သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်စစ်သင်္ဘော တောင်တရုတ်ပင်လယ် လာရင် တရုတ်ကျေနပ်ဖွယ်မရှိ


လေယာဉ်တင်သင်္ဘော USS Carl Vinson
လေယာဉ်တင်သင်္ဘော USS Carl Vinson

ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ကို ဒီလနှောင်းပိုင်းမှာ အမေရိကန် လေယာဉ်တင်သင်္ဘော အုပ်စုတခု သွားရောက်ဖို့ရှိပါတယ်။ ဒီအပေါ် တရုတ်နိုင်ငံက ဒေါသတကြီး တုန့်ပြန် ကန့်ကွက်ပြီးတော့ ပင်လယ်ပြင်တွင်းက ကျွန်းငယ်လေးတွေမှာ စစ်ဘက်ဆိုင်ရာ တည်ဆောက်မှုတွေ အလျင်အမြန် လုပ်ဆောင်လိမ့်မယ်လို့ လေ့လာသူတွေက ခန့်မှန်း ထားပါတယ်။ တိုင်ပေကနေ Ralph Jennings ပေးပို့ထားတဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

လေယာဉ်တင်သင်္ဘော USS Carl Vinson နဲ့ ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော USS Michael Murphy စစ်သင်္ဘောအုပ်စုမှာ ပါတဲ့ ရေတပ်ဖွဲ့ဝင် ၅,၅၀၀ ဟာ လူသားစာနာမှုအကူအညီတွေ ပေးပို့ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်က ဆိပ်ကမ်းမှာ ဖေဖော်ဝါရီလလယ်က ရပ်နားခဲ့ပြီးတဲ့နောက် တောင်တရုတ်ပင်လယ်ကို သွားကြမယ်လို့ အမေရိကန်ရေတပ် ထုတ်ပြန်ချက်တခု မှာပြောထားပါတယ်။

ဒီသင်္ဘောအုပ်စုဟာ ပင်လယ်ပြင်တွင်း လွတ်လပ်စွာသွားလာခွင့်ကို မြှင့်တင်ဖို့၊ ဒေသလုံခြုံရေး တိုးတက်စေဖို့နဲ့ ဒေသတွင်း မဟာ မိတ်တွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

ဒါပေမဲ့လည်း တောင်တရုတ်ပင်လယ် အကျယ်အဝန်း စတုရန်းကီလိုမီတာ ၃ သန်းခွဲ (၃.၅) ရဲ့ ၉၀% လောက်ကို သူတို့ပိုင်တယ် လို့ ပြောထားတဲ့ တရုတ်ကတော့ ဒီပြောဆိုချက်ကို လက်ခံမှာမဟုတ်ပါဘူး။

သူတို့ပိုင်တဲ့နေရာတွေလည်း ရှိတယ်ဆိုပြီး တရုတ်နဲ့အပြိုင် ပြောထားကြတဲ့နိုင်ငံတွေကတော့ စစ်အင်အားအရ တရုတ်ထက် ပိုပြီး အားနည်းတဲ့ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ တိုင်ဝမ်နဲ့ ဗီယက်နမ်တို့ပါ။ နယ်မြေပိုင်တယ်လို့ ပြောတဲ့ထဲမှာ အမေရိကန်မပါပေမဲ့ ရေကြောင်းကုန်သွယ်ရေး ဆက်ပြီးလမ်းပွင့်နေစေဖို့ အဲဒီရေပြင်မှာ ပုံမှန်လို ကင်းလှည့်လေ့ရှိပါတယ်။

အမေရိကန်သင်္ဘောအုပ်စု သွားမှာကို ကြိုဆိုသူတဦးကတော့ ဖိလစ်ပိုင်လွှတ်တော်အမတ် Gary Alejano ပါ။

“တောင်တရုတ်ပင်လယ်ဟာ နိုင်ငံတကာရေပိုင်နက်ဖြစ်ပြီး တရုတ်ရဲ့ ကိုယ်ပိုင်ကန်မဟုတ်ဘူးဆိုတာ ကမ္ဘာကို ပြဖို့ အရေးကြီးတယ်လို့ ကျနော်ယူဆတယ်။ အမေရိကန် တနိုင်ငံထဲကသာ တရုတ်ကို အန်တုနိုင်၊ ဒါမှမဟုတ် တောင်တရုတ် ပင်လယ်မှာ အင်အားချိန်ခွင်လျှာ ညီမျှအောင် လုပ်ပေးနိုင်ပါတယ်။”

