလည်း အသစ်ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတဟောင်း ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်ကတော့ ပါတီရဲ့ နာယကအနေနဲ့ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းကမေခကပေးပို့ထားပါတယ်။

ဒီကနေ့ကျင်းပတဲ့ ကြံ့ခိုင်ရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံအစည်းအဝေးမှာ အခုလိုရွေးချယ်ခဲ့တာပါ။ သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် ကြံခိုင်ရေးပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်အတော်များများ တာဝန်ကနေ အနားယူလိုက်ကြပါတယ်။ သမ္မတဟောင်း ဦးသိန်းစိန်ကပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌ ရာထူးကနေနှုတ်ထွက်ပြီး အရင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးသန်းဌေးကို ဥက္ကဋ္ဌအဖြစ် နေရာပေးလိုက်ပါတယ်။ ဒီလိုပြန်လည်ရွေးချယ်တာနဲ့ ပတ်သက်ပြီး ပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမောင်သင်းက အခုလိုပြောပြပါတယ်။

“အပြောင်းအရွှေ့မဟုတ်ဘူး လုံးဝကိုပြောင်းလိုက်တာ ဦးသိန်းစိန်က ဥက္ကဋ္ဌ မလုပ်တော့ဘူး ၊ ဦးဌေးဦးတို့လည်း မလုပ်တော့ဘူး။ အဲဒီအစား ဦးသန်းဌေးက ဥက္ကဋ္ဌ ၊ ဒုတိယ ဥက္ကဋ္ဌက ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ အရင်တုန်းက ဦး တင်နိုင်သိန်းလည်းမလုပ်တော့ဘူး။ သူတို့အဖွဲ့တွေက လုံး၀ New generation ပုံစံလုပ်လိုက်ပြီ။ သူတို့အနေအထားက သူတို့က နာယက အဖွဲ့ထဲမှာပါတယ်။ သူတို့က CEC ဗဟိုအလုပ်မှုဆောင်အဖွဲ့ထဲမှာ မရှိတော့ဘူး။ အရင်ပြည်နယ်နဲ့တိုင်းတွေမှာတာဝန်ယူခဲ့ကြတဲ့ ဝန်ကြီးချုပ်တွေပေါ့နော်။ အဲဒါတွေနဲ့ နောက်အနည်းငယ် တချို့အသစ်တွေလည်းပါပါတယ်။ အဲဒါတွေကတော့ ဗဟိုအကြံပေးအဖွဲ့ဆိုတာရှိတယ်။ အဲဒီအကြံပေးအဖွဲ့မှာ တာဝန်ယူထားပါတယ်ခင်ဗျ။

Renew လိုတော့မဟုတ်ဘူး ဒီလိုဗျ Renew ဆိုတာက totally change ။ အခုကမဟုတ်ဘူးလက်တွဲခေါ်သွားတာအရင်အတွေ့အကြုံရှိတဲ့လူတွေနဲ့ နောက်က အသစ်တွေနဲ့လုပ်မှာ ဒီလိုပဲလေ ပါတီက ဒီလိုပဲ လက်ဆင့်ကမ်းပေးရမယ့် တာဝန်ရှိတယ်။ နောက်က မျိုးဆက်သစ် ခေါင်းဆောင်သစ်တွေ ကို မွေးထုတ်ရမယ့်တာဝန်ရှိပါတယ်။ အဲဒီသဘောကို သူတို့ဆက်လုပ်တာပါ။"

ကြံ့ခိုင်ရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံအစည်းအဝေးကို နေပြည်တော်ရှိ ကြံ့ခိုင်ရေး ပါတီရုံးချုပ်၌ သြဂုတ်၂၀ရက်ကနေစတင်ပြုလုပ်နေတာဖြစ်ပါတယ်။ ဒီညီလာခံမှာ ပါတီနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေအပြင် ဖက်ဒရယ် စနစ်နဲ့ ပတ်သက်တဲ့ကိစ္စတွေကို ဆွေးနွေးသွားဖို့ရှိတယ်လို့ ပါတီဝင်တွေက ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီညီလာခံမှ ရွေးချယ်ခန့်အပ်လိုက်မှုအရပါတီ ဥက္ကဋ္ဌအဖြစ် ဦးသန်းဌေး ၊ဒုတိယဥက္ကဋ္ဌ အဖြစ် ဦးမြတ်ဟိန်း ၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ဦးသက်နိုင်ဝင်း ၊ အတွင်းရေးမှူးများအဖြစ် ဦးပိုက်ထွေး ၊ဦးသန်ထွန်း၊ ဦးကျော်ကျော်ဌေး ၊ဦးတင်အောင်ချစ်၊ ဒေါက်တာဒေါ်စန်းစန်းနွယ်၊ စည်းကမ်းထိန်းသိမ်းရေးအနေနဲ့ဦးခင်ရီ နဲ့ လုပ်ငန်းစိစစ်ရေးအဖွဲအနေနဲ့ ဦးစိုးနိုင်တို့ကို ဒီကနေ့ရွေးချယ်ခန့်အပ်လိုက်ပါတယ်။

ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဖြစ်သွားတဲ့ ဦးသန်းဌေးဟာ ဗိုလ်မှူးချုပ်ဟောင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါ တယ်။ ၂၀၀၁ ခုနှစ် ကနေ ၂၀၀၃ ခုနှစ်အထိ တပ်မ ၇၇ တပ်မမှူ း အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ စွမ်းအင်ဝန်ကြီးဌာနရဲ့ ဒုဝန် ကြီးအဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့ပါ တယ်။ ၂၀၁၁ မှာတော့ စွမ်းအင်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၂၀၁၃ မှာ တော့ ရထားပို့ဆောင်ရေးဝန်ကြီးအဖြစ်ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့သူပါ။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ မြန်အောင်က ဝင်ပြိုင်ရင်း အနိုင်ရခဲ့သူပါ။ မကြာသေးခင်ကကျင်းပပြီးစီးခဲ့တဲ့ ၂၀၁၅ ရွေးကောင်ပွဲ မှာတော့ မြန်အောင်မဲဆန္ဒနယ်မှာ ဝင်ပြိုင်ခဲ့ပေမယ့် အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကိုယ်စားလှယ် ဦး ခင်မောင်လတ်ကို ရှုံးနိမ့်ခဲ့တယ်။

ဒုတိယဥက္ကဌအနေနဲ့ရွေးခံရတဲ့ ဦးမြတ်ဟိန်းနဲ့ အထွေထွေ အတွင်းရေးမှူး အနေနဲ့ရွေးခံရတဲ့ ဦးသက်နိုင်ဝင်းတို့ဟာ ၂၀၁၅ရွေးကောက်ပွဲမတိုင်ခင်ကမှ တပ်မတော်ထိပ်ပိုင်းရာထူးတွေကနေအနားယူခဲ့သူတွေဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ အပြောင်းအလဲနဲ့ပတ်သက်လို့ အရင်ပါတီ တွဲဖက် ဥက္ကဌ တာဝန်ယူခဲ့တဲ့ သူရဦးရွှေမန်းကလည်း ဥက္ကဌသစ်ဖြစ်လာတဲ့ ဦးသန်းဌေးကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG