သုံးရလွယ်ကူစေသည့် Link များ

ကြံ့ခိုင်ရေး ဗဟိုညီလာခံ ခေါ်ယူဖို့ တောင်းဆို


ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေး စည်းဝေးပွဲတခုမြင်ကွင်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အရေးပေါ်ညီလာခံ ခေါ်ယူပေးဖို့ဆိုပြီး ပါတီဗဟိုကော်မတီ ၁၃၆ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၆၂ ရာခိုင်နှုန်းကျော် ကနေ တောင်းဆို ထားတဲ့ ပေးစာကို ကြံခိုင်ရေးပါတီ ဥက္ကဌ ဦးသိန်းစိန်ကို လိပ်မူပြီး ဒီကနေ့ ရက်စွဲ နဲ့ ပေးပို့လိုက်တာ တွေ့ရပါတယ်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သို့ ပေးစာ
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သို့ ပေးစာ

သူရဦးရွှေမန်းအပါအ၀င် ပါတီ ခေါင်းဆောင်အချို့ ကို ထုတ်ပယ်လိုက်ပြီးတဲ့နောက်၊ ဦးသိန်းစိန်ဦးဆောင်တဲ့ ကြံခိုင်ရေးပါတီ ဗဟိုနဲ့ သူရဦးရွှေမန်းဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင် အချို့အကြား နောက်ထပ် တင်းမာလာတဲ့ အခြေအနေတခုလို့ ယူဆနိုင်ပါတယ်။ ဒီစာကိုလည်း ထုတ်ပယ်ခံရတယ်ဆိုတဲ့ ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးဇော်မြင့်ဖေ လက်မှတ် နဲ့ တရားဝင် ထုတ်ပြန်တာပါ။

ဦးဇော်မြင့်ဖေ လက်မှတ်ရေးထိုးထားတဲ့ စာ
ဦးဇော်မြင့်ဖေ လက်မှတ်ရေးထိုးထားတဲ့ စာ

ဒီစာနဲ့ပတ်သက်လို့ ဦးဇော်မြင့်ဖေ ကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုရန်နိုင်။ ။ ဒီနေ့ အန်ကယ်လ်လက်မှတ်နဲ့ လာမယ့် မေလမှာ ပါတီ ဗဟိုကော်မတီ အစည်းအဝေး ခေါ်ဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌဆီကို လိပ်မူပြီးတော့ စာရေးထားတာ တွေ့ရပါတယ်။ ပါတီ ဗဟိုကော်မတီအစည်းအဝေးခေါ်ဖို့ တောင်းဆိုရတဲ့ အဓိက အကြောင်းကို ပြောပြပါ။

ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးဇော်မြင့်ဖေ ။ ။ ပါတီတွင်းမှာ ယနေ့ရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ ပါတီကို ရေမျောကမ်းတင် ပါတီဖြစ်သွားနိုင်တဲ့၊ ပါတီစည်းလုံးညီညွတ်မှု ပျက်သွားနိုင်တဲ့ အခြေအနေမျိုးတွေ ရှိလာတယ်။ ပါတီတွင်း ဒီမိုကရေစီဟာ ၂၀၁၅ခုနှစ် သြဂုတ်လ ၁၂ရက်နေ့မှာ ပါတီဌာနချုပ်ကို အဓမ္မ သိမ်းပိုက်ပြီးတော့ ပါတီ CEC များကို အပြောင်းအလဲ လုပ်လိုက်တယ်။ သာမန် ပါတီဝင် တယောက်ကို ဗဟိုကော်မတီဝင် မဟုတ်ပဲနဲ့ CEC အဖြစ် အစားထိုး ထည့်တာတွေပါ ပါလာတယ်။ ဒါတွေဟာ အာဏာနဲ့ ဒီမိုကရေစီ ယှဉ်လိုက်လို့ရှိရင် အာဏာရဲ့ အရိပ်အယောင်တွေနဲ့ ဖိဖိစီးစီး တင်းတင်းကျပ်ကျပ် လုပ်သွားတယ်ဆိုတာ ရှင်းပါတယ်။ အဲ့တာတွေဟာ ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနဲ့ လုံးဝ ဆန့်ကျင်နေတယ်ဆိုတာ အန်ကယ်လ်တို့ သိပါတယ်။ သိသော်လည်းပဲ ရွေးကောက် ပွဲ က နီးနေပြီ။ ပါတီ ရဲ့အလားအလာတွေ ကိုလည်း ထောက်ရဦးမယ် ဆိုပြီး ဒီလိုသည်းခံပြီးတော့ သည်းခံခြင်းမျိုးစုံနဲ့ သည်းခံခဲ့တာပေါ့။

