သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UWSA ဌာနချုပ်မှာ တိုင်းရင်းသား ညီလာခံ ကျင်းပဖို့ ပြင်ဆင်


Berlin
Berlin

UWSA ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် ဌာနချုပ်ရှိရာ ပန်ဆမ်းမှာ လာမယ့် မေလဆန်းထဲ တိုင်းရင်းသား ညီလာခံတရပ် ကျင်းပဖို့ ပြင်ဆင်နေကြ ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရတို့ကြား တနိုင်ငံလုံး အတိုင်းအတာ အပစ်ခတ်ရပ်စဲရေး စာချုပ် လက်မှတ် ထိုးဖို့ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း အခြေခံ သဘောတူခဲ့ပြီးနောက် ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ သဘောထား အသေးစိတ်ကို UWSA မှာလုပ်မယ့် ညီလာခံမှာ ညှိနှိုင်းသွားဖို့ ရှိပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။

အစိုးရတပ်တွေနဲ့ တနိုင်ငံလုံးအတိုင်းအတာအရ အပစ်ခတ်ရပ်စဲနိုင်ရေး အပြီးသတ် လက်မှတ် မရေးထိုးခင်မှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ သီးသန့် ဆွေးနွေးကြမယ့် တိုင်းရင်းသား ညီလာခံတရပ်ကို လာမယ့် မေလ(၁)ရက်နေ့ကနေ (၃)ရက်နေ့ထိ UWSA ဌာနချုပ်ရှိရာ ရှမ်းပြည်နယ် ပန်ဆမ်းမှာ ကျင်းပသွားဖို့ ပြင်ဆင်နေကြောင်း UWSAတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က VOA ကိုပြောပါတယ်။

" ဒီပန်ဆမ်းမှာ ဆွေးနွေးမယ့် ကိစ္စက အမြန်ဆုံး အပစ်အခတ် ရပ်စဲရေး ဖြစ်ပေါ်လာနိုင်အောင်လို့ နိုင်ငံရေးကိစ္စ ဆွေးနွေးဖို့ ဖြစ်တယ်။ အချိန်ကတော့ မေလ ၁ရက်နေ့မှာ ဖြစ်တယ်။ ၁ရက်၊ ၂ရက်၊ ၃ရက်ပေါ့။ ဒီလိုဖြစ်တယ်။ ဒါပေမဲ့ အခုသတင်းထွက်နေတာက သင်္ကြန်ပြီးလို့ရှိရင် တိုင်းရင်းသားအဖွဲ့တွေ ခေါင်းဆောင်ပိုင်းတွေက တောင်ပိုင်းမှာ တနေရာမှာ ဆွေးနွေးကြမယ်လို့ သုံးသပ်ကြမယ်လို့ သတင်းကလည်း ရှိတယ်။ ဒါကြောင့်မို့ ဒီကိစ္စက ဆက်ပြီးတော့ ဘယ်လိုဆောင်ရွက်ကြမယ်ဆိုတာ ညှိနှိုင်းဖို့ လိုပါသေးတယ်။"

ဦးအောင်မြင့်ပြောသွားတဲ့ ကြိုတင်ဆွေးနွေးပွဲ လုပ်သွားမယ် ဆိုတဲ့ တောင်ပိုင်းဒေသ ဆိုတာကတော့ KNU ထိန်းချုပ်နယ်မြေထဲက နေရာတခုခု ဖြစ်နိုင်ကြောင်း အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ခန့်မှန်းနေပါတယ်။

ပန်ဆမ်းမှာ လုပ်မယ်ဆိုတဲ့တိုင်းရင်းသားညီလာခံဟာ တနိုင်ငံလုံးအတိုင်းအတာ အပစ်ခတ်ရပ်စဲရေး စာချုပ် အောင်အောင်မြင်မြင်နဲ့ အမြန်ဆုံး ချုပ်ဆို လက်မှတ်ရေးထိုးနိုင်ဖို့ ရည်ရွယ်တာဖြစ်ပီး အစိုးရဖက်ကတော့ အစိုးရတပ်တွေနဲ့ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ကိုးကန့် MNDAA တပ်ဖွဲ့နဲ့ တအောင်းပလောင် TNLAတပ်ဖွဲ့တွေကို အဲ့ဒီညီလာခံ မှာ လာတက်စေချင်ပုံ မရဘူးလို့ ဦးအောင်မြင့်က ရှင်းပြပါတယ်။

"ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ဟာက UPWC နဲ့ NCCT တို့ ဆွေးနွေးတာဟာဆိုရင် တစ်နှစ်ကျော်ပြီ။ နည်းနည်းလေး ကြန့်ကြာနေတယ်။ ဒီတော့ မြန်မြန်လေးပြီးအောင် တွန်းအားလေးလည်း ဖြစ်အောင် ဒီဆွေးနွေးပွဲတခုတော့ ဝ အနေနဲ့ ခေါ်ယူပြီးတော့ ကျင်းပပေးနိုင်ဖို့ပေါ့။ အဲ့ ဒီလိုဆိုရင် ပိုပြီးတော့ သင့်တော်မလား ။ နောက်ဆုံးတော့ လည်း ကဲ ဒါဆိုရင်လည်း ကောင်းပါတယ်ဗျာ။ ဝ အဖွဲ့အစည်း အနေနဲ့ ဒီကိစ္စကို တာဝန်ယူပေးပါမယ်။ သူတို့ကလည်း ဝ အဖွဲ့အစည်း ပန်ဆမ်းမှာ လာလုပ်မယ် ဆိုလို့ရှိရင် အားလုံး လုံခြုံရေး၊ သွားလာရေး၊ နေထိုင်မှု အားလုံး အဖွဲ့အစည်းကနေ ဝ အဖွဲ့အစည်းကနေ တာဝန်ယူပေးပါဆိုပြီး ဒီလိုဆွေးနွေးတော့ နောက်ဆုံးတော့ ကျနော်တို့လည်း သဘောတူလိုက်တယ်။ သဘောတူပြီးတော့ ဒီကိစ္စကိုလည်း အစိုးရဘက်ကိုလည်း လွန်ခဲ့တဲ့ လကုန် ၂၆၊ ၇၊ ၈ လောက်ပေါ့ ဦးသိန်းဇော်နဲ့လည်း သွားတွေ့ပြီးတော့ ဒီကိစ္စလေး ဒီလိုရှိတယ်။ တိုင်းရင်းသားတွေ အဖွဲ့အစည်း ကလည်း ပြောတာရှိတယ်။ ဆွေးနွေးခဲ့တာလည်း ရှိတယ်။ ဒါကြောင့်မို့ ကျနော်တို့က သဘောတူ လက်ခံလိုက်တယ်။ ဦးသိန်းဇော်ရဲ့ ပြန်ပြောကြားချက်ကတော့ လက်ခံနိုင်တယ်။ ဒါပေမဲ့ ကိုးကန့်တို့ ဘာတို့ ပါလာလို့ရှိရင်တော့ မကောင်းဘူးပေါ့။ ဒီသဘောပါ။ "

ဒါပေမယ့် သူတို့ကို ဖိတ်ကြားလာရင်တော့ အဲ့ဒီ့ညီလာခံကို တက်ရောက်မယ်လို့ ကိုးကန့်နဲ့ တအောင်းပလောင် TNLAတပ်ဖွဲ့တွေက ပြောပါတယ်။ TNLA တပ်ဖွဲ့ပြောခွင့်ရသူ တဖုန်းကျော်က ခုလိုပြောပါတယ်။

"ကြားတာကတော့ ဒီ ဝ ကိုလည်း စည်းရုံးဖို့လိုတော့ ဝ မှာလည်း လုပ်မယ်။ NCCT မှာတော့ ဆွေးနွေးနေတယ်လို့တော့ ကျနော်တို့ သိတယ်။ NCCT မနေ့နဲ့ ဒီနေ့ ရန်ကုန်မှာ ဆွေးနွေးတယ်။ အဲ့ဒီ့မှာ ဆုံးဖြတ်ချက်ကျလို့ ဖိတ်တယ်ဆိုရင်တော့ ကျနော်တို့ သွားတက်ရမှာပဲ။ ဟုတ်ကဲ့။"

UWSA နယ်မြေထဲမှာ လက်နက်ကိုင် တိုင်းရင်းသားညီလာခံတရပ် လုပ်ဖို့ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက UWSA အဖွဲ့က စဉ်းစားနေသလို KIO ဖက်ကလည်း အကြံပြုခဲ့တာရှိပါတယ်။ ဒီလို တိုင်းရင်းသားညီလာခံတရပ်ဖြစ်လာဖို့ အကြိုညှိနှိုင်းဆွေးနွေးပွဲတွေကို ၂၀၁၄ ခုနှစ်မှာ ကချင်လိုင်ဇာနဲ့ ကရင်ပြည်နယ်တွင်းမှာ ကျင်းပခဲ့တာတွေ ရှိကြောင်း သိရပါတယ်။

XS
SM
MD
LG