သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်ကို လက်နက်ထောက်ပံ့ရေး UWSA မူမရှိ


အပစ်ရပ်လက်မှတ်ထိုးဖို့ သဘောတူကြောင်း ပထမဆုံးအကြိမ် ဝတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲကျင်းပပုံ။ (သြဂုတ် ၂၈၊ ၂၀၁၄)
အပစ်ရပ်လက်မှတ်ထိုးဖို့ သဘောတူကြောင်း ပထမဆုံးအကြိမ် ဝတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲကျင်းပပုံ။ (သြဂုတ် ၂၈၊ ၂၀၁၄)

UWSA ဝ တပ်ဖွဲ့က ဦးဖုန်ကြားရှင်ရဲ့ ကိုးကန့်တပ်ဖွဲ့တွေကို လက်နက်ထောက်ပံ့နေတယ်ဆိုတာဟာ မသမာသူတချို့က လုပ်နေတာဖြစ်နိုင်ပေမယ့် ဝတပ်ဖွဲ့ရဲ့မူအနေနဲ့ကတော့ မလုပ်ဘူးလို့ UWSA ပြောခွင့်ရ ဦးအောင်မြင့်က ပြောကြားလိုက်ပါတယ်။ တိုင်းပြည်ကာကွယ်ရေးအတွက်ဆိုရင် တပ်မတော်နဲ့ လက်တွဲတိုက်ပွဲဝင်ဖို့ အဆင်သင့်ရှိပေမဲ့ တိုင်းရင်းသားတွေကို တိုက်ခိုက်တဲ့ကိစ္စမှာတော့ တပ်မတော်ကို ကူညီမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဗွီအိုအေ ရန်ကုန်အခြေစိုက် သတင်းထောက် မမေခ က မေးမြန်းရာမှာ လက်နက်ထုတ်လုပ်မှုတချို့ ရှိသေးတယ်ဆိုတဲ့အကြောင်း ဦးအောင်မြင့်က အခုလို စတင် ဖြေခဲ့ပါတယ်။

ဖြေ။ ။ ဟိုး ဗက..ခေတ်ကတည်းက ဒီလိုရှိနေခဲ့တာလေ။ တပ်တွင်းမှာလည်း ဟောင်းတဲ့၊ နွမ်းတဲ့ပျက်တဲ့လက်နက်တွေ ပြန်ပြင်တာ၊ ပြန်ပြီးတော့ လုပ်တာတွေဘာတွေ ရှိပါတယ်။ ငြိမ်းချမ်းရေးရရှိပြီးတဲ့နောက်၊ နိုင်ငံရေးဆွေးနွေးပြီးတဲ့နောက်မှာဆိုလို့ရှိရင် ဒီလက်နက်တွေ ဘယ်လိုဖြေရှင်းမယ်၊ ဘယ်လိုလုပ်မယ်ဆိုတာ ဒါ ဆွေးနွေးဖို့ လိုလာတယ်လေ။ ဒီဟာ နောက်တဆင့်ပေါ့။

မေး။ ။ ဒါဆိုလို့ရှိရင် ဒီ ဝဒေသထဲကို နိုင်ငံတကာမီဒီယာတွေပဲဖြစ်ဖြစ်၊ ပြည်တွင်းမီဒီယာထဲကပဲဖြစ်ဖြစ် မည်သူ တဦးတယောက်ကမှ ဝဒေသထဲကို သတင်းယူပိုင်ခွင့်၊ အလည်လာရောက်ပိုင်ခွင့်မရှိသေးပါဘူး၊ အခုအချိန်အထိပေါ့။ ဒီတော့ ဒီလို စစ်လက်နက်တွေထုတ်နေတာကြောင့် ဝဒေသထဲကို ဘယ်သူ့ကိုမှ အဝင်မခံတာလားမသိဘူး အန်ကယ်လ်။

