သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလားဒီမိုကရေစီရေး နိုင်ငံတကာကူဖို့ Juan Guaido တိုက်တွန်း


Juan Guaido 
Juan Guaido 

ဗင်နီဇွဲလားသမ္မတ Nicolas Maduro ကို ရာထူးက ဖယ်ရှားပြီး၊ ဒီမိုကရေစီ ပြန်လည်ပေါ်ထွန်းလာရေး ကြိုးပမ်းမှုတွေကို နိုင်ငံတကာ အသိုင်းအဝန်းက ဝိုင်းဝန်းကူညီကြဖို့ အတိုက်အခံခေါင်းဆောင် Juan Guaido က တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ မေလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အတိုက်အခံ ကိုယ်စားလှယ် အများစု ဝင်ခွင့်မရတာ၊ ဒါမှမဟုတ်ရင်လည်း သပိတ်မှောက်ခဲ့ကြတာကြောင့် Maduro တကျော့ပြန် ရွေးကောက်ခံခဲ့ရတာဟာ ဥပဒေနဲ့ မညီကြောင်း လွှတ်တော်က ကြေညာခဲ့ပြီးနောက်၊ လွှတ်တော်ဥက္ကဋ္ဌ Guaido က ယာယီသမ္မတအဖြစ် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကြေညာထားတာပါ။

အတိုက်အခံတွေ အများစုနဲ့ ထိန်းချုပ်ထားတဲ့ ဗင်နီဇွဲလား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်တဲ့ Guaido ရဲ့ ကြေညာချက်ကိုတော့ အမေရိကန်ကလည်း အသိအမှတ်ပြု လက်ခံထားပါတယ်။ New York Times သတင်းစာမှာ ဒီကနေ့ ဖော်ပြခဲ့တဲ့ သဘောထားအမြင် ဆောင်းပါးမှာတော့ ကမ္ဘာတဝန်းက နိုင်ငံပေါင်း ၅၀ ကျော်ဟာ သူ့ကို ယာယီသမ္မတအဖြစ် ဒါမှမဟုတ်ရင်လည်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဗင်နီဇွဲလားနိုင်ငံမှာ ဥပဒေနဲ့အညီ တာဝန်ရှိတဲ့သူအဖြစ် အသိအမှတ်ပြု လက်ခံထားကြောင်း ရေးသားခဲ့သလို၊ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကို ပန်ကြားခဲ့တာပါ။

နိုင်ငံတကာ သံတမန်တွေခန့်အပ်ပြီး၊ ပြည်ပက တိုင်းပြည်ရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်လည် ရယူနိုင်ဖို့ စတင်ကြိုးပမ်းနေပြီ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ လက်ရှိသမ္မတ Maduro ကို စစ်တပ်က ထောက်ခံမှု မပေးဖို့ စည်းရုံးဖို့ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ လျို့ဝှက်ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်းလည်း ပြောဆိုခဲ့တာပါ။

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် Guaido နဲ့ မနေ့တုန်းက တယ်လီဖုန်းကတဆင့် စကားပြောရာမှာတော့ ဗင်နီဇွဲလားနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး ကြိုးပမ်းမှုတွေကို အခိုင်အမာ အားပေးထောက်ခံတဲ့ သဘောထားကို သမ္မတ Donald Trump က ပြောကြားခဲ့ကြောင်း အိမ်ဖြူတော်က ပြောဆိုထားပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ တည်ငြိမ်မှုတွေ ပြန်လည်ရရှိရေး၊ ၂ နိုင်ငံကြား ဆက်ဆံရေး ပြန်လည်တည်ဆောက်ရေး အားပေးဖို့ ဆက်ဆံရေးလမ်းကြောင်း ပုံမှန်ထားရှိဖို့ သမ္မတ Trump နဲ့ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်တို့ ကတိပြုခဲ့ကြကြောင်းလည်း အိမ်ဖြူတော်ပြောခွင့်ရ Sarah Sanders ကပြောဆိုခဲ့တာပါ။ မနေ့အစောပိုင်းမှာပဲ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် Guaido ကို သမ္မတ Trump က Twitter လူမှုကွန်ရက်ကနေ ချီးကျုးစကား ပြောဆိုထားပါတယ်။

ဗင်နီဇွဲလားဒီမိုကရေစီရေး နိုင်ငံတကာကူဖို့ Juan Guaido တိုက်တွန်း
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG