သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀ တောင်ပိုင်းဒေသ UWSA နဲ့ မြန်မာတပ် စစ်ရေးတင်းမာ


ဝပြည်။
ဝပြည်။

တရုတ်မြန်မာ နယ်စပ်ဖက်မှာ တရုတ်ဖက်က စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေချိန် မှာပဲ ဝပြည်တောင်ပိုင်းမှာ မြန်မာစစ်တပ် နဲ့ တိုင်းရင်းသား လက်နှက်ကိုင်တွေလည်း စစ်ရေးအခြေအနေ တင်းမာနေပါတယ်။ ဝပြည်သွေးစည်း ညီညွတ်ရေးတပ် ထိန်းချုပ်ရာ ဝပြည်တောင်ပိုင်းဒေသတွင်း သစ်ခိုးထုတ်လုပ်မှုကို ဝင်ရောက် ဖမ်းဆီးရင်း တပ်စခန်းချထားတဲ့ မြန်မာ စစ်တပ်ကို ဝပြည်သွေးစည်း ညီညွတ်ရေး တပ်က ဝိုင်းထားတာကြောင့် နှစ်ဘက်တို့ကြား စစ်ရေးတင်းမာနေကြပါတယ်။ ဝတပ်ရဲ့ ခွင့်ပြုချက်နဲ့ သစ်ခုတ်သူတွေကို တရားဥပဒေကြောင်းအရ
အရေးယူမှာကို မကန့်ကွက်ပေမယ့် ဒေသတွင်းဝင်ရောက် လာတဲ့ မြန်မာ့ တပ်မတော် ပြန်ဆုတ်ခွာပေးဖို့တော့ လိုတယ်လို့ ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်က ပြောဆိုလိုက်ပါတယ်။ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်နဲ့ မြန်မာ့ တပ်မတော်တို့ကြား စစ်ရေးတင်းမာမှုကို နှစ်ဘက်တိုက့ ဘယ်လို ချဉ်းကပ် အဖြေရှာနေကြလဲ ဆိုတာကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် သစ်တောကြိုးဝိုင်းတွင်း ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်ရဲ့ ခွင့်ပြုချက်နဲ့ သစ်ထုတ်လုပ်သူတွေကို မြန်မာ့ တပ်မတော်က အင်အား (၁၀၀) နီးပါးရှိတဲ့ တပ်ရင်း ခမရ (၅၁၉) က ဝင်ရောက် စီးနင်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သစ်ခိုးထုတ်လုပ်တဲ့ ကားတွေနဲ့ လူပေါင်း (၁၆) ယောက်တို့ကို ဖမ်းဆီးခဲ့ပြီး ၀ ပြည်သွေးစည်းညီညွတ်ရေးတပ် ထိန်းချုပ်ရာ ဝပြည်တောင်ပိုင်း ဒေသ မိုင်းတုံမြို့အနီးက နာကောင်းမူးမှာ မြန်မာ့တပ်မတော် တပ်ရင်းက စခန်းချထားတာမို့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ရဲ့ တပ်ရင်း (၂) ရင်းတို့က ဝိုင်းပြီး ပိတ်ဆို့လိုက်တာ ဖြစ်တယ်လို့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ရဲ့ ပြောခွင့်ရ ဦးအောင်မြင့်က ပြောပါတယ်။

"ဒီကိစ္စမျိုးကို တပ်နဲ့သုံးစရာ မလိုဘဲနဲ့ ဒေသရဲ နဲ့ သစ်တောဌာနက ဖမ်းတာပြု တာ ပြောတာ ဆိုတာ ဆိုလို့ရှိရင် ဒါကတော့ သဘာဝကျတယ်လေ။ ဒါက တပိုင်း။ ခုက မဟုတ်ဘဲနဲ့ တပ်ရင်းတရင်းနဲ့ ဝင်ဖမ်းတယ်ဆိုတော့ ကျနော်တို့ဒေသတွင်းမှာ ဝင်ဖမ်းတယ် ဆိုတော့ ဒါကတော့ မကောင်းဘူးပေါ့ဗျာ။ နောက်တခုက မကြေနပ်တာ က ဘာလဲဆိုတော့ မနေ့ကအထိ သိရတဲ့ သတင်းက သူတို့က ဗမာ (၁၀) ယောက် ကိုတော့ လွှတ်လိုက်ပြီ။ ကျန်တဲ့ (၆) ယောက် ပလောင် ၁ ယောက် ဝ (၁) ယောက် တရုတ် (၄)ယောက် ကိုတော့ ဖမ်းထားပြီးတော့ တရားရုံးတင်ဖို့ တရားစွဲထားပြီ ဆိုပြီးတော့ သိရတဲ့ သတင်းပဲ။ ဒါကြောင့်မို့လို့ ဒီ နှစ်ခုစလုံးက နည်းနည်း ကသိကအောက်ဖြစ်တဲ့ ကိစ္စ ဖြစ်တဲ့ အတွက်ကြောင့် တပ်ရင်း (၂) ရင်း လွှတ်ပြီးတော့ သူတို့ဖမ်းတဲ့နေရာမှာ သူတို့ကို တပ်ရင်းက နေ-ထားတုန်းပဲ။ ဒါကြောင့် သူတို့ကို ဝိုင်းထားလိုက်တာ။"