အမေရိကန် ရေတပ်သင်္ဘောအုပ်စု သွားမယ့်အပေါ် သွယ်ဝိုက်တဲ့နည်းနဲ့ တရုတ်က အမြတ်ထုတ်လိမ့်မယ်လို့ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့အခြေစိုက် နိုင်ငံတကာရေး မူဝါဒဆိုင်ရာ Lowy အင်စတီကျူက နိုင်ငံတကာလုံခြုံရေးဌာန ဒါရိုက်တာ Euan Graham က ခန့်မှန်းပါတယ်။

“၂၀၁၃ ခုနှစ်ကတည်းက သူတို့ တည်ဆောက် သိမ်းပိုက်ထားတဲ့ နေရာတွေမှာ ကာကွယ်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေ တိုးမြှင့်တည်ဆောက်နိုင်ဖို့ တရုတ်က အကြောင်းရှာနေတာပါ။ သူတို့လိုချင်တာက အမေရိကန်ရဲ့ လုပ်ဆောင်ချက်ကို သူတို့ကို ရန်စတာအဖြစ် ပုံဖော်ပြီးတော့ သူတို့လုပ်ချင်တာတွေ လုပ်လို့ရဖို့အတွက် ရမယ်ရှာပြီး သွယ်ဝိုက် အမြတ်ထုတ်ဖို့ဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။”

ကမ္ဘာမှာ အမေရိကန်နဲ့ရုရှားပြီးရင် တတိယစစ်အင်အားအကြီးဆုံး တရုတ်နိုင်ငံက နယ်မြေချဲ့ထွင်နေတာနဲ့အမျှ အမေရိကန် ပိုပြီး ရှိနေဖို့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ တိုင်ဝမ်တို့က တွန်းအားပေးနေတာပါ။

ဒါပေမဲ့ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ ငြိမ်းချမ်းရေးထိန်းသိမ်းဖို့အတွက် တရုတ်နဲ့ရော အမေရိကန်နဲ့ပါ လုပ်ကိုင် နေရုံသာမက အရေးကြီးတဲ့ ကုန်သွယ်ဖက် နှစ်နိုင်ငံစလုံးနဲ့ စီးပွားဆက်ဆံရေးကိုလည်း ဆက်လုပ်နေတာပါ။ လေယာဉ်တင် သင်္ဘောအုပ်စု လာမယ့်ကိစ္စ ဒီနိုင်ငံတွေက ဘာမှပြောမှာမဟုတ်ပေမဲ့ သဘောကျလိမ့်မယ်လို့ တိုင်ဝမ်၊ Tamkang တက္ကသိုလ်၊ မဟာဗျူဟာလေ့လာရေးဌာနက Alexander Huang လို လေ့လာသူတွေကပြောပါတယ်။

“တရုတ်ကလွဲလို့ တခြားနိုင်ငံတွေကတော့ အမေရိကန်ရှိနေတာကို ကြိုက်ကြမှာပါ။ အမေရိကန်နဲ့ ဗီယက် နမ်ကြားမှာ အငြင်းပွားစရာတခုခုရှိမယ်လို့ ကျနော်မထင်ပါဘူး။ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတချို့ လုပ်နိုင်ခြေကိုပြောထားတဲ့ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte တောင်မှ ယေဘုယျအားဖြင့် အမေရိကန် အခိုင်အမာရှိနေတာကို လက်ခံမှာပါ။”

တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်တွင်း Spratly ကျွန်းစုတွေပေါ်မှာ ၂၀၁၃ ခုနှစ်ကတည်းက တည်ဆောက်မှုသုံးခု လုပ်ထားပြီးပြီလို့ ယူဆကြပါတယ်။ ဒါ့အပြင် တိုင်ဝမ်နဲ့ ဗီယက်နမ်တို့ကပိုင်တယ်လို့ ပြောထားတဲ့ Paracel ကျွန်းစုနဲ့ သန္တာ ကျောက်တန်း ၁၃၀ ကိုလည်း တရုတ်က ထိန်းချုပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG