သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UWSA နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ တွေ့ဆုံပွဲ ရက်ရွှေ့ဆိုင်း


UWSA ဝပြည်သွေးစည်းညီညွတ်ရေးပါတီ တပ်သားများ
UWSA ဝပြည်သွေးစည်းညီညွတ်ရေးပါတီ တပ်သားများ
၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ဒီကနေ့ တွေ့ဆုံမယ့် အစီအစဉ်ကို ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ နှစ်ဘက်တပ်တွေအကြား တင်းမာနေတဲ့ အခြေအနေတွေကို ဆွေးနွေးကြမှာဖြစ်ပြီး - လောလောဆယ် ဘယ်တော့ ပြန်တွေ့ဆုံမယ်ဆိုတာတော့ အတိအကျ မသိရသေး ဘူးလို့ UWSA ပြောခွင့်ရသူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။ အလားတူပဲ ရှမ်းပြည်မြောက်ပိုင်းတပ်မတော်နဲ့လည်း စနေနေ့မှာ တွေ့ဆုံမယ့်ကိစ္စ အစိုးရဘက်က ရက်ရွှေ့ခဲ့တယ်လို့ ဆိုပါတယ်။ အပြည်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မနန္ဒာချမ်း က ပြောပြပေးပါရှင်။

၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ဟာ ဇူလိုင်လ ၅ ရက် သောကြာနေ့မှာ ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ တွေ့ဆုံကြဖို့ မူလက စီစဉ်ခဲ့တာပါ။ အဓိကကတော့ ရှမ်းပြည်နယ် တောင်ပိုင်းမှာ နှစ်ဘက်တပ်တွေအကြား လတ်တလော တင်းမာမှုတွေ ဖြစ်နေတဲ့ အခြေအနေကို ဆွေးနွေးကြဖို့အတွက် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီကနေ့ တွေ့မယ့် အစီအစဉ်ဟာ မဖြစ်မြောက်ခဲ့ဘူးလို့ UWSA ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့် က ဗွီအိုအေ ကို ပြောပါတယ်။

“မူလက ပြောထားတာက ၅ ရက်နေ့မှာ ကျိုင်းတုံမှာတွေ့ဖို့၊ ဒါပေမဲ့ ကျနော်တို့ အချိန်မမှီလို့ နောက်ကို နည်းနည်း ရွှေ့ဖို့ ပြန်ညှိနှိုင်းဆွေးနွေးတော့ နောက်ကို နည်းနည်း ရွှေ့ထားတယ်။ နောက်အပတ်တွင်းလောက်မှာ ဖြစ်မယ်နဲ့တူတယ်။ အဓိကကတော့ အခု တောင်ပိုင်းမှာ နည်းနည်း တင်းမာနေတဲ့ အခြေအနေလေးတွေကိုလည်း ဆွေးနွေးဖို့ပါ”

ရှမ်းပြည်တောင်ပိုင်း တာချီလိတ်ခရိုင် မိုင်းတုံမြို့နယ်မှာရှိတဲ့ UWSA တောင်ပိုင်း တပ်စခန်းချရာ လွယ်ကောင်မူးစခန်း အပါအဝင် စခန်း ၄ ခုကို ဆုတ်ခွာပေးဖို့ မြန်မာစစ်တပ်ရဲ့ ညွှန်ကြားချက်ကို UWSA ဘက်က လက်မခံတာကြောင့် မြန်မာစစ်တပ်ဘက်က ဝိုင်းထားရာကစလို့ အခြေအနေတွေ တင်းမာလာခဲ့တာပါ။ ဒါ့အပြင် အရင်က UWSA တပ်တွေ သွားလာလှုပ်ရှားတဲ့ လမ်းကြောင်းတွေကိုလည်း မြန်မာစစ်တပ်ဘက်က ဖြတ်သန်းသွားလာခွင့်တွေ ပိတ်ပင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို နှစ်ဘက်တပ်တွေအကြား အခြေအနေတွေ တင်းမာနေပေမဲ့လို့ တိုက်ပွဲဖြစ်ပွားတာတော့ မရှိသေးပါဘူး။ ဒါပေမဲ့လည်း တိုက်ပွဲတွေဖြစ်ခဲ့ရင် အစိုးရက ဖော်ဆောင်နေတဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်တွေကို ဂယက်ရိုက်ခတ်နိုင်တယ်လို့ UWSA ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့် က ဆက်ပြောပါတယ်။

“လက်ခံလား လက်မခံလားဆိုတာက သမိုင်းကြောင်းကို ကြည့်ရမယ်လေ။ ငြိမ်းချမ်းရေးကာလအတွင်းမှာ ကျနော်တို့ ဒီ တောင်ပိုင်းဒေသကို ဖွံ့ဖြိုးရေး၊ တည်ဆောက်ရေး၊ မူးယစ်ဆေးဝါး ကင်းစင်ရေး၊ ဒါတွေကို ဆောင်ရွက်ခဲ့တာ အနှစ်ပေါင်း ၂၀ ကျော် ကြာပြီပဲလေ။ အခုချိန်မှလာပြီးတော့ ဒီမှာ မသွားနဲ့ ဟိုမှာမသွားနဲ့ဆိုတော့ ကသိကအောင့်တော့ နည်းနည်းဖြစ်တာပေါ့။ တင်းမာမှုလေး နည်းနည်းတော့ ဖြစ်တာပေါ့။ ဒါပေမဲ့ ကျနော်တို့ဘက်ကတော့ စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဆန္ဒမရှိပါဘူး။ စစ်ရေးဖြစ်လာမယ် ဆိုရင်လည်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်နေတဲ့ အခြေအနေ၊ နိုင်ငံတော် ဒီမိုကရေစီ လမ်းကြောင်းပေါ် တက်နေတဲ့ လျှောက်နေတဲ့ အခြေအနေတွေကို ဂယက်ရိုက်မှာဖြစ်ပါတယ်။”

၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဟာ ၁၉၈၉ ခုနှစ်မှာ ဗမာပြည် ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီး မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အစိုးရလက်ထက်က ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၆ (စ) အရ “ရှမ်းပြည်နယ်တွင်းက ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နဲ့ ပန်ဆန်းမြို့နယ် - အဲ့ဒီ ၆ မြို့နယ်ကို ခရိုင် ၂ ခုဖွဲ့စည်းပြီး ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း” အဖြစ် သတ်မှတ်ခဲ့ ပါတယ်။ ၀ တပ်ဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအနက် အင်အားအကြီးဆုံး တပ်ဖွဲ့ဖြစ်ပြီး လက်နက်ကိုင် အင်အား ၃ သောင်းလောက်ရှိမယ်လို့ ခန့်မှန်းထားကြတာပါ။

တခါ အလားတူ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSA) နဲ့လည်း မနက်ဖြန် စနေနေ့မှာ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဝန်ကြီး ဦးသိန်းဇော် နဲ့ တွေ့ဆုံဖို့ ရှိပေမဲ့ ဒီအစီအစဉ်ကိုလည်း အစိုးရဘက်က ရွှေ့ဆိုင်းခဲ့ပြီး - ဘယ်တော့ ထပ်တွေ့မယ်ဆိုတာတော့ အတိအကျ မသိရသေးဘူးလို့ SSA မြောက်ပိုင်း ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလ က ဗွီအိုအေ ကို ပြောပါတယ်။

“တွေ့ဖို့တော့ အစီအစဉ်ရှိပါတယ်။ ရက်အတိအကျ မသိထားသေးဘူး။ သူတို့ ဒီလအတွင်း တွေ့မယ်လို့ပဲ ပြောပါတယ်။ ကျနော်တို့ဘက်ကတော့ တပ်ပိုင်းဆိုင်ရာလောက်ပဲ ဆွေးနွေးမှာပဲနော်။ သူတို့ ရက်အတိအကျ မပြောခဲ့သေးတော့ ကျနော်တို့လည်း ကိုယ်စားလှယ်တွေ မရွေးရသေးဘူးပေါ့။”

SSA မြောက်ပိုင်းနဲ့ မြန်မာစစ်တပ်တွေကြားမှာလည်း လတ်တလော စစ်ရေးတင်းမာမှုတွေ ရှိနေတာပါ။ အခုရက်ပိုင်းမှာတော့ နှစ်ဘက်တပ်တွေအကြား တိုက်ပွဲဖြစ်တာမရှိပေမဲ့ ပြီးခဲ့တဲ့တပတ်ကတော့ တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်း ဗိုလ်မှူးစိုင်းလက ပြောဆိုခဲ့ပါတယ်။ SSA မြောက်ပိုင်းအနေနဲ့လည်း ဝန်ကြီး ဦးသိန်းဇော် နဲ့ တွေ့ဆုံတဲ့အခါ ဒီကိစ္စတွေကိုပဲ အလေးပေး ဆွေးနွေးမှာဖြစ်တယ်လို့လည်းဆိုပါတယ်။ ဒါ့အပြင် ဒီလို နှစ်ဘက်အကြား ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ တပ်ပိုင်းဆိုင်ရာ ခိုင်မာမှုမရှိရင် နောက်ထပ်ကိစ္စတွေ ဆက်ဆွေးနွေးဖို့မှာ နှောင့်နှေးစေနိုင်တယ်လို့လည်း ဗိုလ်မှူးစိုင်းလ က ပြောဆိုခဲ့ပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ - UWSA၊ SSA မြောက်ပိုင်းအဖွဲ့တွေနဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ တွေ့ဆုံဖို့ အစီအစဉ် ရက်ရွှေ့ခဲ့ရတာဟာ နှစ်ဘက် အဆင်သင့်ဖြစ်သေးတာကြောင့် ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG