သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

V Gastro ဘားပိုင်ရှင်နဲ့ ဝန်ထမ်းတွေအပေါ် စွဲချက်တင်ပြီ


ဗုဒ္ဓရုပ်ပွားတော်ရဲ့ ဦးခေါင်းတော်မှာ နားကြပ်တပ်ဆင်ထားတဲ့ Buddha Bar လို့ အမည်ပေးထားတဲ့ ပါတီပွဲကြော်ငြာ လက်ကမ်းစာစောင်။
ဗုဒ္ဓရုပ်ပွားတော်ရဲ့ ဦးခေါင်းတော်မှာ နားကြပ်တပ်ဆင်ထားတဲ့ Buddha Bar လို့ အမည်ပေးထားတဲ့ ပါတီပွဲကြော်ငြာ လက်ကမ်းစာစောင်။

ဗုဒ္ဓရုပ်ပုံတော်ကို အရက်ဆိုင် ကြော်ငြာ အဖြစ် အသုံးပြုပြီး လူမှုကွန်ယက် Facebook မှာ တင်ခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ နိုင်ငံခြားသား တဦး အပါအဝင် သုံးဦးတို့ကို ဒီကနေ့မှာ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃ ခုနဲ့ စွဲချက် တင်လိုက်ပြီ ဖြစ်ပါတယ်။ အာမခံ ပေးနိုင်တဲ့ စွဲဆိုချက်တွေ မဟုတ်တာကြောင့်လည်း ဒီလူတွေကို အင်းစိန်ထောင်မှာ ထားရှိထားတယ်လို့လည်း အာဏာပိုင်တို့က ပြောပါတယ်။ ဒီကနေ့ တရားရုံးတင် ကြားနာမှု အခြေအနေ အရပ်ရပ်ကို မသိင်္ဂ ီထိုက်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

နီယွန်မီးရောင်အောက်မှာ ဗုဒ္ဓရုပ်ပုံတော်ကို DJ နားကြပ် တပ်ဆင်ထားပြီး တဖက်မှာ ဗုဒ္ဓဘား လို့ ရေးထားတဲ့ V Gastro Bar ကြော်ငြာ အင်တာနက် Facebook မှာ ပျံ့နှံ့ခဲ့ပြီးတဲ့နောက်မှာတော့V Gastro Bar ရဲ့ အထွေထွေမန်နေဂျာ Phillip Blackwood၊ ဆိုင်ပိုင်ရှင် ကိုထွန်းသူရိန်၊ ဆိုင်ရဲ့ မန်နေဂျာ ထွဋ်ကိုကိုလွင် တို့ကို အာဏာပိုင်တို့ ဖမ်းဆီးပြီး တရားစွဲဆိုထားခဲ့တာပါ။ ဒီကနေ့မှာတော့ သူတို့သုံးဦးတို့ကို ပြစ်မှုဆိုင်ရာ ပုဒ်မ ၃ ခုနဲ့ စွဲချက်တင်လိုက်ပြီ ဖြစ်ပါတယ်။

စွဲချက်တင်ခံရသူ နယူးဇီလန် နိုင်ငံသား Phillip Blackwood ကို ရှေ့နေ ရှေ့ရပ် ဆောင်ရွက်ပေးနေသူ ရှေ့နေကြီး ဦးမြသွေးကတော့ ဒီကနေ့ တရားရုံး အခြေအနေကို အခုလို ပြောပါတယ်။

" ၂၉၅၊ နောက်တခါ ၂၉၅ (က) ပေါ့။ ဒီနေ့ကတော့ တရားလိုပြ သက်သေ လေးယောက်ကို စစ်တယ်။ ဒီနေ့က သုံးယောက်စလုံးကို တရားစွဲတင်လိုက်ပြီ။ စွဲချက်တင်လိုက်ပြီ။ သုံးယောက်စလုံး ဒီပုဒ်မ နဲ့ချည်းပဲ။ ဒီပုဒ်မနဲ့ရော ၁၈၈ ကတော့ အုပ်ချုပ်ရေးရုံးက ထုတ်ပြန်ထားတဲ့ အမိန့်ပေါ့ဗျာ။ ည ဘယ်နေရာပဲ ဖွင့်ရမယ်။ လုံခြုံရေး ဘယ်လိုလုပ်ရမယ်။ ဆူညံခြင်း မပြုရ။ အဲ့တာကိုလည်း ဖောက်ခဲ့တယ်ဆိုပြီး စွဲထားတာပေါ့။ ပုဒ်မ သုံးခု။ ကေ့စ် က နှစ်ခုပေါ့။ ပုဒ်မ တခုက ၂၉၅ရယ်။ ၂၉၅ (က)ရယ်ပေါ့။ ဗုဒ္ဓဆင်းတုတို့ ဘာတို့က ၂၉၅။ ဘုရားကျောင်းဝင်းတို့ တန်ဆောင်းတို့ထဲ ဝင်မယ်။ စော်ကားမယ်။ ရုပ်တုတွေ ရိုက်ဖျက်မယ်။ ဖျက်ဆီးမယ်။ ဘာညာပေါ့။ နောက်တခုက ဒီလိုစာနဲ့ရေးမယ်။ Facebook မှာ ပုံတွေတင်မယ် ဆိုရင် သာသနာ ညှိုးနွမ်းအောင် လုပ်တယ်ဆိုတဲ့ ပုဒ်မ ပေါ့ဗျာ။"

