သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဥတ္တမနေ့ ကျင်းပ


ဦးဥတ္တမနေ့အခမ်းအနား - ရန်ကုန်
ဦးဥတ္တမနေ့အခမ်းအနား - ရန်ကုန်

တိုင်းပြည်မှာ အဓိကလိုအပ်ချက်ဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသားတွေ အားလုံး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရေးကို ရခိုင်ပြည်သူလူထုနဲ့အတူ တိုင်းရင်းသား ပြည်သူတရပ်လုံးက ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြဖို့ (၇၇)ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့မှာ ရခိုင်အဖွဲ့တွေက တိုက်တွန်းနိုးဆော်လိုက်ပါတယ်။ စက်တင်ဘာ(၉)ရက်နေ့မှာ ကျရောက်တဲ့ (၇၇)ကြိမ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ပြည်သူလူထုက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အပြည့်အစုံ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

၂၀၁၆ ခုနှစ် စက်တင်ဘာလ (၉)ရက်နေ့ ဒီကနေ့ သောကြာနေ့မှာ ကျရောက်တဲ့ ၇၇ကြိမ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အောက်မေ့ အမှတ်တရ ဂုဏ်ပြု အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီးက ကြီးမှူးပြီး ရခိုင် လူမှုအသင်းအဖွဲ့တွေက “ ဦးဥတ္တမနေ့အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ ”ကို ဖွဲ့စည်းပြီး စီစဉ်ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို ရခိုင်တိုင်းရင်းသားတွေနဲ့ ပြည်သူလူထုတွေ စုပေါင်း ပါဝင် ဂုဏ်ပြုတက်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ ရန်ကုန်မြို့က ရခိုင်ပြည်နယ် ဓမ္မာရုံမှာ သံဃာတော် ၂၇ပါးကို ပင့်ဖိတ်ပြီး ဆရာတော်ဦးဥတ္တမကို ရည်စူးပြီး ဆွမ်းကပ် အမျှဝေခဲ့သလို နေ့လည်ပိုင်းမှာတော့ ရွှေတိဂုံဘုရားတောင်ဘက်မုဒ် ဦးဥတ္တမ ပန်းခြံမှာ (၇၇)ကြိမ်မြောက် ဦးဥတ္တမနေ့ အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသားတွေရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အတွက် ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်သွားကြဖို့ ဦးဥတ္တမနေ့မှာ ပြည်သူကို တိုက်တွန်းနိုးဆော်တဲ့ သဝဏ်လွှာပေးပို့တိုက်တွန်းကြောင်း ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဒီအခမ်းအနားမှာ ကျနော်တို့ အဓိကပေးချင်တာကတော့ ဆရာတော်ဦးဥတ္တမ ရဲ့ ဂုဏ်သိက္ခာ၊ သူ့ရဲအနစ်နာခံမှု၊ နောက် လွတ်လပ်ရေးနဲ့ ပတ်သက်ပြီးတော့ သူမျိုးစေ့ချပြီးတော့ မျက်စိဖွင့်ခဲ့တဲ့အရာ တွေဟာ ကျနော်တို့ ဒီဟာတွေကို ပြန်လည်ပြီးတော့ ဖော်ထုတ်တယ်။ ဒီဟာတွေပြန်ပြီးတော့ သတိရအောင့်မေ့တယ်။ ဒီဟာတွေကို ကျနော်တို့ ပြန်ပြီးတော့ နောင်လာနောက်သားတွေသိအောင်အတွက် တန်ဖိုးထားတက်အောင်လို့ ယူဆောင်လာတဲ့ ယဉ်ကျေးမှုတရပ်ဟာ ကျနော်တို့ နိုင်ငံသားအားလုံးလည်း ဒါတန်ဖိုးထားရမယ့်အရာတွေဖြစ်တယ်။ ဒီဟာတွေဖော်ထုတ်ခြင်းအားဖြင့် ပစ္စုပန် မှာလည်း လိုအပ်ချက်တွေလိုအပ်မှုတွေ ပျောက်ဆုံးနေတဲ့ ဂုဏ်သိက္ခာတွေ ပြန်လည်ရယူမြှင့်တင်ခြင်းဖြစ်တယ်လို့ ကျနော်တို့အနေနဲ့ ယူဆတယ်ပေါ့နော်။ ဦးဥတ္တမ အခမ်းအနားကနေပြီးတော့ ကျနော်တို့ ကျန်တဲ့ တိုင်းရင်းသားတွေက ကျနော်တို့ မြန်မာနိုင်ငံသူ ၊ မြန်မာနိုင်ငံသားအားလုံးပေါ့နော် ကျနော်တို့ အဓိကလိုအပ်ချက်ဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး နောက်ပြီးတိုင်းရင်းသားတွေရဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ပေါ့နော်။ ဒါတွေဆက်လက်ရရှိဖို့ ကျနော်တို့ အားလုံးပေါ့နော် လက်တွဲဆောင်ရွက်သွားကြပါစို့ဆိုတဲ့ အဓိက ပြည်သူကို သတင်းစကားပါးချင်တာပေါ့။”

