ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဗင်နီဗွဲလားနိုင်ငံရဲ့ ဆိုရှယ်လစ်သမ္မတ Hugo Chavez ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီးတဲ့နောက် နိုင်ငံရဲ့ ရွေးကောက်ပွဲကော်မရှင်က ဗင်နီဇွဲလားနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲကို လာမယ့်ဧပြီလ ၁၄ ရက်နေ့မှာ ကျင်းပမှာဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။
ကွယ်လွန်သွားတဲ့ သမ္မတရဲ့ အရိုက်အရာကိုဆက်ခံဖို့ ဒုတိယသမ္မတ Nicolaz Maduro က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီး နောက်တနေ့ဖြစ်တဲ့ စနေနေ့မှာ ရွေးကောက်ပွဲကော်မရှင် ကနေ အခုလို ကြေညာလိုက်တာပါ။
အခုစောစောပိုင်းမှာတော့ အတိုက်အခံ သမ္မတလောင်း Henrique Capriles ထက်စာရင် မစ္စတာ Maduro ကို လူကြိုက်ပိုများနေတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
သောကြာနေ့က ကျင်းပတဲ့ သမ္မတ Hugo Chavez ရဲ့ ဈာပန အခမ်းအနားကို တောင်အမေရိက တိုက်နိုင်ငံတွေက သမ္မတ ၁၈ ယောက်နဲ့ တခြားတိုင်းပြည်တွေက နိုင်ငံခေါင်းဆောင်တွေ တော်တော် များများ တက်ရောက်ခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုကလည်း ဈာပနအခမ်းအနားကို တက်ရောက်ဖို့အတွက် သံတမန်အဖွဲ့တဖွဲ့ စေလွှတ်ခဲ့ပါတယ်။
၂ နှစ်ကြာနီးပါး ဝေဒနာခံစားခဲ့ရပြီးတဲ့နောက် ဗင်နီဇွဲလား သမ္မတ Hugo Chavez ဟာ ကင်ဆာရောဂါနဲ့ အင်္ဂါနေ့တုန်းက ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။