သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုဒ္ဓပုံတော် နားကြပ်တပ်ကြော်ငြာသူ ၃ ဦး ထောင်ဒဏ်ချမှတ်ခံရ


 V Gastro Bar ပိုင်ရှင်နဲ့ မန်နေဂျာကို ရုံးထုတ်စစ်ဆေး။ (ဇန်နဝါရီ ၂၊ ၂၀၁၅)
V Gastro Bar ပိုင်ရှင်နဲ့ မန်နေဂျာကို ရုံးထုတ်စစ်ဆေး။ (ဇန်နဝါရီ ၂၊ ၂၀၁၅)

ဗဟန်းရွှေတောင်ကြားလမ်းထဲက V Gastro Bar ရဲ့ အရောင်းမြှင့်တင်မှု ပိုစတာမှာ ဗုဒ္ဓရုပ်ပွားတော်ပုံကို နားကြပ်တပ်ထားတဲ့ ကြော်ငြာကြောင့် သာသနာညှိနွမ်းမှု အပါအဝင် ပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ ဆိုင်ပိုင်ရှင် အပါအဝင် ဆိုင်ဝန်ထမ်း ၂ ဦးကို မတ်လ ၁၇ ရက်နေ့မှာပဲ ဗဟန်းတရားရုံးကနေ ထောင် ၂ နှစ်ခွဲစီ ချလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

V Gastro Bar ရဲ့ အရောင်းမြှင့်တင်ရေး ပိုစတာဟာ ဘာသာရေးယုံကြည်မှုကို ထိခိုက်စေတယ်ဆိုပြီး ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီး ၃ လနီးပါးကြာ အမှုရင်ဆိုင်ပြီးတဲ့နောက်မှာတော့ ဗဟန်းမြို့နယ် တရားရုံးကနေ ထောင်ဒဏ်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဗုဒ္ဓပုံတော်ကို နားကြပ်တပ်ဆင်ကာ ကြော်ငြာခဲ့တဲ့ V Gastro Bar ဆိုင်ပိုင်ရှင် ဦးထွန်းသူရိန်နဲ့ မန်နေဂျာတွေဖြစ်တဲ့ ဦးထွဋ်ကိုကိုလွင်၊ နယူးဇီလန် နိုင်ငံသား Mr.Philips တို့ကို ဗဟန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ်နဲ့ ၆ လစီ ချမှတ်ခဲ့ကြောင်း Mr.Philips ရဲ့ ရှေ့နေ ဦးမြသွေးက အခုလို ပြောပြပါတယ်။

“၂၉၅ (က) နဲ့ ၂ နှစ်ချတယ်။ ပုဒ်မ ၁၈၈ အရ ဒေသန္တရအမိန့် အပိုဒ် ၂ ကို ဖောက်ဖျက် ကျူးလွန်တဲ့အတွက် ၆ လစီချတယ်။”

အမှုရင်ဆိုင်တဲ့ကာလ ၃ လတာအတွင်းမှာ တရာခံတွေအဖြစ် စွပ်စွဲခံရသူတွေဘက်က လုံလောက်တဲ့ ခုခံချေပခွင့်တွေ ရခဲ့ပါသလားလို့ မေးတဲ့အခါမှာတေ့ ရှေ့နေဖြစ်သူ ဦးမြသွေး က အခုလို ဖြေပါတယ်။

“အပြည့်အ၀ ရတယ်လို့ မပြောနိုင်ပါဘူးခင်ဗျ။ တခွန်းတော့ပြောမယ်ဗျာ။ Lawless Country တကယ်ပါ ဥပဒေနဲ့လည်း မညီဘူးဗျ။ သူတို့ လိုရာဆွဲပြီး လိုရာ ချပစ်လိုက်တာပဲ။ ဒါပဲဗျ။”

နောက်ဆုံး လျှောက်လဲချက်တွေမှာတော့ ပြန်လည်လွှတ်ပေးဖို့ ဥပဒေ အကိုးအကားတွေနဲ့ တင်ပြခဲ့ကြောင်း ဆက်ပြောပြပါတယ်။

“Just a photo ဗျာ သာသနာ ညှိုးနွမ်းအောင် လုပ်တာလည်း မဟုတ်ဘူး။ ဆိုင်ပရိုမိုရှင်းအတွက် Google ထဲကပုံလေးတပုံကို မတော်တဆ တင်မိလိုက်တယ်။ သိသိချင်း ချက်ချင်းဖျက်တယ်။ တောင်းပန်တယ်ဗျ။ ပြဌာန်းဥပဒေနဲ့တော့ ငြိစွန်းခြင်းတော့ မရှိဘူး။ သူ့ဘာသူ စွဲယူသုံးသပ်ပြီး ထောင်ချလိုက်တာပေါ့။ ဒါပေါ့။ Final Argument မှာတော့ အချက်အလက်တွေ၊ ဥပဒေအကိုးအကားတွေ ဘာတွေနဲ့တော့ လွှတ်ပေးဖို့တော့ လျှောက်လဲချက် ပေးခဲ့တာပေါ့ဗျာ။”

ဆိုင်ဖွင့်တာ ၂ ပတ်ကျော်ကြာသာရှိသေးတဲ့အချိန် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာပဲ V Gastro Bar ရဲ့ အရောင်းမြှင့်တင်ရေး ပိုစတာဟာ ဗုဒ္ဓပုံကို နားကြပ် တပ်ပေးထားတယ်ဆိုပြီး လူမှုကွန်ယက်တွေမှာ ဝေဖန်သံတွေ ထွက်ပေါ်အပြီး ဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်း ၂ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဗုဒ္ဓရုပ်ပွားတော်ရဲ့ ဦးခေါင်းတော်မှာ နားကြပ်တပ်ဆင်ထားတဲ့ Buddha Bar လို့ အမည်ပေးထားတဲ့ ဆိုင်ကြော်ငြာကို အင်တာနက် လူမှုကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့ရာကနေ သက်ဆိုင်ရာ ရဲဌာနက ဆိုင်ကို ချက်ချင်းပိတ်လိုက်ပြီး ဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်းတွေကို အစောင့်အရှောက်နဲ့ ယာယီ ထိန်းသိမ်းထားခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေ မဖြစ်ပွားစေဖို့ အချိန်မီ ထိန်းသိမ်းခဲ့ရတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG