သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတရုံး ညွန်ကြားရေးမှူးချုပ်ဟောင်း ဦးဇော်ဌေး ကွယ်လွန်


မြန်မာသမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေး
မြန်မာသမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေး

[[Zawgyi/Unicode]]

ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရလက်ထက်တွေမှာ သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူခဲ့သူ သမ္မတရုံးညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးဇော်ဌေးဟာ ဒီကနေ့ မေ ၂၃ ရက် မနက်မှာ ရုတ်တရက်ကွယ်လွန်သွားပါတယ်။ အစိုးရနှစ် ဆက်မှာ အရေးပါတဲ့ရာထူးတာဝန်တွေ ထမ်းဆောင်ခဲ့သူ ဦးဇော်ဌေး ကွယ်လွန်သွားတဲ့အကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

သမ္မတရုံး ညွန်ကြားရေးမှူးချုပ်ဟောင်း ဦးဇော်ဌေးဟာ ရုတ်တရက် နှလုံးအောင့်လို့ နေပြည်တော် ခုတင်တထောင်ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် အသက်မမီဘဲ ဆုံးပါးသွားခဲ့တာလို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။

“ဒီမနက်ဖြစ်ဖြစ်ချင်း သတင်းကြားရတဲ့အချိန်မှာ ကိုဇော်ဌေးတပည့်တယောက်က ဖုန်းနဲ့ လှမ်းပြောပါတယ်။ သူကိုယ်တိုင်လိုက်သွားနေတဲ့အကြောင်းပြောပါတယ်။ နောက် ကျနော်တို့သူငယ်ချင်းတယောက်လည်း လိုက်သွားပါတယ်။ လိုက်သွားပြီးဆေးရုံပို့ဖို့ လုပ်ကြတယ်။ ဖြစ်တာတော့ ရင်ဘတ်အောင့်လာပြီးတော့ ချွေးစေးပြန်တယ်။ ဖုန်းဆက်ခေါ်တာပေါ့။ ဖုန်း ဆက်ခေါ်တော့ ဆေးရုံကြီးကိုပို့လိုက်တဲ့ အချိန်မှာပဲ လမ်းမှာပဲ အသက်ဆုံးရှုံးတယ် ခန့်မှန်းတာပေါ့လေ။”

စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ သူ့ကို စစ်တပ်ဘက်က ခေတ္တခဏထိန်းသိမ်းထားခဲ့ ပါတယ်။

အသက် ၄၉ နှစ်အရွယ် ဦးဇော်ဌေးဟာ ၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်း အစိုးရနဲ့ တပ်မတော် တင်းမာနေချိန် စေ့စပ်ညှိနှိုင်းရေးကိစ္စတွေမှာ အဓိကပါဝင်ခဲ့သူ ဖြစ်ပါတယ်။ အာဏာ သိမ်းမှုဖြစ်ပွားခဲ့ပြီးတဲ့နောက် သူလည်း ထိန်းသိမ်းခံခဲ့ရပါတယ်။ ထိန်းသိမ်းခံထားရာကနေ ပြန်လည်လွတ်မြောက်လာပြီးတဲ့နောက် ရာထူးကနေ အနားယူခဲ့ပါတယ်။

ဦးဇော်ဌေးဟာ လက်ရှိစစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ စစ်တက္ကသိုလ်ကတည်းက သူငယ်ချင်းတွေဖြစ်ပြီး အပတ်စဉ် (၃၇) ဆင်းတွေဖြစ်ပါတယ်။ ဦးဇော်ဌေးဟာ အမြောက်တပ်မှာ စတင်တာဝန်ထမ်းဆောင်ပြီး နောက်ပိုင်း လေကြောင်းရန်ကာကွယ်ရေးတပ်ကို ရောက်ခဲ့ကာ အဲဒီမှာ နဝတ တပ်မတော်အစိုးရ လက်ထက်မှာ ဗိုလ်ချုပ်ကြီးစိုးဝင်းနဲ့ ဆုံခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးစိုးဝင်း ဝန်ကြီးချုပ်ဖြစ်တော့ ဦးဇော်ဌေးဟာ ဗိုလ်မှူးအဆင့်နဲ့ အရပ်ဘက်ကိုပြောင်းခဲ့ပြီး အဲဒီအချိန် အစိုးရရုံး ညွှန်ကြားရေးမှုးတာဝန်ယူခဲ့သူပါ။ တာဝန် ကြီးကြီးပိုင်းတွေ ထမ်းဆောင်ရာမှာ ပါဝင်ခဲ့သူတဦးလို့ ဆိုနိုင်သလို တပ်မတော်အစိုးရကနေ အရပ်သားအစိုးရမပြောင်းခင် ဗိုလ်ချုပ်ကြီးစိုးဝင်း ကွယ်လွန်တော့ ၂၀၀၇ ခုနှစ်မှာ ဝန်ကြီးချုပ်အသစ်ဖြစ်လာသူ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဆက်လက်တာဝန် ထမ်းဆောင်လာခဲ့ပါတယ်။

