[[Zawgyi/Unicode]]
ဒီဇင်ဘာ ၂၁ ကနေ ၂၇ အထိလုပ်ကြမယ့် ရုရှား-တရုတ် ရေတပ်လေ့ကျင့်ရေးအတွက် ရုရှား ရေတပ်သင်္ဘောတွေထွက်ခွါသွားပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ တနင်္လာနေ့မှာ ပြောပါတယ်။
၂၀၁၂ ခုနှစ်ကတည်းက နှစ်စဉ်လုပ်ခဲ့တဲ့ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုမှာ အရှေ့တရုတ်ပင်လယ်ထဲကို ဒုံးကျည်နဲ့ လက်နက်ကြီးတွေပစ်ခတ်တာပါဝင်မယ်လို့ ရုရှားက ပြောပါတယ်။
“အဓိက ရည်ရွယ်ချက်က ရုရှားနဲ့တရုတ်ရေတပ် ပူးပေါင်းဆောင်ရွက်ရေးခိုင်မာအောင် လေ့ကျင့်တာပါ။ အာရှ ပစိဖိတ်ဒေသအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလမှာ ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက် တရုတ်နဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ စစ်ရေးချိတ်ဆက်နိုင်ဖို့ ရုရှားက နည်းလမ်းရှာဖွေနေတာပါ။ အနောက်နိုင်ငံတွေက မဟာမိတ်တွေ ကိုဆန့်ကျင်ရာမှာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ကို အဓိက မဟာမိတ်အဖြစ် ရုရှားက ရှုမြင်ပါတယ်။ ယူကရိန်းကို ဝင်ရောက်မတိုက်ခိုက်မီမှာပဲ ရုရှားက တရုတ်နဲ့ အကန့်အသတ်မဲ့ မဟာဗျူဟာ တွဲဘက် သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါပေမဲ့ ယူကရိန်းအပေါ် ခုလိုတိုက်ခိုက်တာကို တရုတ်က စိုးရိမ်မကင်းဖြစ်မိကြောင်း အဲဒီလို စတိုက်ကတည်းက ပြောခဲ့ပါတယ်။
လေ့ကျင့်ရေးမှာ Varyag ဒုံးကျည်တိုက်သင်္ဘောအပါအဝင် သင်္ဘော ၄ စင်း ပါဝင်မှာဖြစ်ပြီး တရုတ်က သင်္ဘော ၆ စင်းပါဝင်မှာ ဖြစ်ပါတယ်။ တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေကလည်း စစ်ရေးလေ့ကျင့်မှုမှာ ပါကြမှာဖြစ်ပါတယ်။
=================
[[Unicode]]