သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူ ချက်သမ္မတဟောင်းနဲ့ မြန်မာ့အရေး


ကွယ်လွန်သူ ချက်သမ္မတနိုင်ငံ သမ္မတဟောင်း ဗားဆလပ်ဟာဗဲလ်။ (မေလ ၁၇၊ ၂၀၁၁)
ကွယ်လွန်သူ ချက်သမ္မတနိုင်ငံ သမ္မတဟောင်း ဗားဆလပ်ဟာဗဲလ်။ (မေလ ၁၇၊ ၂၀၁၁)

မနေ့ကကွယ်လွန်ခဲ့တဲ့ ချက်သမ္မတဟောင်း ဗားဆလပ်ဟာဗဲလ်ရဲ့ ဆောင်ရွက်မှုတွေကြောင့် မြန်မာ့အရေးဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအထိ ရောက်သွားခဲ့ရတယ်လို့ သူနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ဖူးတဲ့ အမေရိကန် အခြေစိုက် မြန်မာ့ရန်ပုံငွေအဖွဲ့ (Burma Fund) ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာသောင်းထွန်းက ပြောပါတယ်။ မြန်မာ့အရေးကို တက်တက်ကြွကြွ ကူညီအားပေးခဲ့တဲ့ မစ္စတာ ဟာဗဲလ်အကြောင်း ဒေါက်တာသောင်းထွန်းကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူ့ရဲ့ စရိုက်သဘာဝက ဘယ်လိုရှိသလဲဆိုတာကို အခုလိုစပြီး ရှင်းပြပါတယ်။

“သူဟာ နိုင်ငံရေးသမား၊ စာပေသမား၊ အနုပညာရှင်၊ အတွေးအခေါ်ပညာရှင်၊ လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ။ ဒီလက္ခဏာစရိုက်တွေ အကုန်လုံးပေါင်းစပ်နေတယ် ဆိုတဲ့သဘောကို ကျနော် တွေ့ရတယ်။ စကားနည်းတယ်။ များသောအားဖြင့် အတွေးထဲမှာ ရှိနေတတ်တယ်။ ဟိတ်ကြီးဟန်ကြီးမရှိဘူး။ ဝတ်တာစားတာက စ ခပ်ရိုးရိုးပဲ။ သာမန်ပြည်သူတစ်ယောက်လိုပဲ။ သိပ်တောက်တောက်ပြောင်ပြောင်၊ ထင်ထင်ပေါ်ပေါ် မရှိဘူး။ ဆက်ဆံတဲ့နေရာမှာ အားလုံးကို တန်းတူဆက်ဆံတယ်။ နွေးထွေးမှုရှိတယ် ဆိုတာကို ကျနော်တွေ့ဆုံဖူးမှုအရ အများကြီးခံစားရပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ငြိမ်းချမ်းရေးဆု ရတဲ့ကိစ္စမှာလည်း သူ့ရဲ့တိုက်တွန်းမှုတွေ၊ သူ့ရဲ့ အားထုတ်မှုတွေ တော်တော်များများ ပါပါတယ်။ ဒီအကြောင်း ရှင်းပြပါဦး။ -

“၁၉၉၁ ခုနှစ် နော်ဝေးက နိုဘဲလ်ငြိမ်းချမ်းရေးဆု ကော်မတီကနေပြီးတော့ နောက်ဆုံး ဆန်ကာတင်စာရင်း တက်လာတဲ့အခါမှာ သမ္မတကြီး ဟာဗဲလ်ကလည်းပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပါဝင်ပါတယ်။ အဲဒီမှာ ဗားဆလပ်ဟာဗဲလ်က သူ့ကို မရွေးပါနဲ့။ သူတို့နိုင်ငံက လွတ်မြောက်ပြီးပြီ၊ သူကိုယ်တိုင်လည်း လွတ်မြောက်ပြီ၊ လောလောဆယ်မှာ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးသင့်တယ်ဆိုပြီးတော့ သူကိုယ်တိုင်ကကို သဘောထားအမြင်တွေ ပေးခဲ့တာကို ကျနော်တို့ တသက်လုံး မေ့လို့မရပါဘူး။”

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးကို ပြောဆိုဆွေးနွေးဖို့ တွန်းအားပေးတဲ့နေရာမှာ မစ္စတာဟာဗဲလ်ကလည်း အဓိကကျတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ ဆိုပါတယ်ခင်ဗျ။ ဒီအကြောင်းကိုလည်း ရှင်းပြပါဦး။ -

“မြန်မာပြည်ကိစ္စက ပြည်တွင်းရေးကိစ္စ မဟုတ်ဘဲနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအပေါ် အထူးသဖြင့် ဒေသတွင်းငြိမ်းချမ်းရေးနဲ့ လုံခြုံမှုကို ထိခိုက်လာတယ် ဆိုတဲ့အနေအထား ဖြစ်လာတဲ့အခါ ဒါနဲ့ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာမှာ ချပြဆွေးနွေးဖို့ သုံးသပ်ချက်စာတမ်းတစ်ခုကို ထုတ်ပြန်တဲ့ နေရာမှာ တောင်အာဖရိကက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးနဲ့အတူ သမ္မတကြီး ဗားဆလပ်ဟာဗဲလ်က ပူးတွဲပြီးတော့ ရေးသားထုတ်ပြန်ခဲ့တယ်။ ဒီဟာရဲ့ သြဇာသက်ရောက်မှုက အင်မတန် ကြီးမားပါတယ်။ ဒီမတိုင်ခင် ကျနော်တို့ ၂၀၀၃ ဒီပဲယင်း ဖြစ်ရပ်ပြီးကတည်းက မြန်မာပြည်ကိစ္စကို ကျနော်တို့လည်း စာတမ်းတွေရေးပြီးတော့ တင်ခဲ့တာပဲ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေပြီး ဝင်ရောက်ဆောင်ရွက်ဖို့ ကိစ္စတွေကိုလည်း ကြိုးပမ်းခဲ့တာပဲ။ ဒါပေမဲ့လို့ သမ္မတကြီးတို့ကိုယ်တိုင် အခုလိုမျိုး သုံးသပ်ချက်တွေ ထုတ်ပြီးတော့ တကယ့် နိုင်ငံတကာ အစည်းအဝေးကြီးတွေမှာ နိုင်ငံတကာ အစိုးရတွေကို ပြောလာတဲ့အခါ ကျတော့ မြန်မာပြည်ကိစ္စဟာ Agenda ပေါ်ကို ရောက်သွားပါတယ်။ ၂၀၀၆ ခုနှစ်မှာ တရုတ်နိုင်ငံနဲ့ ရုရှားကနေ ဗီတိုသုံးလို့ ထိရောက်တဲ့ဆုံးဖြတ်ချက် ဖြစ်မလာပေမဲ့လည်း ဒီလိုမျိုးဆွေးနွေးရမယ့် Agenda ပေါ်ကို ရောက်သွားတဲ့အတွက်ကြောင့် ကနေ့အထိပဲ မြန်မာပြည်အရေးကိစ္စဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆွေးနွေးနေရဆဲ ဖြစ်ပါတယ်။ မစ္စတာ နမ်ဘီးယားတို့ မြန်မာပြည်သွားပြီး ပြန်လာတိုင်းမှာ လုံခြုံရေးကောင်စီမှာ ဒီခေါင်းစဉ်အောက်မှာ ဆွေးနွေးပွဲ ရှိပါတယ်။”

ဒေါက်တာသောင်းထွန်းတို့ တောက်လျှောက် လှုပ်ရှားခဲ့တဲ့ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွေနဲ့ မစ္စတာဟာဗဲလ်ရဲ့ ပါဝင်ပတ်သက်မှုတွေနဲ့ဟာ အကျိုးသက်ရောက်မှုတွေ ရှိပါသလားခင်ဗျ။ -

“သူ သမ္မတကြီးဖြစ်တဲ့အချိန်မှာ ချက်နိုင်ငံခြားရေးပေါ်လစီကို ရေးဆွဲတဲ့နေရာမှာ အထူးသဖြင့် လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ နိုင်ငံသုံးနိုင်ငံကို အဓိက ဦးစားပေးပြီးတော့ ချက်နိုင်ငံအနေနဲ့ လုပ်သွားမယ်ဆိုတဲ့ ပေါ်လစီမျိုး ချပါတယ်။ မြန်မာနိုင်ငံ၊ ကျူးဘားနိုင်ငံ နဲ့ ဘဲလားရု နိုင်ငံတွေပေါ့နော်။ သုံးနိုင်ငံ ရှိပါတယ်။ အဲဒီလိုမျိုး ချထားတဲ့ပေါ်လစီဟာ ဒီနေ့အထိ အစိုးရတွေ ဘယ်လိုပဲ ပြောင်းလဲပြောင်းလဲ ချက်နိုင်ငံရဲ့ပေါ်လစီဟာ ဒီအတိုင်းပဲ ဆက်ရှိနေပြီးတော့ ကနေ့ဆိုလို့ရှိရင် ချက်နိုင်ငံက ကျနော်တို့ရဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး လှုပ်ရှားမှုတွေမှာ၊ နယူးယောက် အထွေထွေညီလာခံမှာပဲဖြစ်ဖြစ်၊ ဂျနီဗာမှာရှိတဲ့ လူ့အခွင့်အရေး ကောင်စီမှာပဲဖြစ်ဖြစ်ပေါ့နော်။ ကျနော်တို့ကို အများကြီး အကူအညီပေးပါတယ်။ အထူးသဖြင့်ကတော့ မြန်မာပြည်အရေးကိစ္စတွေနဲ့ ပတ်သက်လို့ သံတမန်အသိုင်းအဝိုင်းတွေကို ဖိတ်ကြားပြီးတော့ တံခါးပိတ် အစည်းအဝေးတွေ လုပ်ပေးတယ်။ ကျနော်တို့ မြန်မာပြည်အရေးကိစ္စကို တင်ပြလို့ရအောင် အဲဒီလို ဖန်တီးပေးတယ်။ သူတို့ရဲ့ သံတမန်ရေးလမ်းကြောင်းတွေကို အသုံးပြုပြီးတော့ပေါ့။ ဒီလိုမျိုးလုပ်တဲ့နိုင်ငံက လက်ချိုးရည်လို့ ရပါတယ်။ ကျနော်တို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို စင်တင်ပေးတာဟာ ဒီကနေ့ နိုင်ငံတွေ အားလုံးထဲမှာ ကျနော်တို့ သမိုင်းမှာတင်ရမှာက ချက်ရီပါ့ပလစ်နဲ့ အိုင်ယာလန်နိုင်ငံတွေ ဖြစ်ပါတယ်။”

Burma Fund လို့ခေါ်တဲ့ အမေရိကန်အခြေစိုက် မြန်မာ့ရန်ပုံငွေအဖွဲ့ရဲ့ ကုလသမဂ္ဂဆိုင်ရာ ညွန်ကြားရေးမှူး ဒေါက်တာသောင်းထွန်းကို ကျေးဇူးအများကြီးတင်ပါတယ်။

XS
SM
MD
LG