သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UWSA ဖမ်းထားတဲ့ “ဝ” ခရစ်ယာန်ဓမ္မဆရာတွေ ပြန်လွတ်


UWSA ခေါ် ၀ တပ်ဖွဲ့
UWSA ခေါ် ၀ တပ်ဖွဲ့

ရှမ်းပြည်နယ် အထူးဒေသ၂မှာ UWSA ခေါ် ၀ တပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ ဝလူမျိုး ခရစ်ယာန် ဓမ္မဆရာ ၁၀၀လောက်ကို ဒီရက်ပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့ကြောင်းနဲ့ လားဟူ ဓမ္မဆရာ ၉၀ ကျော်ကိုတော့ လွှတ်မပေးသေးကြောင်း လားဟူ နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က တာဝန်ရှိသူက ပြောပါတယ်။ ဒီလို ပြန်လွှတ်ပေးရာမှာ ဘာသာရေးဆိုင်ရာကန့်သတ်ချက်တွေပါဝင်တဲ့ ခံဝန်ချက်ကို လက်မှတ်ထိုးရတယ်လို့လည်း ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

စက်တင်ဘာလ လည်လောက်က စတင်ပြီး ရှမ်းပြည်နယ် အထူးဒေသ၂မှာ ခရစ်ယာန်ဘုရားကျောင်း ၆၀ကျော်လောက် ပိတ်သိမ်းခဲ့သလို သာသနာဝန်ထမ်း ဓမ္မဆရာအတော်များများကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ ပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဝလူမျိုး ဓမ္မဆရာ ၁၀၀လောက် ပြန်လွတ်လာကြောင်း ကျိုင်းတုံအခြေစိုက် လားဟူနှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်က တာဝန်ရှိသူ တဦးက အခုလို ပြောပါတယ်။

“၀ ဓမ္မဆရာတွေ ပြန်လွတ်လာတယ်လို့ ကြားတယ်။ ၁၀၀ကျော်ကျော်လေး လွတ်လာတယ်လို့ ကြားတယ်။ အခုလွတ်တာက ၀ ။ ၁၁၀ဦး ဖမ်းထားတာလား မသိဘူး။ ၁၁၀။ အများစုက လွတ်လာပြီ။ ၇ယောက်ပဲ ကျန်တယ်လို့ ကြားတယ်။ အခုလွတ်လာတာက ၀ ။ကျနော်တို့ ၉၀ကျော်က လားဟူလေ။ လားဟူက မလွတ်လာသေးဘူး။”

လားဟူနှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်ကနေ မြန်မာနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ကို ပေးပို့တဲ့စာမှာ ဓမ္မအမှုတော်ဆောင် ၉၂ဦး ကို ဖမ်းဆီးခံထားရတာကြောင်း ဖော်ပြ ထားပါတယ်။

ဘာသာရေးဆိုင်ရာ ခံဝန်ကတိကို လက်မှတ်ရေးထိုးသူတွေကိုသာ လွှတ်ပေးခဲ့တာဖြစ်ကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“ သူတို့ အိမ်ပြန်ရောက်ရင် ဘုရားကျောင်းမှာ ဘုရားမရှိခိုးတော့ဘူး။ ကိုယ့်ဟာကိုယ် အိမ်မှာဘဲ ရှိခိုးမယ်ဆိုပြီးတော့၊ နောက် သာသနာလုပ်ငန်းတွေကို ဝရဲ့ အဖွဲ့ခေါင်းဆောင်တွေရဲ့ ညွှန်ကြားချက်အောက်မှာပဲ နေမယ်ဆိုပြီးတော့ သူတို့ ခံဝန်ချက်ထိုးခဲ့ရတယ်လို့ ပြောတယ်။ အဲလို လက်မှတ်မထိုးတဲ့ ဆရာတော် ၇ပါးကတော့ မလွတ်လာသေးဘူးလို့ ကြားတယ်။”

အထူးဒေသ၂နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဓမ္မဆရာတဦးကတော့ - “ ကြားရသလောက်တော့ ၄- ၅ ယောက်လောက်တော့ ရှိတယ်။ ဒီလို ခံဝန်ချုပ်လက်မှတ်ထိုးပြီးတော့မှ ထွက်လာရတယ်ပြောတယ်။ တရားမဟောတော့ဘူး။ ဘာသာမဝင်တော့ဘူး စသည်ဖြင့်ပေါ့။ ခရစ်ယာန်ဘာသာမလုပ်တော့ဘူးဆိုတဲ့အထိပေါ့။ လုပ်မယ်ဆိုရင် ထောင်ဒဏ်ဘယ်လောက်ပေါ့။ ထောင်ဒဏ်ရယ်၊ ဒဏ်ငွေရယ်။ တရုတ်ငွေ သိန်းနဲ့ချီပြီးပေါ့။ လျော်ရ ထည့်ရမယ် ဘာညာပြောတာပေါ့။ အဲလိုမျိုး အဲလိုမျိုးခံဝန်ချုပ်ပေါ့။ အဲဒီအထိတော့ ကြားရတယ်။”

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ရဲ့ လားရှိုးဆက်ဆံရေးရုံး ဒုတာဝန်ခံ ဦးညီရန်းကတော့ ဓမ္မဆရာတွေကို ပြန်လွှတ်ပေးတာ ၃-၄ရက်ရှိပြီဖြစ်ကြောင်း၊ အတော်များများလွှတ်ပေးနေပေမဲ့ အရေအတွက် အတိအကျမသိရကြောင်း နဲ့ ခံဝန်ချက်လက်မှတ်ထိုးခိုင်းပေမဲ့ ဘာသာမကိုးကွယ်ရဆိုတာမပါဝင်ကြောင်း Facebook messenger က တဆင့်ဖြေကြားပါတယ်။

မြန်မာနိုင်ငံသာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းရာမှာတော့ သတင်းပြန်ကြားရေးဌာနခွဲ (သာသနာရေး) ညွှန်ကြားရေးမှုး ဦးအောင်ဆန်းဝင်းက ခရစ်ယာန်သာသနာပြုတွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး အခုလို ပြောဆိုပါတယ်။

“ ကျနော်တို့ ဆီကို တင်ပြလာတာမရှိသေးဘူးခင်ဗျ။ မရှိသေးဘဲနဲ့ ကျနော် သုံးသပ်ချက် မပြောလိုပါဘူးခင်ဗျ။ ”

ရှမ်းပြည်နယ် အထူးဒေသ ၂မှာ UWSA ဝတပ်ဖွဲ့ ဗဟိုရဲ့ ခွင့်ပြုချက်မရဘဲ ဆောက်လုပ်တဲ့ ဘာသာရေးအဆောက်အဦးတွေကို ဖျက်သိမ်းနေတာဖြစ်ကြောင်း၊ ဝပြည်နယ် ပြဌာန်းဥပဒေကို ကျော်လွန်တဲ့ အစွန်းရောက်တဲ့ မည်သည့် ဘာသာကိုမှ လက်မခံကြောင်း ဝတပ်ဖွဲ့ဘက်ကတော့ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG