ဒီကနေ့ မေလ ၈ ရက်နေ့ကတော့ ဥရောပရဲ့ အောင်ပွဲနေ့ VE Day လို့ လူသိများကြတဲ့ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးတဲ့ နှစ် ၇၀ ပြည့် နှစ်ပတ် လည် နေ့ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် မေလ ၈ ရက်နေ့ ဒီကနေ့မှာ နာဇီ ဂျာမဏီတို့ လက်နက်ချခဲ့ပြီး ဒုတိယ ကမ္ဘာစစ်ကြီးကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံ တဝန်းမှာတော့ ဒုတိယ ကမ္ဘာစစ်ပြီးဆုံးတဲ့ အောက်မေ့အမှတ်ရ အခမ်းအနားတွေ အတော်များများလုပ်ခဲ့ကြပါတယ်။
ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့ချိန်က အမှတ်တရတွေကို ပြန်ပြောင်းအမှတ်ရစေဖို့ အတွက် ဂီတပွဲတွေ ကျင်းပသလို လမ်းတွေပေါ်မှာ လူတွေ စုဝေးပွဲတွေ လည်း ပြုလုပ်ခဲ့ကြပါတယ်။ လန်ဒန်မြို့တော် စိန့်ဂျိမ်းစ် ပန်းခြံမှာလည်း ဂီတပွဲကြီး တခု ကျင်းပဖို့ ရှိသလို စစ်ပြန်စစ်မှုထမ်းဟောင်း ၂၀၀၀ ကျော်တို့ တက်ရောက်ကြ မှာ ဖြစ်ပါတယ်။ ဝက်စ်မင်စတာ ဘုရားကျောင်းက တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ဥရောပ အောင်ပွဲနေ့ ကျေးဇူးတော်အောက်မေ့ပွဲကို ဘုရင်မကြီး Elizabath တက်ရောက်ဖို့လည်း ရှိပါတယ်။
ပြင်သစ် သမ္မတ Francois Hollande ကလည်း ဒီကနေ့မှာ ပဲရစ်မြို့တော်က အညတရ စစ်သည်များ ဗိမာန်မှာ ပန်းခွေချခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry လည်း ဒီအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ ရုရှားတို့ကတော့ မော်စကိုမြို့တော်က ရင်ပြင်နီမှာ ကမ္ဘာစစ်ကြီး ပြီးဆုံးတဲ့နေ့ အထိမ်းအမှတ် အဖြစ် တခမ်းတနား ချီတက်ပွဲကြီးကို ကျင်းပမှာ ဖြစ်ပြီး နိုင်ငံတကာက ဂုဏ်သရေရှိ ဧည့်သည်တော်တွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာတော့ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးတဲ့
အောက်မေ့ဖွယ် အခမ်းအနား ကျင်းပဖို့ ဝါရှင်တန်မြို့တော်ကို ရောက်ရှိနေတဲ့ စစ်ပြန်စစ်မှုထမ်းဟောင်းကြီးတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ဒုတိယ ကမ္ဘာစစ် အထိမ်းအမှတ် ခင်းကျင်းပြသထားတဲ့ လေယာဉ်နဲ့ ဝါရှင်တန် မြို့ပေါ်မှာ ပျံဝဲမှာ ဖြစ်ပါတယ်။
အမေရိကန် သမ္မတ အိုဘားမားကတော့ ဒုတိယ ကမ္ဘာစစ်ပြန် စစ်မှုထမ်းဟောင်းကြီးတွေကို ရည်ညွှန်းပြီး စစ်ကြီးကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေး အုတ်မြစ်ကို ချပေးပြီး ကမ္ဘာကို ကယ်တင်ခဲ့တယ်လို့ သူ့ရဲ့ အပတ်စဉ် မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။