သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UWSA ဝတပ်ဖွဲ့တွေ လားရှိုးမြို့ထဲ ဝင်ရောက်


အွန်လိုင်းမှာ ပြန့်နှံ့နေတဲ့ ဗွီဒီယိုတခုမှာတွေ့ရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့ထဲကို ဝင်လာတဲ့ UWSA ဝတပ်ဖွဲ့ဝင်များ (ဇူလိုင် ၁၁၊ ၂၀၂၄)
အွန်လိုင်းမှာ ပြန့်နှံ့နေတဲ့ ဗွီဒီယိုတခုမှာတွေ့ရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့ထဲကို ဝင်လာတဲ့ UWSA ဝတပ်ဖွဲ့ဝင်များ (ဇူလိုင် ၁၁၊ ၂၀၂၄)

မကြာသေးခင်က တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တပ်ဖွဲ့ဝင်တွေ စနေနေ့ညပိုင်းက ဝင်ရောက်ခဲ့ပါတယ်။ အဓိကအားဖြင့် လားရှိုးမြို့မှာရှိတဲ့ စက်ရုံနဲ့ ကုမ္ပဏီတွေ လုံခြုံရေးနဲ့ ပြင်ပဆက်ဆံရေးရုံး မိသားစုတွေ လုံခြုံရေးအတွက် ရည်ရွယ်ထားပြီး ဒီလိုဝင်ရောက်ရာမှာ ပဋိပက္ခဖြစ်နေတဲ့ ဘက်အသီးသီးနဲ့ ညှိနှိုင်းဝင်ရောက်တာ ဖြစ်သလို လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွင်းမှာ ပါဝင်ပတ်သက်မှာ မဟုတ်ကြောင်း UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ပြောပါတယ်။ ဒေသခံတွေကတော့ ဝတပ်ဖွဲ့တွေ ဝင်ရောက်လာတာကို ကြိုဆိုကြောင်း ပြောကြပါတယ်။

လားရှိုးမြို့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မြို့တော်လားရှိုးမြို့ကို ဒီလ ၃ရက်နေ့က စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာပါ။
ဒီလ ၂၅ရက်နေ့မှာတော့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းယူကြောင်း MNDAA က ထုတ်ပြန်ကြေညာသလို စစ်ကောင်စီဘက်ကလည်း မဟုတ်မှန်ကြောင်း ငြင်းဆိုတာတွေရှိပြီး၊ မြို့အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာပါ။ MNDAA ဘက်ကတော့ လားရှိုးမြို့အတွင်း ကင်းလှည့်နေတဲ့ ဗီဒီယိုဖိုင်တွေနဲ့ မြို့ရဲ့ အထင်ကရနေရာတွေကို သိမ်းပိုက်ရရှိထားတဲ့ ဓါတ်ပုံတွေကို ထုတ်ပြန်ထားပါတယ်။

ဒီလို အခြေအနေတွေ ရှုပ်ထွေးနေချိန်မှာပဲ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSAဟာ လားရှိုးမြို့အတွင်းကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို ဝင်ရောက်ခဲ့ကြောင်းကို UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက အတည်ပြုပြီး အဓိကဝင်ရောက်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ VOA ကို အခုလို ပြန်ကြားထားပါတယ်။

“မနေ့က ဝင်ရောက်သွားတာ မှန်တယ်ပေါ့နော်။ ကျနော်တို့ အဘက်ဘက်နဲ့ တိုင်ပင်ညှိနှိုင်းအကြောင်းကြားပြီးမှ ဝင်သွားတာ ဖြစ်တယ်ပေါ့နော်။ အဓိကအားဖြင့် လားရှိုးမှာ ရှိနေတဲ့ ကျနော်တို့ ဒီ ဝတပ်ဖွဲ့ရဲ့ စက်ရုံ၊ ကုမ္ပဏီတွေ လုံခြုံရေးအတွက်။ ပြီးတော့ ဒီကျနော်တို့ရဲ့ ဝဆက်ဆံရေးရုံး မိသားစုတွေ လုံခြုံရေးအတွက် သွားရောက်တာပဲ ဖြစ်တယ်ပေါ့နော်။ ကျန်တဲ့ ဒီပဋိပက္ခတွေကြားမှာ ကျနော်တို့ ပါဝင်ပတ်သက်မှုတွေတော့ ရှိမှာ မဟုတ်ဘူးပေါ့နော်။”