အင်အား ၁၀၀ နီးပါး ရှိတဲ့ မြန်မာ့တပ်မတော် တပ်ဖွဲ့တွေကို ဝတပ်ဘက်က တပ်ရင်း (၂) ရင်း အင်အား (၂) ဆနီးပါး အသုံးပြု ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် လည်း အခု စစ်ရေး တင်းမာမှု ပြေလည်စေရေးအတွက်ကတော့ ဝပြည်တောင်ပိုင်း တွင်း ဝင်ရောက်လာတဲ့ မြန်မာ့တပ်မတော် ပြန်လည် ဆုတ်ခွာပေးဖို့ အဓိက ဖြစ်တယ်လို့ ဝတပ်ရဲ့ ပြောခွင့်ရ ဦးအောင်မြင့်က ပြောပါတယ်။

"အရေးယူမယ် ဆိုလည်း အရေးမကြီးပါဘူး။ သစ်ခုတ်တဲ့ဟာ။ တရားဥပဒေအရ မျှမျှတတနဲ့ အရေးယူတယ် ဆိုရင် ပြသနာ မရှိပါဘူး။ တဖက်ကတော့ တပ်နဲ့ ဝင်သိမ်းပြီးတော့ ဝင်ဖမ်းပြီးတော့ တပ်က ဟိုနေရာမှာ နေရာယူထားတယ် ဆိုတော့ ပြန်ဆုတ်ပေးဖို့ ဒါကြောင့်မို့ ဝိုင်းထားလိုက်တာဖြစ်တယ်။"

သစ်ခိုးထုတ်သူတွေကို အကြောင်းပြုပြီး ဇွန်လ (၁) ရက်နေ့ကတည်းက စခဲ့တဲ့ နှစ်ဘက် တပ် အကြား တင်းမာမှုက အခုချိန်ထိတော့ ပြေလည်အောင် ညှိနှိုင်းတဲ့ အဆင့်ကို မရောက်သေးပါဘူး။

ဝပြည်သွေးစည်းညီညွတ်ရေး တပ်ဘက်က မြန်မာ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်ထံကို သောကြာနေ့မှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး နှစ်ဘက် စစ်ရေးတင်းမာမှုကို ပြေလည်အောင် ညှိနှိုင်းဖို့ ဖုန်းဆက်ခဲ့ပါတယ်။

ဦးသိန်းဇော် မအားလပ်တာကြောင့် သူ့ရဲ့ ကိုယ်ရေးအရာရှိကနေ တဆင့် ဝတပ်ရဲ့ လိုလားချက်တွေကို ရှင်းပြခဲ့တယ်လို့လည်း ၀ တပ် ပြောခွင့်ရက ပြောပါတယ်။ တချိန်တည်းမှာဘဲ တြိဂံတိုင်း စစ်ဌာနချုပ်က တပ်ဖက်တာဝန်ရှိသူတို့နဲ့လည်း ညှိနှိုင်းနေတဲ့ အကြောင်း ဦးအောင်မြင့်က အခုလို ပြောပါတယ်။

"သူတို့က ဗမာ (၁၀) ယောက်ကို မလွှတ်ပါဘူးတဲ့။ သူတို့ကို (၆)ယောက်နဲ့ သီးခြားခွဲပြီးတော့ ဖမ်းထားပါတယ်တဲ့။ (၆)ယောက်ကိုတော့ တရားစွဲထားတယ်။ စွဲလိုက်ပြီ။ ဗမာ (၆)ယောက်ကိုတော့ သူက အလုပ်သမားသဘောပဲပေါ့ ဒါကြောင့်မို့ တရားစွဲနိုင်မလား။ မစွဲနိုင်ဘူးလား မသိသေးတဲ့အတွက် သူတို့က သီးသန့် သစ်တောဌာနကို ပို့ထားတယ်လို့ပြောတယ်။"

ဝပြည်နယ်ထဲမှာ သစ်ထုတ်လုပ်မှုတွေကို တင်းကျပ်ထားပြီး အခု သစ်ထုတ်လုပ်မှု ကလည်း ဝဒေသတွင်း လိုအပ်ချက် အရ ထုတ်ယူနေတာ ဖြစ်တဲ့ အကြောင်း ဝတပ်ဘက်က ပြောပါတယ်။ မြန်မာ အစိုးရဘက်ကို ဆက်သွယ်ခဲ့ပေမယ့် ဒီကိစ္စနဲ့ပါတ်သက် လို့ တုန့်ပြန်ဖြေကြားခြင်း မရှိသလို မြန်မာ အစိုးရ သတင်းတွေမှာ လည်း ဒီကိစ္စကို ဖော်ပြခြင်း မရှိသေးပါဘူး။

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ ထိုင်းနယ်စပ် တလျှောက်က ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် ထိန်းချုပ်ရာ ဝပြည်တောင်ပိုင်းဒေသက ဝတပ်တွေကို တရုတ်နယ်စပ် ဝပြည်မြောက်ပိုင်းဘက် ပြန်လည် ဆုတ်ခွာပေးဖို့ မြန်မာ့ တပ်မတော်ဘက်က ၂၀၀၉ ခုနှစ် ဝန်းကျင်က တောင်းဆိုခဲ့ဖူးပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တပ်တွေထဲမှာ လက်နက်အင်အား လူအင်အား အတောင့်တင်းဆုံး ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ဟာ မြန်မာ အစိုးရနဲ့ အပစ်ရပ်အဖွဲ့ဖြစ်ပြီး မြန်မာ စစ်အစိုးရ ရေးဆွဲခဲ့ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ အရလည်း ရှမ်းပြည်နယ်တွင်းက ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း မြို့နယ်တွေကို ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် ဖွဲ့စည်းပေးထားတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG