သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပဋိပက္ခ UWSA ကြားဝင်စေ့စပ်


KIO နဲ့ မြန်မာအစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်
KIO နဲ့ မြန်မာအစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ အစိုးရအကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်းသွားစေဖို့အတွက် နှစ်ဘက်တွေ့ဆုံဆွေးနွေးပွဲတွေကို ၀ နယ်မြေတွင်းမှာ ပြုလုပ်ဖို့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဖိတ်ခေါ်ထားတာကို KIO ဘက်က လက်ခံလိုက်ပြီဖြစ်ပါတယ်။ အစိုးရဘက်ကလည်း အရင်ရက်တွေကတည်းက လက်ခံထားပြီးဖြစ်တာကြောင့် ပထမ မကြာမှီ ရက်ပိုင်းတွေအတွင်းမှာ KIO နဲ့ အစိုးရကိုယ်စားလှယ်တို့ဟာ ၀ ဒေသရဲ့ မြို့တော် ပန်ဆန်းမှာ တွေ့ဆုံဖို့ရှိနေပါတယ်။ ဒီအကြောင်းသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော် က တင်ပြထားပါတယ်။

KIO နဲ့ အစိုးရတပ်တွေအကြားမှာ စစ်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်လက် ဖြစ်ပွားနေသလို ငြိမ်းချမ်းရေးအတွက် နှစ်ဘက်တွေ့ဆုံဆွေးနွေးပွဲတွေ ရပ်တန့် နေချိန်မှာ တရုတ်-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ UWSA ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်က ပြီးခဲ့တဲ့ရက်တွေက ဖိတ်ကြားထားတာ ဖြစ်ပါတယ်။

ဝတပ်ဖွဲ့ရဲ့ ဖိတ်ကြားချက်ကို KIO ဘက်က လက်ခံကြောင်း ဒီကနေ့ အကြောင်းပြန်ကြားတယ်လို့ UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောပါတယ်။

“ဟုတ်တယ်။ ဟုတ်တယ်။ ဒီနေ့ပဲ နေ့လည်တုန်းကပဲ သူတို့ဆီက သတင်းပြန်ကြားပါတယ်။ KIO အဖွဲ့အနေနဲ့ နိုင်ငံတော်အစိုးရနဲ့ ၀ ပြည်နယ် ပန်ဆန်းမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ သူတို့ လက်ခံပါတယ် ပြောတယ်။ လက်ခံတယ်။ တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ သဘောပါ။ အကြောင်းပြန်ပါပြီ။”

ဒီပန်ကြားစာကိုတော့ လွန်ခဲ့တဲ့ (၆) ရက်လောက်ကတည်းက နှစ်ဘက်စလုံးကို ပေးပို့ထားတာဖြစ်ပါတယ်။ အစိုးရဘက်ကတော့ အရင်ရက်တွေကတည်းက လက်ခံထားပြီး ဖြစ်တာကြောင့် နှစ်ဘက်တွေ့ဆုံဆွေးနွေးပွဲဟာ မကြာခင်ဖြစ်လာဖို့ ရှိနေပါတယ်။

“အစိုးရဘက်ကတော့ သူတို့ လာမယ်။ ဒီ ဝဒေသမှာ သူတို့ လာပါမယ်။ သဘောတူတယ်။ နှစ်ဘက်ရဲ့သဘောထားကို ကြည့်ရမှာပါ။ ကျနော်တို့ ဆန္ဒကတော့ စောလေကောင်းလေပေါ့။ ဒီတော့ ဒီမှာ တွေ့နိုင်တယ်ဆိုရင် စောစောတွေ့လေ ပြဿနာဖြေရှင်းနိုင်ပေါ့ဗျာ။”
ဦးအောင်မြင့် ပြောသွားခဲ့တာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တဦးဖြစ်တဲ့ ဦးလှမောင်ရွှေကတော့ UWSA ရဲ့ ဖိတ်ကြားချက်နဲ့ပတ်သက်ပြီး အတိအကျ မသိရသေးကြောင်း ပြောပါတယ်။

KIO ဘက်က အတည်ပြုချက်ရယူဖို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်ကို ဆက်သွယ်ခဲ့ပေမဲ့ တယ်လီဖုန်း ခေါ်ဆိုလို့ မရခဲ့ပါဘူး။ UWSA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က KIO နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ ပန်ဆန်းမှာ ဘယ်နေ့ တွေ့ဆုံမယ်ဆိုတာကိုတော့ အတိအကျ မသိရသေးကြောင်း ပြောပါတယ်။

မြန်မာအစိုးရ ထိပ်တန်းအရာရှိတွေနဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူ တယောက်က တော့ လာမယ့် ဖေဖော်ဝါရီလ (၂) ရက်နေ့မှာ KIO နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ တွေ့ဆုံဖို့ရှိနေပြီး ဘယ်မှာ တွေ့ဆုံမယ်ဆိုတာကိုတော့ ထုတ်ဖော်မပြောဆိုပါဘူး။

ဒီလ (၁၉) ရက်နေ့ကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီက KIO ကို တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ချိန်မှာ KIO က တဖွဲ့ချင်း အနေနဲ့ ဆွေးနွေးဖု့ိကို ငြင်းပယ်ခဲ့ပြီး သူတို့အဖွဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါ် တပ်ပေါင်းစုနဲ့သာ ဆွေးနွေးမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ကတော့ မြန်မာအစိုးရတပ်တွေဟာ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက စစ်ရေးအရ အချက်အခြာကျတဲ့ ခရာဘွမ်တောင်ကုန်းကို သိမ်းယူလိုက်ပါတယ်။ ဒီတောင်ကုန်းကို အမြောက်ကြီးတွေ၊ စစ်လေယာဉ်တွေ သုံးပြီး (၂) ပတ်ကျော်ကြာ တိုက်ခိုက်ခဲ့ရတာဖြစ်ပါတယ်။ ဒီလိုသိမ်းယူပြီးတဲ့ နောက် ဒီရက်ပိုင်းမှာတော့ လိုင်ဇာဒေသဘက်မှာ တိုက်ပွဲတွေဟာ အရင်ကလောက် ပြင်းပြင်းထန်ထန် မရှိတော့ပါဘူး။

မြန်မာအစိုးရတပ်တွေနဲ့ KIO အဖွဲ့ကြား တနှစ်ခွဲကျော်ကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ ချိန်အတွင်း ပြီးခဲ့တဲ့နှစ်ကုန်နဲ့ ဒီနှစ်ဆန်းမှာ တိုက်ပွဲတွေဟာ အပြင်းထန်ဆုံး ဖြစ်ခဲ့ပါတယ်။ ဒီလို တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် တရုတ်၊ အမေရိကန် အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတွေနဲ့ မြန်မာနိုင်ငံ လွှတ်တော်တွေ အတွင်းမှာပါ ကချင်ဒေသက စစ်ပွဲတွေ ရပ်ဆိုင်းဖို့အတွက် အပူတပြင်း တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။

အရင်နှစ်တွေက အစိုးရကိုယ်စားလှယ်တွေနဲ့ KIO ကိုယ်စားလှယ်တွေ အကြားမှာ (၁၀) ကြိမ်ထက်မနည်း တွေ့ဆုံခဲ့ပေမဲ့ တိကျတဲ့သဘောတူညီချက် ရခဲ့တာမျိုးတော့ မရှိပါဘူး။ ဒီတကြိမ် တွေ့ဆုံဆွေးနွေးဖြစ်တယ်ဆိုရင်တော့ စစ်ပွဲတွေ အဆုံးသတ်ရေးအတွက် အဖြေတခုခု ရမယ်လို့ ပြည်သူအများကတော့ မျှော်လင့်နေတာဖြစ်ပါတယ်။
XS
SM
MD
LG