လားရှိုးမြို့နဲ့ တနိုင်ငံလုံးငြိမ်းချမ်းရေး အမြန်ဆုံးရဖို့ကိုလည်း ဝပြည်နယ်က မျှော်လင့်ကြောင်းလည်း Messenger ကနေ စာနဲ့ ဖြေဆိုထားပါတယ်။

လက်ရှိ လားရှိုးမြို့အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ လားရှိုးမြို့ရှိ ဒေသခံတွေကို ဆက်သွယ်ရာမှာတော့ ဖုန်းခေါ်ဆိုလို့ မရပါဘူး။
လားရှိုးမြို့မှာ ကျန်ရှိနေသူတွေနဲ့ အဆက်အသွယ်ရှိတဲ့ စစ်ရှောင်မြို့ခံတဦးကတော့ လက်ရှိအခြေအနေကို အခုလို ပြောပါတယ်။

“ဝအဖွဲ့တွေ မနေ့ညကတည်းက အင်အားရာနဲ့ ချီပြီးတော့ လားရှိုးမြို့ထဲကို ဝင်လာတယ်။ ဝင်လာပြီးတော့ သူတို့ ရပ်ကွက် ၁ ပါရမီလမ်းပေါ်မှာ ဝဆက်ဆံရေးရုံး ရှိတယ်လေ။ ဦးညီရန်းတို့ ရုံးပေါ့။ အဲဒီတကြောတွေအားလုံး သူတို့လာပြီးတော့ နေရာယူထားတယ်လို့ ကြားတယ်။”

ဝတပ်ဖွဲ့တွေ လားရှိုးမြို့ကို ဝင်ရောက်ပြီး မြို့ကို ထိန်းချုပ်မယ်ဆိုရင်လည်း မြို့ခံအများစုက ကြိုဆိုမှာဖြစ်ကြောင်း အခုလို ဆက်ပြောပါတယ်။

“အခု ကျနော်တို့ လိုင်းပေါ်မှာ စကားပြောဖြစ်တာတွေ၊ ဂရုတွေမှာ စကားပြောဖြစ်တဲ့ဟာတွေဆို အားလုံးကတော့ ကြိုဆိုကြောင်းပါပဲ။ ဘာဖြစ်လို့လဲဆိုရင်တော့ တခြားအဖွဲ့တွေ မြို့သိမ်းတာထက်စာရင်တော့ ဝအဖွဲ့က ဝင်ထိန်းတာက ပြည်သူအတွက်က ပိုပြီးတော့ လုံခြုံရတယ်လို့ ကျနော်တို့ မြင်တယ်။ ဘာလို့ ကျနော်တို့ မြင်လဲဆို အခု ဝအဖွဲ့တွေ ထိန်းချုပ်တဲ့နေရာ ဒေသမဟုတ်တဲ့ သိန္နီတို့၊ လောက်ကိုင်တို့ ဘာတို့ဆိုရင် အချိန်မရွေး စကစ ကနေပြီးတော့ လေယာဉ်နဲ့ ဗုံးလာကြဲနိုင်တယ်။ အချိန်မရွေး လေယာဉ်ပေါ်ကနေ လက်နက်နဲ့ ပစ်နိုင်တယ်ပေါ့။ အကယ်လို့ ဝဘက်က လာရောက်ထိန်းသိမ်းပေးတယ်ဆိုရင်တော့ ဒီ အန္တရာယ်တွေ ကျနော်တို့ ပြည်သူတွေက သိပ်ပြီးတော့ မစိုးရိမ်ရဘူး။ အခု အရှင်းဆုံး ပြောမယ် အခုချိန်ပြန်ုလို့ ရပြီဆိုရင် အေးအေးဆေးဆေး ပြန်ရဲတယ်၊ လွတ်လွတ်လပ်လပ် ပြန်ရဲတယ်။”

စစ်ရှောင်နေသူ အခြားလားရှိုး မြို့ခံတဦးကလည်း ဒေသခံတွေအနေနဲ့ ဝတပ်ဖွဲ့အပေါ်မှာ ယုံကြည်မှု တစုံတရာရှိကြောင်း အခုလို ပြောပါတယ်။

“ည ၁၂ နာရီက ဝင်တယ်ပြောတယ်။ ဒေသခံ လက်ရှိမြို့ထဲမှာ ကျန်နေတဲ့သူတွေအတွက်လည်း ဝမ်းသာစရာဖြစ်သလို အဝေးမှာ နေတဲ့သူတွေအတွက်လည်း စိတ်အေးတာပေါ့နော်။ ဝကိုကျတော့ ဒေသခံတွေက လက်ခံနိုင်တဲ့အနေအထား ရှိတယ်။ ကျနော်တို့ ရှမ်းမြောက်ဒေသက လူတွေနဲ့ကြတော့ မစိမ်းဘူးဗျ။ နဂိုရ်တည်းက ရင်းနှီးကြွမ်းဝင်မှု ရှိကြတယ်ပေါ့ဗျာ။ သူတို့ရဲ့ ဓလေ့ စရိုက်တွေနဲ့ ဝရဲ့ စနစ်ကို ကြိုက်တယ်။ ဝရဲ့ အုပ်ချုပ်မှု ပုံစံယန္တရားကိုတော့ ဒေသခံတွေ အတော်များများကတော့ သဘောကျတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဝတပ်ဖွဲ့က လားရှိုးမြို့မှာ ဝင်ပြီးတော့ အုပ်ချုပ်မယ်ဆိုရင်တောင်မှ ဒေသခံက လက်ခံနိုင်တယ်။”

လောလောဆယ် လားရှိုးမြို့တွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေပြီး လားရှိုးအကျဉ်းထောင်မှာ Drop Bomb ကျပြီးနောက် ထောင်ပွင့်သွားကြောင်းနဲ့ တချိန်တည်းမှာပဲ ရမခ စစ်တိုင်းဌာနချုပ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပေမဲ့ VOA အနေနဲ့ သီးခြားအတည်ပြုချက်ရနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ လားရှိုးမြို့ကို ဝတပ်ဖွဲ့တွေ ဝင်ရောက်တာနဲ့ ပတ်သက်လို့ ကြိုတင်အသိပေးထားတာ ရှိကြောင်း စစ်ကောင်စီက သတင်းဌာနတွေကို ဖြေကြားထားပေမဲ့၊ လားရှို့မြို့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ တစုံတရာ ပြောဆိုတာတော့ မတွေ့ရသေးပါဘူး။

ဒီလ ၁၀ ရက်နေ့ကတော့ တန့်ယန်းမြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်းအချို့ကို TNLA တအာန်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့နောက် ထောင်နဲ့ချီတဲ့ ဝတပ်ဖွဲ့တွေဟာ တန့်ယန်းမြို့ကို ဝင်ရောက်ထိန်းသိမ်းခဲ့ပါတယ်။ ရှမ်းမြောက်ဒေသမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ တန့်ယန်းမြို့ကို ကူးစက်မလာစေဖို့ ရည်ရွယ်ကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီနှစ် ဇန်နဝါရီလ ၅ ရက်နေ့ကလည်း MNDAA နဲ့ ပူးပေါင်းတပ်တွေဟာ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရဲ့ အစိုးရရုံးစိုက်ရာ ဟိုပန်မြို့ကို သိမ်းယူခဲ့တဲ့နောက် ဟိုပန်နဲ့ ပန်လုံမြို့ကို ဝတပ်ဖွဲ့ထံ လွှဲပြောင်းခဲ့တာတွေ ရှိခဲ့ပါတယ်။ ဝတပ်ဖွဲ့က ဟိုပန်မြို့နယ်၊ ပန်လုံမြို့နယ်၊ နမ့်တစ်မြို့နယ်၊ နားဝီးမြို့နယ်တွေကို ဟိုပန်ခရိုင်အဖြစ် စုစည်းပြီး အုပ်ချုပ်မှု ဆောင်ရွက်နေပါတယ်။

Forum

XS
SM
MD
LG