သို့သော်လည်းပဲ အခုလ ဧပြီလ ၂၂ရက်နေ့ကျတော့ ပါတီကနေပြီးတော့ ကျနော်တို့ကို အငြိမ်းစားပေးလိုက်တယ်။ ကျနော်တို့ အငြိမ်းစား တင်ထားတဲ့သူတွေ မဟုတ်။ ဒါကြောင့်မို့လို့ ပါတီအဖွဲ့အစည်း အခြေခံစည်းမျဉ်းနဲ့ ကိုက်ညီအောင် လုပ်ဖို့သင့်တယ်ဆိုပြီးတော့ အဲ့တာတွေကိုလည်း ပထမအကြိမ် လွှတ်တော်သက်တမ်းမကုန်ခင်မှာ ဒီလွှတ်တော်ထဲမှာ ပါတီဗဟိုကော်မတီဝင်တွေက လက်မှတ် ထိုးသွားတယ်။ အရေးပေါ် ပါတီညီလာခံခေါ်ပေးပါ ဒီိကိစ္စမှာ ဆိုပြီးတော့ ၁၃၆ ယောက်က အဲ့ဒီ့တုန်းက ထိုးထားတဲ့ လက်မှတ်ပဲ။ လွန်ခဲ့တဲ့ သုံးလလောက်က ထိုးထားတဲ့ လက်မှတ် အဲ့ဒီ့တုန်းကတည်းက အခုတော့ အကုန်ပျံ့နှံ့နေပြီလေ။

ကိုရန်နိုင် ။ ။ ဆိုတော့ အဲ့ဒီ့တုန်းက ဘာဖြစ်လို့ မခေါ်ဖြစ်ခဲ့တာလဲ။

ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးဇော်မြင့်ဖေ ။ ။ အဲ့ဒီ့တုန်းက ထိုးတုန်းပဲ။ ထိုးလို့က မပြီးသေးဘူး။ အခုလည်းပဲ ကျနော်တို့က ရတဲ့ဟာတွေ ကျနော်တို့မှာ ရှိတယ်။ ဒီဟာ ၁၃၆ ယောက် အပြင် Plus ထပ်တိုးနေတာတွေရှိတယ်။ မူလ ထိုးခဲ့တဲ့ ၁၃၆ ယောက် နဲ့ပဲ ကျနော်တို့က တင်လိုက်တယ်။

ကိုရန်နိုင် ။ ။ ဟုတ်ကဲ့။ အန်ကယ်လ်တို့က အဲ့ဒီ့တုန်းက ဘာဖြစ်လို့ မတင်လိုက်တာလဲ။

ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးဇော်မြင့်ဖေ ။ ။ အဲ့ဒီ့တုန်းက လက်မှတ် ထိုးမှုတွေကို လိုက်ပြီးတော့ ထိုးတဲ့အခါမှာ တချို့သော လူတွေက မစုံသေးတဲ့ အတွက် ကျနော်တို့က မတင်ရတာလေ။ လွှတ်တော် ပြီးသွားတဲ့အခါကျတော့ အကုန်ပျံ့ကုန်ပြီ။ ဗဟိုကော်မတီဝင်တွေလည်း ကိုယ့်နေရာကိုယ် ပြန်သွားကြပြီ။ လိုက်ထိုးရတာတို့ ဘာတို့ ညာတို့ အဲ့လိုတွေလည်း ရှိသေးတယ်။ နောက်တချက် ကလည်းပဲ ပါတီတွင်း စည်းလုံးညီညွတ်ရေး ပျက်ပြီးတော့ ရှိနေတဲ့ လုပ်နေတဲ့သူတွေကိုလည်းပဲ သိက္ခာကျသွားစေမယ် တအားကြီးလည်း ဖြစ်မှာ စိုးတဲ့အခါကျတော့ ကျနော်တို့က စောင့်ဆိုင်းရတာတွေရှိတယ်။ မျက်နှာကြည့်ရတာတွေရှိတယ်။ ဟိုငဲ့ ဒီငဲ့ပေါ့။

ကိုရန်နိုင် ။ ။ ခုနက အန်ကယ်လ်ပြောတဲ့အထဲမှာ ကျနော် နားလည်သလောက် ဆိုရင် ပါတီဗဟိုကော်မတီဝင် ၁၀၀ကျော်ကနေ ဗဟိုကော်မတီအစည်းအဝေးနဲ့ အရေးပေါ် ပါတီညီလာခံခေါ်ဖို့ တောင်းဆိုထားတာပေါ့နော်။ ၁၀၀ ကျော်ရှိတယ်။

ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးဇော်မြင့်ဖေ ။ ။ ၁၃၆ ယောက်။

ကိုရန်နိုင် ။ ။ ဟုတ်ကဲ့။ အဲ့ဒီ့အထဲမှာ ဘယ်သူတွေပါလဲ။

ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးဇော်မြင့်ဖေ ။ ။ ထိပ်ပိုင်း ခေါင်းဆောင်တွေ တော်တော် ပါ ပါတယ်။ ထိပ်ပိုင်းခေါင်းဆောင်တွေ ပါပါတယ်။ အခုပါတီထဲမှာ ရောက်နေတဲ့ CEC တွေလည်း ပါပါတယ်။ ဒါက ပါတီညီလာခံ ခေါ်ကို ခေါ်ရမယ်ဗျ။ ပါတီညီလာခံ အရေးပေါ် ပါတီညီလာခံ မခေါ်ပဲနဲ့ ဒီလို လုပ်လို့မရဘူး။ ပါတီပျက်သွားလိမ့်မယ်။ ခေါ်ဖို့ သဘောတူတယ်။ လက်မှတ်ထိုးပါဆိုတော့ လက်မှတ်ထိုးကြတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရှိပါတယ်။ အဲ့ဒီ့အထဲမှာ နမူနာပြောမယ်ဆိုရင် ပြောပေးမယ်နော်။ ဦးဌေးဦး ပါပါတယ်။

ကိုရန်နိုင် ။ ။ ကျနော်တို့လည်း စာရင်းတွေ တချို့ တွေ့ထားပါတယ်။ ဦးဌေးဦးလည်း တွေ့ပါတယ်။ ဦးနန္ဒကျော်စွာလည်းပါတယ်။

ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးဇော်မြင့်ဖေ ။ ။ ပါတယ် ဦးမြငြိမ်းလည်း ပါပါတယ်။ ဦးမောင်မောင်သိမ်းလည်း ပါပါတယ်။

ကိုရန်နိုင် ။ ။ ဦးသိန်းဇော်လည်း တွေ့ပါတယ်။ ဦးခင်အောင်မြင့်လည်း တွေ့ ပါတယ်။ ဦးမောင်မောင်သိမ်းတို့လည်း ပါပါတယ်။ ဒီမှာ နာမည်တွေ တော်တော် များများ တွေ့ပါတယ်။ ဆိုတော့ အန်ကယ်လ်တို့က ၂၈ရက်နဲ့ ၂၉ ရက်မှာ ပါတီ ဗဟိုကော်မတီ အစည်းအဝေးနဲ့ ပါတီ ညီလာခံကို ခေါ်ဖို့ တောင်း ထားတယ်။ တကယ်လို့ မခေါ်ပေးဘူး ဆိုရင် အန်ကယ်လ်တို့ ဘာလုပ်မလဲ။ ပါတီ ခွဲထောင်မလား။

ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးဇော်မြင့်ဖေ ။ ။ ကျနော်တို့ ပါတီကို စင်ပြိုင်ထောင်ဖို့တို့၊ ပါတီခွဲထောင်ဖို့တို့ ဆိုတာ လောလောဆည် ကျနော်တို့မှာ စဉ်းစားချက် မရှိပါဘူး။ အခုလှုပ်ရှားတာကလည်း ပါတီဝင်တဦးရဲ့ ရပိုင်ခွင့် အရ ဥပဒေ ရပိုင်ခွင့်အရ တင်ပြတောင်းဆိုခြင်း ဖြစ်ပါတယ်။ တင်ပြတောင်းဆိုမှုအပေါ်မှာ သူတို့ ဘယ်လိုများ တုန့်ပြန်မလဲဆိုတာ ကျနော်တို့စောင့်ကြည့်ရပါမယ်။ ကျနော်တို့က လောလောဆည် အခြေအနေမှာ ကျနော်တို့သည် ပြည်ခိုင်ဖြိုး ပါတီဝင်ဟာ ပြည်ခိုင်ဖြိုးပါတီဝင် ပါပဲ။ သူတို့ အနားပေးလည်းပဲ တရားမဝင်တဲ့ အတွက် ပြည်ခိုင်ဖြိုးပါတီဝင်ဟာ ပြည်ခိုင်ဖြိုးပါတီဝင်ပါပဲ။

ကိုရန်နိုင် ။ ။ ကျနော် ဒီနေရာပဲ တခါတည်း ရှင်းအောင် မေးလိုက်ချင်ပါတယ်။ အခုမှ အန်ကယ်လ်တို့က ဒီစာကို ထုတ်တယ်။ ဒီလက်မှတ်တွေကို ထုတ်တယ် ဒါပေမဲ့ ပြီးခဲ့တဲ့ သုံးလ လောက်ကတည်းက တောင်းထားတာဆိုတော့ ဒီလူတွေရဲ့သဘောထားဟာ ဒီအတိုင်းပဲလို့ ပြောလို့ရဦးမလား။

ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးဇော်မြင့်ဖေ ။ ။ ပြောလို့ရချင်မှ ရပါမယ်။ သို့သော်လည်းပဲ ဒါတွေဟာ ပါတီညီလာခံနဲ့ ဗဟိုကော်မတီ အစည်းအဝေး မှာ ခေါ်လိုက်လို့ရှိရင် ဒါတွေဟာ တခါတည်း ရှင်းသွားမှာပါ။ ကျနော်တို့ဟာ ပါတီရဲ့အဆုံးအဖြတ် ပါတီဝင်တွေရဲ့ အဆုံးအဖြတ် ကိုပဲ နာခံရမှာလို့ပဲ ပြောချင်ပါတယ်။

ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးဇော်မြင့်ဖေ ကို ဗွီအိုအေမြန်မာပိုင်းက ကိုရန်နိုင်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

ဒီပေးစာနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းဖို့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီ ဗဟိုဌာနချုပ် တာဝန်ရှိသူအချို့ကို ဗွီအိုအေ ဖုံးနဲ့ခေါ်ယူပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

XS
SM
MD
LG