V Gastro Bar က တာဝန်ရှိသူ ၃ ဦးတို့ကို စွဲချက်တင်လိုက်တဲ့ ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၅ ကတော့ လူတစား ကိုးကွယ်သည့် ဘာသာ သာသနာကို စော်ကားရန် အကြံဖြင့် ကိုးကွယ်ဝတ်ပြုသည့် နေရာကို ဖျက်ဆီးခြင်း၊ သို့တည်းမဟုတ် ယုတ်ညံ့စေခြင်း ဖြစ်ပါတယ်။ ပုဒ်မ ၂၉၅ (က) ကတော့ လူတစားကိုးကွယ်သည့် ဘာသာ သာသနာကို ဖြစ်စေ၊ ဘာသာရေး ယုံကြည်မှုကို ဖြစ်စေ စော်ကားခြင်းဖြင့် ထိုလူတစား ကိုးကွယ်ရာ ဘာသာရေး စိတ်ဓာတ်ကို နာကျည်းစေရန် ကြံရွယ်ပြီး မသမာစိတ်ဖြင့် တမင်ကျူးလွန် ပြုလုပ်မှုများ ဖြစ်ပါတယ်။ ဒီပုဒ်မ ၂ ခု အပြင် နောက်ထပ် စွဲချက်တင်ခံရတဲ့ ပုဒ်မကတော့ ၁၈၈ ကတော့ ပြည်သူ့ဝန်ထမ်း က နည်းလမ်းတကျ ထုတ်ပြန်ကြေညာထားသော အမိန့်ကို ဖီဆန်ခြင်း ဖြစ်ပါတယ်။

အခု စွဲချက်တင်ခံရတဲ့ ပုဒ်မတွေက အာမခံ ရနိုင်တဲ့ ပြစ်မှုဆိုင်ရာ ပုဒ်မတွေ မဟုတ်တာကြောင့် အခု ဖမ်းဆီးခံရသူတွေကို ဆက်ပြီး ထိန်းသိမ်းထားပါတယ်။ ဒုတိယ ရဲမှူးကြီး သိန်းဝင်းက အခု အမှုကြားနာမှုကို အခုလို ပြောပြပါတယ်။

VOA-မသိင်္ဂ ီထိုက် ။ ။ အာမခံ ရပါသလားရှင်။

ဒုတိယ ရဲမှူးကြီး သိန်းဝင်း။ ။ မရပါ။ မရပါဘူး။

VOA-မသိင်္ဂ ီထိုက်။ ။ နောက် ရုံးချိန်းက ဘယ်နေ့လဲရှင့်။

ဒုတိယ ရဲမှူးကြီး သိန်းဝင်း။ ။ 26။

VOA-မသိင်္ဂ ီထိုက်။ ။ ၂၆ရက်နေ့နော်။

ဒုတိယ ရဲမှူးကြီး သိန်းဝင်း။ ။ ဟုတ်ပါတယ်။

VOA-မသိင်္ဂ ီထိုက်။ ။ သူ့ကို ဖမ်းတဲ့ ပုဒ်မက ဘာပါလဲ ဆရာ။

ဒုတိယ ရဲမှူးကြီး သိန်းဝင်း။ ။ ၂၉၅။ ၂၉၅/က။

VOA-မသိင်္ဂ ီထိုက်။ ။ တရားလို လုပ်တာ ဘယ်သူပါလဲ။

ဒုတိယ ရဲမှူးကြီး သိန်းဝင်း။ ။ လဝက ဦးစီးမှူး။ ဦးရဲစိုးမြင့်။

VOA-မသိင်္ဂ ီထိုက်။ ။ အခုဟာက အာမခံ မရတော့ ဘယ်မှာ ချုပ်ထားပါလဲရှင့်။

ဒုတိယ ရဲမှူးကြီး သိန်းဝင်း။ ။ အင်းစိန်ထောင်။

VOA-မသိင်္ဂ ီထိုက်။ ။ ဆရာ တကယ်လို့ အပြစ်ရှိကြောင်း တွေ့ရရင် ပြစ်ဒဏ်က ဘယ်လောက်လောက် ခံရနိုင်ပါသလဲ။

ဒုတိယ ရဲမှူးကြီး သိန်းဝင်း။ ။ ကျနော် မခန့်မှန်းပါဘူး။ တရားသူကြီးချမှာပါ။

ဒီကနေ့ တရားရုံးမှာ ကြားနာမှုမှာတော့ သတင်းထောက်တွေ၊ နောက် စွဲဆိုခံရသူဘက်က လူပုဂ္ဂိုလ်တွေ လာရောက်ခဲ့ကြပြီး ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ပါတယ်။

မနေ့ကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟို ပြန်ကြားရေး အဖွဲ့ဝင်ဟောင်း စာရေး ဆရာ ထင်လင်းဦးကို ပုဒ်မ ၂၉၅ (က) သာသနာ ညှိုးနွမ်းစေမှု ပုဒ်မနဲ့ စစ်ကိုင်းတိုင်း ချောင်းဦး တရားရုံးက အာမခံမပေးဘဲ အချုပ်နဲ့ တရားရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

XS
SM
MD
LG