သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀ ခြေလှမ်း၊ ပြည်တွင်းစစ် တကျော့ပြန် ပြင်းထန် လာနိုင်သလား


Aung San Suu Kyi with United Wa State Army (UWSA) senior leaders
Aung San Suu Kyi with United Wa State Army (UWSA) senior leaders

ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အစိုးရ ဦးဆောင်ကျင်းပနေတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပဖို့ ရက်ပိုင်းလောက်ပဲ လိုတော့မယ့်အချိန် ငြိမ်ချမ်းရေး လုပ်ငန်းစဉ်ကို စိန်ခေါ်တဲ့ ပြောဆိုမှုတွေ၊ လှုပ်ရှားမှုတွေ ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ ဖေဖေါ်ဝါရီ ၂၂ ကနေ ၂၄ ရက်နေ့အထိ UWSA ဝတပ်ဖွဲ့ ထိန်းချုပ်ရာ ပန်ခမ်းမှာ ကျင်းပတဲ့၊ အစိုးရနဲ့ NCA စာချုပ်မှာ လက်မှတ် ထိုးမထားတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေရဲ့ မျက်နှာစုံညီ အစည်းဝေးပွဲပါ။ ဒီ အစည်းအဝေး ကနေ NCA စာချုပ်ကို လက်မခံပဲ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ နောက်ထပ် ဆွေးနွေးမှု သစ်တွေ ပြုလုပ်ဖို့ တောင်းဆိုလိုက်ပါပြီ။ ဒီ အစည်းအဝေး မတိုင်ခင် ကတည်းက UWSA အဖွဲ့ဟာ စာတန်းတစ်စောင် ရေးသားပြုစုပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ် သဘောထား၊ NCA စာချုပ်အပေါ် သဘောထား၊ ပင်လုံစိတ်ဓာတ်ဆိုတာကို အဓိပ္ပါယ် ဖွင့်ဆိုမှု ပြုလုပ်ခဲ့ပါတယ်။ ထူးခြားတာကတော့ အဲဒီအစည်းအဝေးကို အထူး ဧည့် သည်တော် နှစ်ယောက် ဖိတ်ကြားခဲ့ပြီး အဲဒီထဲက DKBA ခွဲထွက်ခေါင်းဆောင် စော ဆန်းအောင် တက်ရောက်ခဲ့ပါတယ်။ တစ်ပြိုင်နက်တည်းလိုလို အစည်းအဝေး ကျင်းပတဲ့ နေ့ရက်မှာပဲ ကိုးကန့်တပ်ဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်ဟာလည်း တရုတ် မီဒီယာ တစ်ခုကို လက်ခံ အင်တာဗျူးလုပ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေကို ခိုင်မာတဲ့ စစ်ရေး မဟာမိတ်ဖွဲ့ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ပန်ခမ်း ထိပ်သီးအစည်း အဝေးဟာ ဘယ်လိုမျိုးလဲ၊ အဲဒီ အစည်းအဝေးရလာဒ်တွေ ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် အကောင်အထည် ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ဘယ်လို ဂယက်ရိုက်ခတ်သွားနိုင်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

ထိပ်သီး အစည်းအဝေးမှာ UWSA ခေါင်းဆောင် ပေါက်ယိုချန်းက အဖွင့်မိန့်ခွန်း ပြောပါတယ်။ သူပြောတာက မြန်မာနိုင်ငံထဲက ပြည်တွင်းစစ် ပဋိပက္ခပြသနာကို ၁၉၉၃ မှာ အရင် စစ်အစိုးရက အမျိုးသားညီလာ ခံနည်းနဲ့ ဖြေရှင်းခဲ့ တဲ့အကြောင်း၊ ၂၀၁၁ နောက်ပိုင်း သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ လက်ရှိ ဒေါ်အောင်ဆန်း စုကြည်ကလည်း ဖြေရှင်းဖို့ ကြိုးစားနေကြောင်း၊ ဒါပေမယ့် ပြသနာကို မဖြေရှင်းနိုင် သလို၊ ပြည်တွင်းစစ်လည်း ရပ်စဲသွားခြင်း မရှိ၊ မြန်မာ့တပ်မတော်ကလည်း ဒီကနေ့ အချိန်ထိ တိုင်းရင်းသားတွေကို စစ်ပွဲနဲ့ နှိပ်စက်နေဆဲ ဆိုပြီး စွတ်စွဲပြောဆိုခဲ့ပါတယ်။ အရင် သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်တို့က NCA စာချုပ်ကို အခြေခံတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ချမှတ် ကျင့်သုံးနေတဲ့အကြောင်း၊ အဲလို ကျင့်သုံးတဲ့အတွက် လက်နက်ကိုင် တိုင်းရင်းသားတွေ အကြား အုပ်စု သုံးစု ကွဲသွားစေတဲ့အကြောင်း၊ တိုင်းရင်းသားတွေ အတွက် အကျိုးမရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့် နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးမှုပုံစံမှာ မြန်မာတွေရဲ့ ဆွေးနွေးမှုပုံစံ၊ မြန်မာတွေက ဦးဆောင်ဦးရွက် ပြုတာတွေကို ခွင့်မပေးနိုင်တော့ဘူးလို့ ဆိုထားပါတယ်။ သူပြောဆိုတဲ့အတိုင်းလဲ နောက်ပိုင်း ထိပ်သီးအစည်းအဝေး ကနေ ကြေငြာချက် ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။

အစည်းအဝေးမှာ ပေါက်ယိုချန်း မိန့်ခွန်းမပြောခင် UWSA က ကြိုတင်ဖြန့်ဝေထားတဲ့ စာတမ်းမှာတော့ ဒီထက် ပြင်းထန်တဲ့ စကားလုံးတွေ သုံးစွဲပြီး ဒေါ်အောင်ဆန်းစုကြည်၊ NCA စာချုပ်နဲ့ မြန်မာ့တပ်မတော်ကို တိုက်ခိုက်ထား တာ တွေ့နိုင်ပါ တယ်။ ဒေါ်အောင် ဆန်းစုကြည် အစိုးရအကြီးအကဲ ဖြစ်လာပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးဆောင် အကောင်အထည် ဖော်တဲ့အခါ တိုင်းရင်းသားတွေက မျှော်လင့်ချက် ထားခဲ့ကြ တဲ့အကြောင်း၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာလဲ ဗမာပဲ ဖြစ်တဲ့အတွက် အရင် အစိုးရတွေနဲ့ သိပ်ပြီး မထူးခြားတဲ့အကြောင်း၊ သူအကောင်အထည်ဖော်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာလည်း တိုင်းရင်းသားတွေ အတွက် အကျိုးမရှိဘူး လို့ ဝေဖန်ထိုးနှက်ထား ပါတယ်။

နောက်ပြီး ဒေါ်အောင်ဆန်းစုကြည် အကောင်အထည်ဖော်တဲ့ ၂၁ ရာစု ပင်လုံညီလာခံနဲ့ ပင်လုံစိတ်ဓာတ် ဆိုတဲ့ စကားလုံးကို ဝေဖန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောနေတဲ့ ပင်လုံစိတ်ဓာတ် ဆိုတာဟာ အရင် သမိုင်းမှာ ချုပ်ဆိုခဲ့ဖူးတဲ့ ပင်လုံစာချုပ်နဲ့ ကွာခြားနေကြောင်း၊ အဓိပ္ပါယ် မတူတဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ပင်လုံစိတ်ဓာတ်မှာ ခွဲထွက်ခွင့် ဆိုတာ ပါမလာတော့ကြောင်း၊ တိုင်းရင်းသား အခွင့်အရေး ဆိုတာလဲ မရှိကြောင်း၊ ဒါတောင် တိုင်းရင်းသားတွေက အဲဒီကိစ္စ ဆွေးနွေးတယ်လို့ မကြားသိရကြောင်း၊ ဒါကြောင့် ထိပ်သီးအစည်းအဝေးမှာ အဲဒီ စကားလုံးကို အဓိပ္ပါယ် ဖွင့်ဆိုဖို့ ကြိုးစားမယ် ဆိုတဲ့အကြောင်း ဖော်ပြထားပါတယ်။ အဲလို ဖော်ပြတဲ့အတိုင်း အပြီးသတ် ကြေငြာချက်မှာ ပင်လုံစာချုပ်နဲ့ ပတ်သက်ပြီး ၀ တပ်ဖွဲ့က ပြုစုထားတဲ့ စာတမ်းပါ ဖော်ပြချက်အတိုင်း အတည်ယူခဲ့ကြပါတယ်။