ရခိုင်သဟာယအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးလှမောင်သိန်းကလည်း အခုလို လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့တဲ့ ဆရာတော် ဦးဥတ္တမကို ဂုဏ်ပြုပြီး (၇၇)ကြိမ်မြောက် အခမ်းအနားကို သမိုင်းမဖျောက်ဖျက်ပဲ မျိုးဆက်တွေက အမှတ်တရ ဂုဏ်ပြုအလေးဂါရဝပြုတဲ့အပေါ် ဝမ်းသာဂုဏ်ယူကြောင်းပြောပါတယ်။

“ဆရာတော်ဦးဥတ္တမ ရဲ့ သတ်မှတ်ထားတဲ့နေရာကို ပြန်ပြီးတော့ရတယ်။ ပြီးတော့လည်း တခမ်းတနားနဲ့ ကျင်းပနိုင်တဲ့အပေါ်မှာ ကျနော်တို့ ရခိုင်လူထုကိုယ်စားကော ၊ ကျနော်တို့ အသင်းအဖွဲ့အနေနဲ့ကော အများကြီးကို တကယ့်ကို ကိုယ့်ဆရာတော်ကြီးတပါးကို ခမ်းခမ်းနားနား ပွဲကျင်းပနိုင်တဲ့အတွက်ကို အများကြီးကို ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်ခင်ဗျ။”

ပြုပြင်ပြောင်းလဲရေးဖော်ဆောင်နေတဲ့အစိုးရသစ်လက်ထက်မှာလည်း တိုင်းရင်းသားလူမျိုးတွေ လိုလားတောင့်တတဲ့ တန်းတူညီမျှ အခွင့်အရေးရရှိရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက်လည်း အားလုံးဝိုင်းဝန်း ညှိနှိုင်းအဖြေရှာသွားဖို့ အရေးကြီးတယ်ဆိုတာကိုလည်း ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောပါတယ်။

“အစိုးရသစ်က အရင်အစိုးရရဲ့ စီမံခန့်ခွဲမှု လွှဲချော်မှုတွေနဲ့ ရင်ဆိုင်နေရတယ်။ နောက်ပြီး သူတို့ကိုယ်တိုင်ကလည်း စွမ်းဆောင်ရည်နဲ့ စွမ်းဆောင်မှု လိုအပ်ချက်တွေ လိုအပ်မှုတွေ အများကြီးရှိနေတာကို တွေ့ရတယ်။ အဲဒီတော့ စွမ်းဆောင်ရည်နဲ့ စွမ်းဆောင်မှု လိုအပ်ချက်တွေကို ကျနော်တို့ ဖြည့်ဆည်းဖို့အတွက် နောက် ကျန်တဲ့နေရာတွေမှာလည်း တိုင်းရင်းသားတွေရဲ့ ဆန္ဒတွေ ၊ တိုင်းရင်းသားတွေရဲ့အသံတွေကို နားထောင်ဖို့လိုတယ်လို့ ကျနော်အဓိကအပြောချင်တယ်။”

မြန်မာ့လွတ်လပ်ရေးရယူခဲ့တဲ့ သမိုင်းဖြစ်စဉ်မှာ ဆရာတော်ရဲ့ ရွပ်ရွပ်ချွံချွံ သတ္တိအပြည့်နဲ့ နယ်ချဲ့ကို တော်လှန်ခဲ့တဲ့သမိုင်း၊ အလုပ်ကြမ်းနဲ့ထောင်ဒဏ် အကြိမ်ကြိမ်ကျခံခဲ့ရပေမဲ့ တော်လှန်ရေးမှာ မတွန့်ဆုတ်ခဲ့တဲ့ ဆရာတော်ရဲ့ကျေးဇူး တရားကို ပြန်လည် သတိရအောက်မေ့ပြီး နောင်လာနောက်သားတွေဘက်က ဆရာတော်အတွက် အခုလို ဂုဏ်ပြုသလို အနာဂတ်မျိုးဆက်သစ်တွေအနေနဲ့လည်း ဆရာတော်ဖြစ်စေချင်တဲ့အတိုင်း အနာဂတ်မြန်မာနိုင်ငံကို တည်ဆောက်သွားဖို့ အရေးကြီးတယ်လို့လည်း ဦးဥတ္တမနေ့အခမ်းအနားမှာ သဝဏ်လွှာတွေပေးပို့ နိုးဆော်တိုက်တွန်းခဲ့ကြပါတယ်။

ဦးဥတ္တမ ပန်းခြံမှာကျင်းပတဲ့ ၇၇ကြိမ်မြောက် ဦးဥတ္တမနေ့အခမ်းအနားမှာ ဆရာတော်အရှင်ဦးဥတ္တမအတွက် ရခိုင်လူငယ်တွေက ဂုဏ်ပြု ရတုသီချင်းတွေနဲ့ ဂုဏ်ပြုဖျော်ဖြေကြသလို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရခိုင်တိုင်းရင်းသားဝန်ကြီးက ဦးဆောင်ပြီး ဂုဏ်ပြုပန်းခြင်းနဲ့ ဂုဏ်ပြုသလို ရခိုင်နိုင်ငံရေးပါတီတွေ၊ ရခိုင်ကျောင်းသားသမဂ္ဂ၊ ရခိုင်သာရေး၊ နာရေး လူမှုရေးအသင်းအဖွဲ့တွေ၊ ရခိုင်စာပေနဲ့ယဉ်ကျေးမှုအသင်းအဖွဲ့တွေနဲ့ ၈၈မျိုးဆက် အဖွဲ့ကလည်း တက်ရောက်ပြီး ဂုဏ်ပြုပန်းခွေပန်းခြင်းတွေ နဲ့ အမှတ်တရကျင်းပခဲ့ကြတာပါ။

ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားကို စစ်တွေ၊ ကျောက်ဖြုူစတဲ့ ရခိုင်ပြည်နယ်တဝှမ်းလုံးမှာလည်း အောက်မေ့ဘွယ်အခမ်းအနားကို ကျင်းပသလို ရခိုင်ပြည်နယ်အစိုးရက ဆွမ်းဆက်ကပ်လှူဒါန်းတာ ဦးဥတ္တမရုပ်တုရှေ့မှာ ပန်းခွေချအလေးဂါရဝပြုတာပြုလုပ်ခဲ့ပါတယ်။ ဦးဥတ္တမ ပံျလွန်တော်မူတဲ့ စက်တင်ဘာလ၉ရက်နေ့ကစလို့ ဦးဥတ္တမနေ့အဖြစ် သတ်မှတ်ပြီး ကျင်းပလာခဲ့တာ အခုဆိုရင်တော့ ၇၇ကြိမ်မြောက်ရှိလာပြီဖြစ်ပါတယ်။

ဦးဥတ္တမနေ့ ကျင်းပ
please wait

No media source currently available

0:00 0:04:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG