သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

V Gastro Bar ကို သာသနာညိုှုးနွမ်းစေမှုနဲ့ အမှုဖွင့်


ဗုဒ္ဓရုပ်ပွားတော် ရဲ့ ဦးခေါင်းတော်မှာ နားကြပ် တပ်ဆင်ထားတဲ့ Buddha Bar လို့ အမည်ပေးထားတဲ့ ပါတီပွဲကြော်ငြာ လက်ကမ်းစာစောင်။
ဗုဒ္ဓရုပ်ပွားတော် ရဲ့ ဦးခေါင်းတော်မှာ နားကြပ် တပ်ဆင်ထားတဲ့ Buddha Bar လို့ အမည်ပေးထားတဲ့ ပါတီပွဲကြော်ငြာ လက်ကမ်းစာစောင်။

ဗုဒ္ဓရုပ်ပွားတော်မှာ နားကြပ် တပ်ထားတဲ့ ပုံကို ဘားဆိုင် ကြော်ငြာအဖြစ် အသုံးပြုခဲ့တဲ့ အတွက် ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ V Gastro Bar ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာ အပါအဝင် နယူးဇီလန်နိုင်ငံသား အထွေထွေမန်နေဂျာတို့ကို သာသနာ ညှိးနွမ်းစေမှု ပုဒ်မ (၂၉၅) နဲ့ အမှုဖွင့် အရေးယူလိုက်ပါတယ်။ မနေ့က ဒီဇင်ဘာလ ၁၀ ရက်နေ့မှာပဲ ဖွင့်လှစ်ခဲ့တဲ့ အဲဒီဘားဆိုင်ရဲ့ ပိုင်ရှင် ကိုထွန်းသူရိန်၊ မန်နေဂျာ ထွဋ်ကိုကိုလွင်နဲ့ နယူးဇီလန်နိုင်ငံသား ဖီးလစ်တို့ကို ဒီကနေ့ ဗဟန်းတရားရုံးမှာ ရုံးထုတ်ပြီး ဒီဇင်ဘာလ (၁၈) ရက်နေ့မှာ စစ်ဆေးဖို့ တရားရုံးချိန်း ပေးပါတယ်။

ဗုဒ္ဓရုပ်ပွားတော်ရဲ့ ဦးခေါင်းတော်မှာ နားကြပ်တပ်ဆင်ထားတဲ့ Buddha Bar လို့ အမည်ပေးထားတဲ့ ဘားဆိုင် ကြော်ငြာကို အင်တာနက် လူမှုကွန်ရက် facebook မှာ ပြန့်နှံ့ခဲ့ရာကနေ သက်ဆိုင်ရာ ရဲဌာနက မနေ့က ညတွင်းချင်း ဆိုင်ကိုချိပ် ပိတ်လိုက်ပြီး ရဲ အစောင့်အရှောက်နဲ့ ယာယီ ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေ မဖြစ်ပွားစေဖို့ အချိန်မီ ထိန်းသိမ်းခဲ့ရ တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီကနေ့ ဗဟန်းတရားရုံးမှာ ရုံးထုတ် စစ်ဆေးစဉ်မှာတော့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးက ရဟန်းသံဃာတော်များနဲ့ လူပုဂ္ဂိုလ်တချို့ လာရောက်စောင့် ကြည့်ခဲ့ ကြပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးခင်ကာလတွေအတွင်း ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာကြောင့် အကဲဆတ်နိုင်တဲ့ ဘာသာရေး ဖော်ပြချက်တွေ၊ ဟောပြော ဆွေးနွေးတာတွေနဲ့ ဘာသာရေး တိုက်ခိုက်မှုတွေကို သတိထားကိုင်တွယ်ဖို့ လိုအပ်တယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ထောက်ပြ ဝေဖန်ထားပါတယ်။

XS
SM
MD
LG