ဖြေ။ ။ ဒီလက်နက်ရှိလို့ အဝင်မခံဘူးဆိုတာတော့ ဒါ လုံးဝ မပတ်သက်တဲ့ကိစ္စပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မီဒီယာတွေက ဝကို မေးတဲ့အချိန်ကျတော့ တည့်တည့်မေးတယ်။ တည့်တည့်ဖြေတယ်။ ကျနော်တို့ဖြေတာကို သူတို့ကထုတ်ပြန်တဲ့အခါမှာ ကျနော်တို့ဖြေတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ သူတို့ဟာသူတို့ ကြံစည်ပြီးတော့ သူတို့ဟာသူတို့ရေးသားပြီးတော့ ထုတ်လွှင့်တာတွေက အများကြီးရှိခဲ့ဖူးတယ်၊ ကြုံတွေ့ခဲ့ဖူးတယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့က မီဒီယာကို …..၊ နိုင်ငံခြားက မီဒီယာတွေက နည်းနည်းလေး ပိုဆိုးတာပေါ့ဗျာ။ အစိုးရဘက်ကမီဒီယာ - MRTV တို့ မြဝတီတို့ ဘာတို့ဆိုရင် ဒီမှာ အမြဲလာနေတာပဲ၊ အမြဲတွေ့နေတာပဲ။

မေး။ ။ ဟုတ်ကဲ့ပါ အန်ကယ်လ်။ ဝဒေသက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေနဲ့ ရပ်တည်လာတာ နှစ်ပေါင်း ၂၀ နီးပါး ရှိနေပါပြီ။ အစိုးရနဲ့အဆင်ပြေတဲ့ တိုင်းရင်းသားအဖွဲ့တဖွဲ့လို့လည်း သတ်မှတ်ခြင်းခံရပါတယ်ပေါ့နော်။ ဒါပေမယ့် ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့အခမ်းအနားမှာ သမ္မတကြီးဦးသိန်းစိန်နဲ့အတူ အန်ကယ်လ်တို့ ဘာကြောင့် လက်မှတ်မထိုးလဲဆိုတာ တိတိကျကျလေး ပြောပြပေးလို့ရမလားအန်ကယ်လ်။

ဖြေ။ ။ ဒီကိစ္စက ရှင်းရှင်းလေးပါ။ ကျနော်တို့ကိုဖိတ်တာကတော့ ပြည်ထောင်စုနေ့အခမ်းအနားတက်ဖို့ ဖိတ်ပါတယ်။ ကိုယ်စားလှယ်နှစ်ဦးဆိုပြီးတော့။ အစိုးရကလည်း ပြည်ထောင်စုနေ့တက်ဖို့ပဲ ကျနော်တို့အဖွဲ့ကနေ တာဝန်ပေးစေလွှတ်လိုက်တဲ့အတွက်ကြောင့် ကျနော်တို့နေပြည်တော်ကို ဆင်းပါတယ်။ နေပြည်တော်ဆင်းတော့ (၁၁) ရက်နေ့မှာ ဦးအောင်မင်းတို့အဖွဲ့က တက်ရောက်တဲ့အဖွဲ့ (၁၃) ဖွဲ့ကခေါင်းဆောင်တွေ အကုန်ခေါ်ပြီးတော့ ဒီဟာကို ထပ်ပြီးတော့ချပြပါတယ်။ လက်မှတ်ထိုးနိုင်ဖို့ပေါ့။ ဒီ (၆) ချက်က ကျနော်တို့က နားလည်ပြီးသား၊ ကျနော်တို့က ဆွေးနွေးပြီးသား။ ကျနော်တို့က ဆန့်ကျင်မှု မရှိဘူး၊ သဘောတူတယ်။ ဒါပေမယ့် ဖိတ်ကြားလိုက်တာက လက်မှတ်ထိုးဖို့ ဖိတ်ကြားတာမပါဘူး၊ ဒီတော့ ကျနော်တို့အဖွဲ့အစည်းအနေနဲ့က တယောက်ချင်းဆုံးဖြတ်ပြီး လက်မှတ်သွားထိုးတာကတော့ မဖြစ်နိုင်ဘူး။ ဒီတော့ ကျနော်တို့ ဗဟိုကိုပြန်တင်ပြမယ်၊ ဗဟိုရဲ့သဘောတူညီချက်၊ ညွှန်ကြားချက်ရမှ ကျနော်တို့ထိုးနိုင်မယ်။ အစည်းအဝေးမှာဆွေးနွေးပါတယ်။ ဒီတော့ (၁၂) ရက်နေ့ …အခမ်းအနားမှာ ပြန်ပြီးတော့ ထပ်ချပြတဲ့အခါမှာ သူတို့က (၆) ချက်ကနေ (၅) ချက်ဖြစ်သွားပြန်တယ်။ အဲဒီတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော တဘက်က (၆) ချက်ကို သဘောတူပြီးသား၊ နောက် (၅) ချက်ဖြစ်သွားတယ်။ နောက် ကျနော်တို့ရဲ့ဗဟိုကို ပြန်တင်ပြထားတဲ့ဟာမှာ ဗဟိုက ညွှန်ကြားချက်မရှိသေးဘူး။

မေး။ ။ တပ်မတော်ဘက်က အခုအချိန်မှာပြောထားတဲ့ အန်ကယ်လ်တို့က KIA - ကိုးကန့်နဲ့ အခြားတပ်ဖွဲ့တွေကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့နေတယ်လို့ ပြောထားတဲ့အပေါ်မှာ အန်ကယ်လ့်အနေနဲ့ ဘာများပြောချင်လဲရှင်။

ဖြေ။ ။ တချို့ဟာလေးတွေက သူတို့ မသမာသူတွေက ခိုးထုတ်၊ ခိုးလုပ်တဲ့ဟာလေးတွေတော့ မရှိဘူးလို့ ကျနော်တို့က မရှိဘူးလို့တော့ ဒီလိုတော့ အပြတ်ပြောလို့မရဘူးပေါ့။ ဒါကြောင့်မို့လို့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မူအရကတော့ ကျနော်တို့က အဓိက ဒါမျိုးမဟုတ်ပါဘူး။ ဒီလို မရှိပါဘူး။

မေး။ ။ နောက်တခုက အခုအချိန်မှာကော တပ်မတော်ဘက်ကနေပြီးတော့ တိုက်ပွဲတွေမှာ လက်တွဲပူးပေါင်းပါဝင်ဖို့အတွက် ဖိတ်ခေါ်မယ်ဆိုလို့ရှိရင်ကော အန်ကယ်လ်တို့အနေနဲ့ ဘယ်လိုများ စဉ်းစားဆုံးဖြတ်မလဲဆိုတာ သိပါရစေရှင့်။

ဖြေ။ ။ ကျနော်တို့က ဦးခွန်ဆာတို့ကို တိုက်တဲ့အခါတုန်းက ဝအဖွဲ့အစည်းကနေပြီးတော့ တပ်မတော်ကို ပူးပေါင်းပြီးတော့ ကောင်းကောင်း ပါဝင်တိုက်ခိုက်ခဲ့ဖူးပါတယ်။ နောက်တကြိမ်ကဆိုလို့ရှိရင် (၂၀၀၀) ခုနှစ်၊ ၂၀၀၁ ခုနှစ် ဒီကြားက ယိုးဒယားနယ်စပ်က …ဒေသမှာ ကျနော်တို့လည်း တပ်မတော်နဲ့ပူးပေါင်းပြီးတော့ နယ်မြေကာကွယ်ရေးကို ပါဝင်တိုက်ခိုက်ခဲ့ဖူးပါတယ်။ ကျနော်တို့ ငြိမ်းချမ်းရေးစယူတုန်းက မူတချက်ရှိတယ်။ ဒီမူက ဘာလဲ ဆိုတော့ ကျနော်တို့ နိုင်ငံခြားကနေပြီးတော့ တိုင်းပြည်ကျူးကျော်တယ်ဆိုလို့ရှိရင် ကျနော်တို့ တပ်မတော်နဲ့ပူးပေါင်းပြီးတော့ တိုင်းပြည်ကာကွယ်ဖို့ သံန္နိဌာန်ချထားတယ်၊ ဆုံးဖြတ်ချက်ချထားတယ်။ အကယ်၍ တိုင်းရင်းသားအဖွဲ့အစည်းတွေကို တိုက်ဖို့ အကူအညီပေးပါဆိုလို့ရှိရင် ကျနော်တို့ကတော့ ပါဝင်တိုက်ခိုက်မှာမဟုတ်ဘူးဆိုတာ ကျနော်တို့က ဒီမူရှိပါတယ်။

UWSA ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်ကို ဗွီအိုအေသတင်းထောက် မမေခ မေးမြန်းခဲ့တာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG