သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြံ့ခိုင်ဖွံ့ဖြိုးရေးလုပ်ရပ် တစည ဝေဖန်


ကြံ့ခိုင်ဖွံ့ဖြိုးရေးလုပ်ရပ် တစည ဝေဖန်
ကြံ့ခိုင်ဖွံ့ဖြိုးရေးလုပ်ရပ် တစည ဝေဖန်

မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ နိုင်ငံတော်ရဲ့ ရန်ပုံငွေတွေ အသုံးပြုပြီး ပါတီအကျိုး လုပ်ဆောင်နေတာ သဘောမကျတဲ့အကြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) က ပြောသွားပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ ကာလမှာ အင်အားကောင်းတဲ့ ပါတီအဖြစ် ရပ်တည်လာခဲ့တဲ့ တစညပါတီဟာ အခုရွေးကောက်ပွဲတွေမှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို သူတို့ အထူးသတိထားရမယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရပြီး အခုနှစ်ထဲမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ တခါ ပြန်ပြီး ဝင်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ပါတီတခု ဖြစ်ပါတယ်။ အခုတလောမှ ပေါ်ပေါက်ခွင့် ရလာကြတဲ့ တခြား နိုင်ငံရေးပါတီတွေထက် စာရင် တစညဟာ ပါတီဖြတ်သန်းမှု အနှစ် ၂၀ အတွင်း လူအင်အား၊ ငွေအင်အား ပိုပြီးတောင့်တင်းတဲ့ ပါတီကြီးတခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ လုပ်ဆောင်ချက်တွေကိုတော့ သဘောမတွေ့နိုင်တာတွေ တစညဘက်မှာ ရှိနေပါတယ်။

“ကျနော်တို့ အဓိကယှဉ်ပြိုင်ရမယ့် ပါတီက ကြံ့ခိုင်ရေးပါတီလည်း ဖြစ်လာနိုင်တဲ့ အထိတော့ သဘောပေါက်ပါတယ်။ သို့သော် ကျနော် တဦးချင်းအနေနဲ့ ပြောမယ်ဆိုရင်တော့ ကြံ့ခိုင်ရေးအတွက် ယနေ့ အာဏာလက်ရှိ ကိုင်နေတဲ့ ဝန်ကြီးဆိုတဲ့ ပုဂ္ဂိုလ်တွေ၊ ဝန်ကြီးချုပ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ ထွက်ပြီး စည်းရုံးနေတာ၊ တိုင်းပြည်ပိုက်ဆံနဲ့ ပါတီအတွက် စည်းရုံးခွင့် ရှိတယ်လို့တော့ ကျနော်တို့ မထင်ပါဘူး၊ ဒါ ရိုးရိုးသားသားပဲ ပြောတာပါ။

“ကျနော်သာဆိုရင်၊ ကျနော် နိုင်ငံခြားရေးဝန်ကြီးသာ လုပ်နေရင် ဝန်ကြီးက ထွက်ပြီးတော့မှ အရွေးခံဖို့ စိတ်ကူးမှာပဲ။ လက်ရှိ တာဝန်တွေယူပြီးတော့ နိုင်ငံရဲ့ အခွင့်အရေးတွေ၊ နိုင်ငံရဲ့ သွားလာ လှုပ်ရှားခွင့်တွေ၊ နိုင်ငံရဲ့ ယန္တရားတွေ၊ နိုင်ငံ့ ဟယ်လီကော်ပတာ၊ နိုင်ငံလေယာဉ်ပျံ၊ နိုင်ငံ့ခရီးစရိတ်တွေ ယူပြီးတော့ လုပ်နေရင်တော့၊ ကိုယ့်အတွက် ကိုယ်စည်းရုံးတာ နိုင်ငံတော် စရိတ်နဲ့ စည်းရုံးတယ်လို့တော့ မဖြစ်သင့်ဘူးပေါ့ဗျာ၊ ဒါ ကျနော့်ရဲ့ အမြင်ပါ။”

အရင်တုန်းကလည်း ၁၉၉၀ ရွေးကောက်ပွဲမှာတုန်းက တစညပါတီကို အခုလိုပဲ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ နိုင်ငံတော် အသုံးစရိတ်တွေနဲ့ ပါတီကိစ္စလုပ်တယ် ဆိုပြီးတော့။ အခု ကြံ့ခိုင်ဖွံ့ဖြိုးရေး လုပ်နေတာတွေနဲ့ ဘယ်လိုကွာပါလဲခင်ဗျ။

“ကျနော်တို့က ဖြစ်ပုံက၊ ဒါ ခင်ဗျားတို့ နည်းနည်း စုံစမ်းကြည့်ရင်လည်း သိမှာပေါ့လေ၊ အစိုးရဆီကနေ ကျနော်တို့ လက်ခံထားတဲ့ ယာဉ်တွေရော၊ ရထားတွေရော၊ ငွေတွေရော နည်းတာမဟုတ်ဘူး၊ ရှိတယ်။ အဲဒီ ရှိတာမှန်သမျှကို ဘဏ္ဍာရေးဌာနကို တင်ပြပြီးတော့၊ ရှေ့နေချုပ် အဖွဲ့တွေ ဘာတွေ တင်ပြပြီးတော့ အစိုးရဆီကရတဲ့ ရန်ပုံငွေ မှန်သမျှကို အကုန်ပြန်အပ်တယ်။ ပြန်အပ်ပြီးတော့ ပါတီဝင်တွေဆီက ကောက်ခံတဲ့ ငွေတွေနဲ့ပဲ ယနေ့အထိ ရပ်တည်လာတာ။ အဲဒါက ကွာခြားချက်ပါပဲ။”

တစညပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ အလုပ်အမှုဆောင် ကော်မတီဝင် ဦးချစ်လှိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ပြီးတော့ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြမယ့် ပါတီအချင်းချင်း မျှမျှတတဖြစ်တဲ့ ပြိုင်ဆိုင်မှုကိုပဲ လိုချင်တယ်လို့ ဦးချစ်လှိုင်က ဆိုပါတယ်။

“ပလိန်း လယ်ဗယ်မှာ ယှဉ်ပြိုင်ကြစေချင်တယ်ပေါ့ဗျာ၊ ဒါ ရှင်းရှင်းပြောရင်။ အပြေးပြိုင်တယ်ဆိုတာက တယောက်က တောင်ပေါ်ကို ပြေးရတယ်၊ တယောက်က မြေပြန့်ပြေးရလို့ ဘယ်ရမတုန်း။ မြေပြန့်ချင်းအတူတူ ပြေးနိုင်မှ အပြေးပြိုင်တာ ဖြစ်မှာကိုး။ ကျနော်ကတော့ မြေပြန့်ဖြစ်စေချင်တဲ့ သဘောလေး ရှိတာပါပဲ။”

၁၉၉၀ ရွေးကောက်ပွဲမှာတုန်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက အနိုင်ရခဲ့ပြီး တစညက ရှုံးနိမ့်ခဲ့ရပေမဲ့ အခုရွေးကောက်ပွဲမှာ အရင်ပြိုင်ဘက်ဟောင်း ပါတီကြီး NLD မပါတော့တာကို ဦးချစ်လှိုင်က စိတ်မကောင်းဘူးလို့ ဆိုပါတယ်။

“NLD ပါတီ မဝင်ခြင်းကို စိတ်မကောင်း ဖြစ်တာပါ၊ မှန်တာပြောရင်တော့။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီ ယုံကြည်တဲ့လူတွေဟာ ရွေးကောက်ပွဲကို ဝင်သင့်တယ်လို့ ကျနော် ထင်တာ။ ဒါကတော့ ကျနော်တို့က ရိုးသားစွာ ထင်မြင်ခြင်းပါ။ ယှဉ်ပြိုင်ဘက် မရှိဘဲနဲ့လည်း မနိုင်ချင်ပါဘူး။ နိုင်ချင်တာ၊ မနိုင်ချင်တာထက်ကို ဒီမိုကရေစီ process က ဒါပဲဆိုတာ၊ ဒီမိုကရေစီကို ယုံကြည်ရင် ရွေးကောက်ပွဲကို ယုံကြည်ရမှာပဲ။ ရွေးကောက်ပွဲ မယုံကြည်ရင် ဒါဟာ ဥပဒေ စည်းမျဉ်းပိုင်းအရ မလုပ်ဘဲနဲ့ ဥပဒေစည်းမျဉ်း အပြင်ဘက်က လုပ်မယ်ဆိုတဲ့ သဘောလေး နည်းနည်းပါနေတယ်ဗျ၊ ဒါ မှန်တာပြောရင်။ အဲဒီလိုကြည့်မယ်ဆိုရင် ဒါ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ ဒါကြောင့် ကျနော်တို့က ဝင်စေချင်တယ်။”

တစညပါတီအတွက် အခုတခေါက် ရွေးကောက်ပွဲမှာ NLD ပါတီ မရှိတော့ဘူး ဆိုပေမဲ့လည်း သူသတိထားရမယ့် ပါတီကတော့ အင်အားကောင်းလှတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီပါပဲ။ ဒါပေမဲ့ ရေရှည် တည်ဆောက်ထားတဲ့ တစညရဲ့ အင်အားကိုလည်း ဦးချစ်လှိုင်က လျှော့မတွက်စေချင်ပါဘူး။ သူတို့စိုးရိမ်နေတာ တခုကတော့ ရွေးကောက်ပွဲမှာ မဲလိမ်မှု ရှိမရှိဆိုတဲ့ ကိစ္စပါ။

“ကျနော်တို့ကတော့ ကိုယ့်ကိုယ်ကို အားကိုးတာပဲ။ အနှစ် ၂၀ ကျော် စည်းရုံးလာတဲ့ ဟာတွေက အလဟဿတော့ ဖြစ်မသွားဘူးလို့ ထင်တာပဲ။ ဗမာလူမျိုးတွေ မဲပေးတတ်တယ်ဗျ။ သန့်ရှင်း၊ တည်မြဲ မဲတွေကို ခင်ဗျားပြန်ပြီး သတိရရင်၊ တွက်ကြည့်ရင် ရပါတယ်။ ကျနော်တို့က တခုပဲ လိုချင်တယ်။ တိတိကျကျ၊ မှန်မှန်ကန်ကန်က ဘာတုန်း၊ လျှို့ဝှက်မဲ၊ ဆန္ဒမဲသာ မှန်ကန်တိကျပါစေ၊ ပြည်သူလိုလားတဲ့လူတွေ တက်လာမှာပဲ။ Voting Procedure သာ တိကျ မှန်ကန်ပစေ၊ ကျနော်တို့ ဘယ်သူ့မှ မကြောက်ဘူး။”

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးချစ်လှိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

တခြား နိုင်ငံရေးပါတီ တချို့ကတော့ တစညကို ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ အရိပ် မကင်းခဲ့တာကြောင့် ပြည်သူအများစုက အခုချိန်ထိ အမြင် မကြည်လင်နိုင်သေးဘူး၊ သူတို့ထင်သလောက်လည်း ထောက်ခံမှုတွေ ရလာနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်နေကြပါတယ်။

XS
SM
MD
LG