ဦးသိန်းစိန် သမ္မတဖြစ်လာတဲ့အခါမှာ မီဒီယာ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုကြားက အမြင်တွေကို သမ္မတဆီတင်ပြရတဲ့တာဝန်က သူ့ရဲ့အဓိက တာဝန်ဖြစ်လာပါတယ်။ ဒီ တာဝန်ကို ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် တာဝန်တွေနဲ့ ထမ်းဆောင်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးအတွက် ဖွဲ့စည်းတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူတဦး ဖြစ်လာသလို ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်လာပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အဓိကပါဝင်ခဲ့ သူတဦးလည်းဖြစ်ပါတယ်။

သူနဲ့အတူငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ တူတူလုပ်ကိုင်ခဲ့တဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးအကျိုး ဆောင် တဦးဖြစ်တဲ့ ဦးလှမောင်ရွေကတော့ ဦးဇော်ဌေး ကွယ်လွန်တာနဲ့ပတ်သက်လို့ အခုလို ပြောပါတယ်။

“ဦးဇော်ဌေးနဲ့ ကျနော် ၂၀၁၁ ခုနှစ်မှာ စတွေ့ခဲ့တယ်။ အဲချိန်က ဒုညွှန်ကြားရေးမှူးချုပ်တာဝန် ယူထားတယ်။ ၂၀၁၆ မှာ ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ကျနော်တို့စယူတော့ ကျနော် တို့ တွဲလုပ်ခဲ့တယ်။ နောက်ပိုင်းမှာတော့ သူက အစိုးရအဖွဲ့ ငြိမ်းချမ်းရေးအဖွဲ့UPDJC ရဲ့ အတွင်း ရေးမှူးတာဝန်ယူခဲ့တာတွေ့ရတယ်။ အထူးသဖြင့် ၂၀၁၈ နောက်ပိုင်း သူတော်တော်လေး နေရာရလာတယ်။ တော်တော်လေး လုပ်နိုင်ကိုင်နိုင်လာတာ တွေ့ရတယ်။ ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ ကတော့သူတော်တော်လေး လုပ်နိုင်ခဲ့တဲ့ နှစ်လို့ပြောရမယ်။ သူကကျနော်တို့တွေ့ဖူးတဲ့ အစိုးရအရာရှိထဲမှာတော့ တော်တော် ပါးနပ်လိမ္မာပြီးတော့ အပေါင်းအသင်းဆန့်တယ်။ EAO ခေါင်း ဆောင်တွေကြား တော်တော်လေးယုံကြည်မှုဆောက်နိုင်သလို အရပ်ဘက်က တတ်သိပညာရှင်တွေနဲ့လည်း တော်တော်လေးယုံကြည်မှု တည်ဆောက်နိုင်အောင်လုပ်ခဲ့တာတွေ့ရပါတယ်။ သူဆုံးတာတော်တော်နှမြောမိပါတယ်။”

NLD အစိုးရလက်ထက်က အနီးကပ် လက်တွဲလုပ်ဆောင်ခဲ့ဖူးသူလည်းဖြစ်၊ လက်ရှိမှာ NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးမိုးဇော်ဦးကလည်း ဦးဇော်ဌေး ကွယ်လွန်သွားတဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်း အခုလို ပြောပါတယ်။

“ကိုဇော်ဌေးဆုံးသွားတယ်လို့ သတင်းကြားရတာ တော်တော်လေးတော့ စိတ်မကောင်းဖြစ်မိပါတယ်။ အမှန်တော့ သူနဲ့ကျနော်နဲ့က ဒီဘက်နောက်ပိုင်း ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ အလုပ်အတူတွဲလုပ်ခဲ့ဖူးတယ်။ ဒိမတိုင်ခင်ကတော့ သူ့သဘောထားတွေ ဘာတွေ ကျနော်လည်းမကြိုက်တာတွေ အများကြီးရှိပါတယ်။ အယူအဆမတူတာတွေလည်း အများကြီးရှိတယ်။ သို့သော်လည်း သူနဲ့အလုပ်အတူတူ တွဲလုပ်ဖြစ်တဲ့အခါမှာတော့ သူက အလုပ်ကို တော်တော်ဂရုစိုက်တယ်။ professional ဖြစ်အောင် တော်တော်ကြိုးစားတယ်ပေါ့နော်။ တကယ်လည်း လုပ်ငန်းအောင်မြင်မှုအတွက်ကိုလည်း အလေးထားတာကို တွေ့ရတယ်ပေါ့နော်။ ဒါကတော့ ဘာပဲဖြစ်ဖြစ်၊ ဒီလိုလူတယောက် သေဆုံးသွားတာ၊ ဆုံးရှုံးရတဲ့ဟာကတော့ တော်တော်စိတ်မကောင်းဖြစ်စရာပါပဲ။”

KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူး ပဒို စောတာဒိုမူးကတော့ ဦးဇော်ဌေးဟာ အရည်အချင်းရှိတဲ့ ပြိုင်ဘက်တဦးလို့ ယူဆကြောင်း ဗွီအိုအေကို ပြောပါတယ်။

“ကိုဇော်ဌေးကတော့ ကျနော်တို့ လက်ဝှေ့သမားအချင်းချင်းပြောရမယ်ဆိုလို့ရှိရင် သတ္တိရှိတဲ့၊ အရည်အချင်းရှိတဲ့ပြိုင်ဘက်တဦးရယ်လို့တော့ သတ်မှတ်လို့ရပါတယ်။ သူကတော့ ငြိမ်းချမ်းရေးကို တကယ် လိုလားပုံတော့ရတယ်။ ဒါပေမယ့် သူလိုလားတဲ့ငြိမ်းချမ်းရေးဟာ သူ့ရဲ့ရှုဒေါင့်ကနေဖြစ်နေတာပေါ့နော်၊ အဲဒါကြောင့် ကျနော် အခုနကပြောသလိုပဲ၊ တကယ့်အရည်အချင်းရှိတဲ့ ထိုးဘက်တယောက်ပုံစံမျိုးဆိုတာကို ကျနော်က ဥပမာပေးတာပါ။ တဘက်မှာတော့ ပုဂ္ဂိုလ်ရေးအရကတော့ ကောင်းတယ်၊ ဖော်ရွေတယ်။ ကျနော်တို့အလုပ်လုပ်လို့ရတယ်။ ဒါပေမယ့် မူဝါဒပိုင်းဆိုင်ရာမှာတော့ ကျနော်တို့ တကယ် အကောင်းဆုံးပြိုင်ဘက်တွေတော့ ဖြစ်ခဲ့ကြပါတယ်လို့။”


ကြံ့ခိုင်ရေးအစိုးရနဲ့ NLD အစိုးရလို မတူညီတဲ့ အစိုးရ နှစ်ဆက်လုံးရဲ့ ယုံကြည်မှုကိုရခဲ့ပြီး အစိုးရမူဝါဒတွေကို သတင်းစာရှင်းလင်းပွဲတွေမှာ ထွက်ပြောခဲ့သူဖြစ်တာကြောင့် မီဒီယာနဲ့ ဆက်ဆံရေးရှိသူတဦးလည်းဖြစ်ပါတယ်။ သူကွယ်လွန်တာနဲ့ပတ်သက်လို့ သတင်းသမားတဦးလည်းဖြစ် သတင်းမီဒီယာအဖွဲ့ဝင် ဟောင်းတဦးဖြစ်တဲ့ ဦးမြင့်ကျော်က အခုလိုမှတ်ချက်ပေးပါတယ်။

“ဦးဇော်ဌေးနဲ့ပတ်သက်လို့ကတော့ သတင်းရယူခွင့်ကိစ္စပေါ့။ မဏ္ဍိုင် ၄ ရပ်ဆွေးနွေးပွဲတွေ နေပြည်တော်မှာလုပ်တဲ့ဟာတွေမှာ ဆုံဖူးတယ်။ အဲအပိုင်းတွေတော့ရှိတယ်။ သတင်း သိနားလည်မှုအကြောင်းတွေ အရေးကြီးတယ်ဆိုတာ ပြောဖြစ်တော့ အဲဒါတွေက အရေးကြီးတယ် ဆိုတာမျိုး နားလည်တာကိုပြောတာ သတိထားမိတယ်။ သူနဲ့ပတ်သက်တဲ့မှတ်ချက်ကတော့ သူက ဒီအကြောင်းအရာတွေကို နှံ့စပ်သူတယောက်ဖြစ်တယ်၊ ထဲထဲဝင်ဝင်နားလည်တယ်။ တခါတလေ ကျနော်တို့ရပ်တည်ချက်နဲ့သူတို့ ရှုမြင်တဲ့ ရပ်တည်ချက် ကွာဟမှုတွေတော့ ရှိတာပေါ့။ လူတော် တယောက်လို့တော့ပြောချင်ပါတယ်။”

ကွယ်လွန်ချိန်မှာ အသက် ၄၉ နှစ်သာ ရှိသေးပါတယ်။ သူဟာ မှူးဇော်ဆိုတဲ့ကလောင်အမည်နဲ့လည်း စာအုပ်တွေ ရေးသားခဲ့သူတဦးဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ ဇနီးနဲ့ ဆယ်ကျော်သက် အရွယ်သမီးတဦး ကျန်ရစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]





















============

XS
SM
MD
LG