နောက်တော့ NCA စာချုပ်ကို ဝေဖန်ပါတယ်။ NCA စာချုပ်ဟာ စစ်ရေးအတွက် ချုပ်ဆိုထားတဲ့ စာချုပ်မဟုတ်သလို၊ နိုင်ငံရေးအရ သဘောတူညီချက်တွေလည်း မပါကြောင်း၊ ဟိုမရောက်သည်မရောက် စာချုပ်ပဲ ဖြစ်ကြောင်း၊ စာချုပ်ထဲမှာပါတဲ့ အချက်တွေကလည်း လိုသလို အဓိပ္ပါယ် ဖွင့်နိုင်တဲ့အကြောင်း၊ ဒါကြောင့် မြန်မာ့တပ် မတော်က NCA စာချုပ်ကို လိုရာ အဓိပ္ပါယ်ဖွင့်တာ ကြားရကြောင်း ဖော်ပြထားပါတယ်။ ဒါကြောင့်လဲ နောက်ပိုင်း ထုတ်တဲ့ ကြေငြာချက်မှာ NCA ကို လက်မခံပဲ အခြား အပစ်အခတ်ရပ်စဲရေး စာချုပ်၊ တစ်နည်း ဆွေးနွေးမှု အသစ်တွေနဲ့ အစားထိုးမယ်လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အစည်းအဝေးကိုတက်ဖို့ အစိုးရနဲ့ အပစ်ရပ်မထားတဲ့ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့တွေတင်မက အထူးဧည့်သည်တော်အဖြစ် DKBA ခွဲထွက်ခေါင်းဆောင် ဗိုလ်မှူးကြီးစောဆန်းအောင်၊ KNU ကရင်လက်နက်ကိုင်တပ်ဖွဲ့က တပ်မှူးတ ယာက်ဖြစ်တဲ့ ဘောကျော်ဟဲ တို့ကို ဖိတ်တာကလည်း ထူးခြားပါတယ်။ ဗိုလ်မှူးကြီး စောဆန်းအောင်ဟာ ကရင်ပြည်နယ်ဘက်မှာ တပ်မတော် အပါအဝင် လက်နက်ကိုင် ကရင် တပ်ဖွဲ့တွေနဲ့ရော နယ်ခြားစောင့်တပ်နဲ့ပါ ပဋိပက္ခတွေ ဖြစ်ပြီး တိမ်းရှောင်နေရတဲ့သူပါ။ KNU တပ်မှူး ဘောကျော်ဟဲကလည်း KNU အနေနဲ့ NCA လက်မှတ်ထိုးတာကို သဘောမကျသူ၊ အစိုးရနဲ့ ပတ်သက်ရင် သဘောထား တင်းမာသူ အဖြစ် သတင်းထွက်ပါတယ်။ ဒီနှစ်ယောက်ကို ဖိတ်ကြားတာဟာ UWSA အနေနဲ့ မြန်မာ့တပ်မတော်၊ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်နေတယ် ဆိုတာကို အတိအလင်း ဖော်ပြလိုက်ခြင်းလည်း ဖြစ်ပါတယ်။ အစည်းဝေးကို စောဆန်းအောင် လာတက်ပေမယ့် KNU တပ်မှူးကြီး ဘောကျော်ဟဲ ကတော့ လာတက်တာ မတွေ့ရပါဘူး။

နောက်ထပ် ထူးခြားတာက ထိပ်သီး အစည်းအဝေးကာလ အတွင်း ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်က တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ ခိုင်မာတဲ့ စစ်ရေး မဟာမိတ် ဖွဲ့သင့်တယ်လို့ တရုတ်မီဒီယာကို ပြောဆိုလိုက်တာပါ။ လက်ရှိ ကေအိုင်အေ၊ ကိုးကန့်၊ ပလောင်၊ ရခိုင် AA ပါတဲ့ မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့လိုမျိုး အင်အားကောင်းတဲ့ ၀ တပ်ဖွဲ့ပါ ပါဝင်မယ့် ပိုပြီး အင်အားတောင့်တင်းတဲ့ မဟာမိတ် တပ်ဖွဲ့မျိုးပါ။ ဒီအခြေအနေ အားလုံးကိုကြည့်လိုက်ရင် ၀ တပ်ဖွဲ့ဟာ အရင်တုန်းကလို ကိုယ့်လက်နက်ကိုယ်ကိုင်၊ ကိုယ့်ဒေသ ကိုယ်ထိန်းချုပ်ပြီး ကိုယ်လိုရာ အခွင့်အရေး ကိုယ်တောင်းနေ မယ်၊ မြန်မာ့နိုင် ငံရေးထဲ ဝင်မပါဘူး ဆိုတဲ့ သီးသန့်ဆန်တဲ့ ရပ်တည်ချက်ကနေ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် စိန်ခေါ်တဲ့ ခြေလှမ်း လှမ်းလာပြီလို့ ကောက်ချက်ချနိုင်ပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် အကောင်အထည် ဖော်နေတဲ့ NCA ကို အခြေခံပြီး ပင်လုံညီလာခံတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပတဲ့ နည်းလမ်းကို UWSA ၀ တပ်ဖွဲ့က ပယ်ချတာ၊ အခြား တိုင်းရင်းသား လက်နက်ကိုင်တွေကိုလည်း သူ့နောက်လိုက်ဖို့ စည်းရုံးလိုက်တာတွေဟာ ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်ကို ပိုပြီး ခက်ခဲသွားစေပါလိမ့်မယ်။ ဒါ့အပြင် ၀ တပ်ဖွဲ့ ဦးဆောင်တဲ့ စစ်ရေး မဟာမိတ် အဖွဲ့တစ်ခုခု ဖွဲ့စည်းပြီး လှုပ်ရှား လာ ရင်ဖြင့် ပြည်တွင်းစစ် ပဋိပက္ခ တကျော့ပြန် ပြင်းထန်လာမယ့် အနေအထား အထိ ရောက် သွားနိုင်ပါသေးတယ်။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းမှာ ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်စဲဖို့၊ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ အခုထက်ပို အများကြီး ကြိုးစားအား ထုတ်ရတော့မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG