သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌရာထူး တရားဝင် လွှဲပြောင်း


ပြည်ခိုင်ဖြိုးပါတီရဲ့ ဒုတိယဥက္ကဋ္ဌရာထူးကို ဒီကနေ့ တရားဝင်လွဲှပြောင်းခန်အပ်ခံရသူ ဦးဌေးဦး။
ပြည်ခိုင်ဖြိုးပါတီရဲ့ ဒုတိယဥက္ကဋ္ဌရာထူးကို ဒီကနေ့ တရားဝင်လွဲှပြောင်းခန်အပ်ခံရသူ ဦးဌေးဦး။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မီတီနဲ့ ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲ အခမ်းအနားကို ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့တာမှာ ဦးရွှေမန်းထံက ပြန်လည် ရုပ်သိမ်းလိုက်တဲ့ ပါတီ ဒုတိယဥက္ကဋ္ဌရာထူးကို ဦးဌေးဦးကို တရားဝင် ရာထူး လွဲပြောင်းပေးတဲ့အခမ်အနားကိုလည်း တပြိုင်တည်းကျင်းပခဲ့ပါတယ်။ ပါတီဒုတိယဥက္ကဋ္ဌကို ပါတီ ပူးတွဲ ဥက္ကဋ္ဌရာထူး ဘာကြောင့် ခန့်အပ်တယ်ဆိုတာကိုလည်း သမ္မတဦးသိန်းစိန်က အခမ်းအနားအတွင်းမှာ ကိုယ်စားလှယ်တွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို ပါတီအကြီးအကဲ ရာထူးက ဖြုတ်ချလိုက်ပြီးတဲ့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ခေါင်းဆောင်ပိုင်းတွေ နေပြည်တော်မှာရှိတဲ့ ပါတီဌာနချုပ်မှာ ပထမဆုံးအကြိမ် မျက်နှာစုံညီတွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။

ပါတီ အစည်းအဝေးသဘော ပြုလုပ်တဲ့ ဒီတွေ့ဆုံပွဲဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပါတီဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံထားရတဲ့ ဦးဌေးဦးကို ပူးတွဲဥက္ကဋ္ဌအဖြစ် ပါတီဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်က တရားဝင် ရာထူးလွှဲပြောင်းပေးတဲ့ အခမ်းအနားလည်း ဖြစ်ပါတယ်။ ဒီကနေ့ ကျင်းပတဲ့ အခမ်းအနားအပြီး ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ပါတီ ဗဟိုအတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးပိုက်ထွေးက သတင်းထောက်တွေကို အခုလို ရှင်းပြပါတယ်။

“အခမ်းအနား မစတင်ခင်မှာ ပါတီ ဥက္ကဌ ဦးသိန်းစိန်ဟာ ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေကို နှုတ်ဆက်ရန် လာရောက်ပြီးတော့မှ ကျနော်တို့ ပါတီ ပူးတွဲ ဥက္ကဌ တာဝန် လွှဲပြောင်းပေးအပ်မှုနဲ့ ပတ်သက်ပြီးတော့မှ ရှင်းလင်းပြောကြားပြီး ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်တွေကို နှုတ်ဆက်ပြီးတော့မှ ပြန်ထွက်သွားပါတယ်။”

သမ္မတ ဦးသိန်းစိန်ကတော့ အဲဒီ ရာထူး လွှဲပြောင်း ပေးအပ်တဲ့အခမ်းအနားပြီး ပြန်သွားတယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ ပါတီ ကိုယ်စားလှယ်တွေနဲ့ ဗဟိုကော်မီတီအသစ် တွေ့ဆုံပွဲအပါအဝင် ပါတီ ဗဟိုကော်မီတီ ပြင်ဆင်ဖွဲ့စည်းခြင်းနဲ့ ဆက်လက် ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဦးရွှေမန်းကို ရာထူးက ဖြုတ်ချလိုက်တဲ့အကြောင်းရင်းတွေထဲမှာ ငွေရေးကြေးဆိုင်ရာကိစ္စကြောင့်ဟုတ်မဟုတ် ဆိုတာကိုတော့ အတည်ပြုချက်ပေးဖို့ ဦးပိုက်ထွေးက ငြင်းဆိုခဲ့ပါတယ်။

“ဒါတွေကတော့ ကျနော်တို့ အခုမှ စတင်ပြီးတော့ တာဝန်ထမ်းဆောင်တဲ့ အနေအထားနဲ့ ကျနော်တို့ ဒီ အသေးစိတ်တွေ မသိရသေးပေမယ့် ဒီဟာတော့ ကျနော်တို့ ပြောဆိုဖို့ ခက်ခဲပါတယ်။”

ဦးရွှေမန်းကို ပါတီအကြီးအကဲ တဦးရာထူးကနေ ရုတ်တရက် ဖြုတ်ချလိုက်တဲ့နေရာမှာ ရဲတပ်ဖွဲ့နဲ့ စစ်တပ်စတဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အင်အားသုံးပြီး ဖြုတ်ချခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့တာကြောင့် ဒါဟာ ဒီမိုကရေစီကို ကျင့်သုံးနေပါတယ်ဆိုတဲ့ အာဏာရပါတီရဲ့ လုပ်ဆောင်ချက်ဟာ ဒီမိုကရေစီ မဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန် ပြောဆိုမှုတွေ ထွက်ပေါ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့လည်း တခြား ပါတီ ဗဟိုအတွင်းရေးမှူးတဦးဖြစ်သူ ဒေါက်တာ မောင်မောင်ဌေးက အခုလို ပြောပါတယ်။

“ပါတီတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးပေါ့။ ကျနော်တို့က နဂိုရ်တုန်းက ဝေဖန်တာတွေ ရှိတယ်။ ပါတီတွင်းမှာ ဒီမိုကရေစီ အခွင့်အရေးတွေ မရှိဘူးဆိုတဲ့ စကားလေးတွေ ဝေဖန်ပြောဆိုတာတွေ ရှိတယ်။ အဲဒီတော့ ကျနော်တို့က ပါတီတွင်း ဒီမိုကရေစီ ပိုမို ရှင်သန်ရေးနဲ့ ပါတီတွင်း စည်းလုံးညီညွတ်ရေးအတွက် အခု ပြုပြင်ပြောင်းလဲမှုကို ကျနော်တို့ ဆောင်ရွက်တာ ဖြစ်တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ရဲ့ ထုတ်ပြန်ကြေညာချက် ၁/၂၀၁၅ မှာ ရှင်းလင်းထားပြီး ဖြစ်ပါတယ်။”

သြဂုတ်လ ၁၈ ရက်နေ့မှာ လွှတ်တော်စည်းဝေးပွဲတွေ ပြန်မစခင် တရက်အလိုမှာ ပြည်ခိုင်ဖြိုးပါတီက ဗဟိုကော်မီတီဝင် အသစ်တွေနဲ့ လွှတ်တော်အမတ်တွေ တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။

ပြန်လည်ကျင်းပမယ့် လွှတ်တော်အတွင်းစည်းဝေးပွဲအတွင်း လွှတ်တော်ကိုယ်စားလှယ် ပြန်ရုပ်သိမ်းရေးကိစ္စကိုလည်း ဆွေးနွေးဖို့ ရှိနေတဲ့အတွက် ဒီအပေါ် အများက စိတ်ဝင်တစား စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိတော့ ဦးရွှေမန်းဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော် သဘာပတိ တာဝန်တွေကို ဆက်လက် ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်ခင်ဗျား။

XS
SM
MD
LG