သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဆေးဝါး အများဆုံးထုတ်တဲ့ စွပ်စွဲချက် UWSA ငြင်းဆို


၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အထူးဒေသရဲ့ နိုင်ငံခြားရေးဝန်ကြီး Zhao Guo An (ဓါတ်ပုံ- စိုးဇေယျထွန်း/ ရိုက်တာ)
၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အထူးဒေသရဲ့ နိုင်ငံခြားရေးဝန်ကြီး Zhao Guo An (ဓါတ်ပုံ- စိုးဇေယျထွန်း/ ရိုက်တာ)

မြန်မာနိုင်ငံမှာ အကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ UWSA ဝပြည်သွေးစည်း ညီညွတ်ရေးအနေနဲ့ သူတို့ဒေသဟာ အာရှမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှု အကြီးဆုံးဖြစ်တယ် ဆိုတဲ့ နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေ မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်ပါတယ်။

ဒါပေမဲ့လည်း ဝဒေသမှာ အုပ်ချုပ်သူတွေဘက်က ဝန်ဆောင်မှုလုပ်ငန်းတွေ နှစ်ပေါင်းများစွာ ပျက်ကွက်မှုကြောင့် မူးယစ်ဆေးဝါးပြဿနာ ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Reuters သတင်းတပုဒ်ကို အခြေခံပြီး မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

တရုတ်-မြန်မာနယ်စပ် အခုမြင်နေရတဲ့ အစိမ်းရောင် လက်ဖက်ခင်းတွေဟာ အရင်က ဘိန်းဖြူထုတ်လုပ်ဖို့ စိုက်ပျိုးတဲ့ ဘိန်းခင်းတွေဖြစ်ခဲ့တာပါ။ ၀ ဒေသမှာ ဘိန်းစိုက်ပျိုးမှုပပျောက်အောင် ကြိုးစားဆောင်ရွက်ခဲ့ပုံနဲ့ ပတ်သက်လို့ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသရဲ့ စိုက်ပျိုးရေးဝန်ကြီး Luo Yaku က အခုလို ပြောပါတယ်။

"၁၉၉၉ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်ထိ မူးယစ်ဆေးဝါးရောင်းဝယ်မှုမှာ ကျနော်တို့ တကယ်ပ ဲပါဝင်ပတ်သက်ခဲ့တာပါ။ ဒါပေမဲ့ ၂၀၀၅ ခုနှစ်နောက်ပိုင်းမှာ ဒါကို ရပ်ဆိုင်းခဲ့ပါတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် ကျနော်တို့ အလွန်ပဲ တင်းကြပ်ထားပါတယ်။"

Luo Yaku ကိုယ်တိုင်လည်း အရင်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ခေါင်းဆောင်တဦး ဖြစ်ခဲ့ပါတယ်။

၀ ဒေသမှာ ဘိန်းစိုက်ခင်းတွေရှိခဲ့ ရာဇဝင်နဲ့ပတ်သက်လို့ စစ်ထောက်လှမ်းရေး အရာရှိအဖြစ် UWSA ခေါင်းဆောင်တွေနဲ့ နှစ်အတန်ကြာ ဆက်ဆံခဲ့ရပြီး လက်ရှိ အမေရိကန်ပြည်ထောင်စု အခြေစိုက် မြန်မာ့စစ်ရေးလေ့လာသုံးသပ်နေသူ ဦးအောင်လင်းထွဋ်က အခုလိုပြောပါတယ်။

"ဝဒေသနဲ့ပတ်သက်ပြီးတော့ ဘိန်းစိုက်တယ်၊ မစိုက်ဘူးဆိုတာက အခုအချိန်မှာ အတိအကျတော့ ကျနော် မပြောနိုင်တော့ဘူး။ ဘာဖြစ်လဲဆိုတော့ တော်တော်လည်း ကြာသွားပြီလေ။ ဒီဥစ္စာကို အမေရိကန် survey တွေကနေ ကြည့်ရင် သိနိုင် ပါတယ်။ ဒါပေမဲ့ ကျနော်တို့ရှိစဉ်တုန်းကတော့ အများအပြား စိုက်ခဲ့ တယ်။ နောက် ပိုင်း ဒီဘိန်းကနေရတဲ့ ပိုက်ဆံနဲ့ပဲ သူတို့ရဲ့စစ်တပ်ရော၊ သူတို့ရဲ့ လုပ် ငန်းတွေရော ကို မြန်မာပြည်ထဲမှာရော၊ သူတို့ဒေသမှာရော တည်ထောင်ခဲ့ တာတွေရှိတော့ ၀ က တော်တော်လေးတော့ စစ်အင်အား လည်း တောင့်တင်းလာတယ်။ စီးပွားရေးလုပ်ငန်းတွေလည်း ဗမာပြည်ထဲမှာ ရှိတဲ့အနေအထားမျိုး ရှိပါတယ်။ ဘိန်းကိစ္စနဲ့ ပတ်သက်ပြီးတော့ အခုအချိန်အ ခါ မှာတော့ သူတို့ပြောသလိုပေါ့လေ ၂၀၀၅ ခုနှစ် နောက်ပိုင်းမှာတော့ ကြီးကြပ်ခဲ့ တာတော့ မှန်တော့ မှန်ပါတယ်။ တကယ့် မြေပြင်မှာ စိုက်တယ် မစိုက်ဘူးဆိုတာကတော့ သက်သေပြဖို့တော့ ခက်ပါတယ်။"

ဝဒေသမှာ ဘိန်းစိုက်ပျိုးရေးပပျောက်ဖို့ လှုပ်ရှားမှုအနေနဲ့ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်ထိ ၀ တိုင်းရင်းသားဦးရေ ခြောက်ပုံတပုံဖြစ်တဲ့ ၁၀၀,၀၀၀ ကို ထိုင်းနယ် စပ်အနီးမှာရှိတဲ့ တောင်ပိုင်း ဝဒေသဘက်ကို ဝခေါင်းဆောင်တွေ က ပြောင်းရွှေ့ အခြေချစေခဲ့တာ ဖြစ်ပါတယ်။

UNODC ခေါ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ ရဲ့ နှစ်စဉ်အစီရင်ခံစာတွေနဲ့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာတော့ ကမ္ဘာ့ဘိန်းထုတ်လုပ်မှုရဲ့ လေးပုံတပုံဟာ ဝဒေသ တစိတ်တပိုင်း ပါဝင်နေတဲ့ မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံနယ်စပ် ရွှေတြိဂံနယ်မြေ က ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် UWSA ၀ ခေါင်းဆောင်းအများအပြားကို ဘိန်းဖြူနဲ့ ရာဘ စိတ်ကြွဆေးပြားတွေ ထုတ်လုပ်ရောင်းချမှု စွဲချက်တွေနဲ့ ၂၀၀၅ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုက စတင်တရားစွဲဆိုခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သူတို့ဝဒေသမှာ အပြောင်းအလဲတွေပြုလုပ်ခဲ့ ကြောင်း ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အထူးဒေသရဲ့ နိုင်ငံခြားရေးဝန်ကြီး Zhao Guo An က ပြောပါတယ်။

"ရာဘ စိတ်ကြွဆေးပြားတွေရဲ့ ပြဿနာကို ဒေသတခုတည်း ကပဲ ဖြေရှင်းလို့မနိုင် ပါဘူး။ မူးယစ်ဆေးအမြောက်အများဟာ အပြင်ကပဲ ယူလာတာဖြစ်ပါတယ်။ ဒါပေမဲ့ လူတွေက ဆက်ပြီးတော့ ၀ ဒေသကိုပဲ စွပ်စွဲ အသေရေ ဖျက်နေကြပါတယ်။ ဒါဟာ မတရားပါဘူး။"

ဒါ့အပြင် UWSA ဟာ မူးယစ်အင်ပါယာ ထူထောင် ထုတ်လုပ်နေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေ မှန်ကန်မှုမရှိဘူးလို့ သူက ပြောသွားပါတယ်။

ဒါပေမဲ့လည်း UWSA ခေါင်းဆောင်တဦးဖြစ်သူ ဝေရှောင်ခန် ဦးစီးကွပ်ကဲနေတဲ့ တောင်ပိုင်း ဝဒေသမှာတော့ စိတ်ကြွမူးယစ်ဆေးပြား ထုတ်လုပ်ရောင်းချမှုတွေ ရှိနေဆဲဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေ ရှိနေဆဲဖြစ်ကြောင်း ဦးအောင်လင်းထွဋ်က ပြောပါတယ်။

"တောင်ပိုင်းဒေသ ဝပေါ့လေ ယိုးဒယားနယ်စပ်ဘက်မှာရှိတဲ့ ဝေရှောင် ခန် ဝေရှောင်လုံတို့ အဖွဲ့ကတော့ များသောအားဖြင့်တော့ ဘိန်းထက် စိတ်ကြွဆေးပေါ့ အဲဒါကို အများဆုံး လုပ်ပါတယ်။ ကျနော် သိရသလောက်က အခုချိန်ထိလည်း သူတို့ ဒီလုပ်ငန်းက ရှိနေဆဲပါ။ အခု မိနေတဲ့ ရန်ကုန်ထဲမှာတို့၊ မန္တလေးမှာတို့ ဘူးသီးတောင်၊ မောင်တော အဲဒီဘက်ဒေသတွေ ကို ရောက်နေတဲ့ ပစ္စည်းတွေဟာ များသောအားဖြင့်တော့ ကျနော့်အမြင်ပြောရရင်တော့ တောင်ပိုင်း ၀ ဒေသကနေပြီးတော့မှ ဗမာပြည်ထဲကနေတဆင့် ဖြတ်သွားတဲ့ အနေအထားမျိုး ရှိပါတယ်။ တပြိုင်တည်းမှာပဲ တောင်ပိုင်းဒေသ ၀ က ထိုင်းနိုင်ငံဘက်ကိုလည်း အဲဒီဘက်ကနေ ဖြန့်ချိတဲ့သဘောမှာ ရှိပါတယ်။ ကျနော်ပြောရရင်ပေါ့လေ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ လုံး၀ ကင်းရှင်းတယ်ဆိုတာကတော့ မဖြစ်နိုင်သေးပါဘူး အခုအချိန်ထိ။"

ဒါကြောင့်လည်း ဝေရှောက်ခန်ကို ဖမ်းမိရင် အမေရိကန် ဒေါ်လာ ၂ သန်းအထိ ဆုငွေပေးမယ်လို့ အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ DEA နဲ့ ထိုင်း မူးယစ်နှိမ်နင်းရေးအဖွဲ့တို့က ၂၀၁၀ ပြည့်နှစ် သြဂုတ်လက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဝဒေသမှာ မူးယစ်ဆေးဝါး ပြဿနာရှိနေဆဲဖြစ်ပြီး အုပ်ချုပ်ရေးတာဝန်ရှိသူတွေဘက်က သူတို့အပေါ်မှာ နှစ်ပေါင်းများစွာ ဝန်ဆောင်မှုပေးဖို့ ပျက်ကွက်ခဲ့ တာကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG