သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဗင်နီဇွဲလား စင်ပြိုင်သမ္မတ ၂ ဦး လိုလားသူတွေ အပြိုင်ဆန္ဒပြကြ


ဗင်နီဇွဲလားက အတိုက်အခံခေါင်းဆောင် Juan Guaido ကို ထောက်ခံ ဆန္ဒပြသူများ။ (ဖေဖော်ဝါရီ ၂၊ ၂၀၁၉)

ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် Juan Guaido ကို ထောက်ခံသူတွေနဲ့ သမ္မတ Nicolas Maduro ကို ထောက်ခံသူတွေ စနေနေ့က မြို့တော် Caracas မှာ အပြိုင်ချီတက် ခဲ့ကြသလို လေတပ်ရဲ့ အကြီးတန်း ကွပ်ကဲရေး အဖွဲ့ဝင်တဦးက Maduro ရဲ့ ဆိုရှယ်လစ် အစိုးရကို မထောက်ခံဘဲ အတိုက်အခံခေါင်းဆောင် Guaido ကို ကြားဖြတ်သမ္မတအဖြစ် ထောက်ခံကြောင်း ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲတွေ အချိန်စော ကျင်းပဖို့၊ နောက် နိုင်ငံတကာက Maduro ရာထူးက ဆင်းပေးဖို့ အကြီးအကျယ် ဖိအားပေးနေချိန်မှာ အသွင်ကူးပြောင်းရေး အစိုးရတရပ်ကို ဖွဲ့စည်းပေးဖို့ အတိုက်အခံခေါင်းဆောင် Guaido တောင်းဆိုထားတာကို ထောက်ခံတဲ့ အနေနဲ့ ထောင်နဲ့ချီတဲ့ လူအုပ်က မြို့တော် Caracas ဝန်းကျင်က နေရာ တချို့မှာ စုဝေးခဲ့ကြပါတယ်။ အတိုက်အခံ ခေါင်းဆောင် Guaido လည်း လူထုစုဝေးပွဲ တခုကို ဇနီးဖြစ်သူ Fabiana နဲ့ အတူ ရောက်ရှိလာခဲ့တာမှာ ထောက်ခံသူတွေက အလျင်အမြန် ဝိုင်းရံပေးခဲ့ကြပါတယ်။

သမ္မတ Maduro ကို လိုလားတဲ့ ဆန္ဒပြသူတွေကတော့ မာဒူရိုမတိုင်ခင်က နိုင်ငံခေါင်းဆောင် ကွယ်လွန်ခဲ့ပြီ ဖြစ်တဲ့ ဆိုရှယ်လစ် Hugo Chavesz ဆိုပြီး ပေါ်ထွက်လာစေခဲ့တဲ့ ဘိုလီးဗီးယားတော်လှန်ရေးရဲ့ နှစ် ၂ဝ ပြည့် အထိမ်းအမှတ် အဖြစ် Caracas အနောက်ပိုင်းက လမ်းမတွေပေါ်မှာ ချီတက်ခဲ့ကြတာပါ။

ဗင်နီဇွဲလား လက်ရှိ သမ္မတ Nicolas Maduro
ဗင်နီဇွဲလား လက်ရှိ သမ္မတ Nicolas Maduro

သမ္မတ Maduro က လူထုကို မိန့်ခွန်းပြောဆိုခဲ့ပြီး ဒါဟာဆိုရင် သြဂုတ်လ ၄ ရက်နောက်ပိုင်း ပထမဆုံး လူထုရှေ့ ထွက်လာတာ ဖြစ်ပါတယ်။ လွှတ်တော် ရွေးကောက်ပွဲတွေကို အရင် စီစဉ်ထားတာထက် စောပြီး ကျင်းပမယ့်အကြောင်း သမ္မတ Maduro က ပြောဆိုပြီး သူဟာ နိုင်ငံရဲ့တရားဝင် သမ္မတဖြစ်ကြောင်း၊ အမေရိကန်ရဲ့ ညွှန်ကြားချက်အရ အာဏာသိမ်းဖို့ကြံတဲ့ အတိုက်အခံအဖွဲ့ကို မြင်တွေ့ရတာ အင်မတန် အရှက်ရတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

အတိုက်အခံ ခေါင်းဆောင်ကို ထောက်ခံကြောင်းပြောထားတဲ့ ဗိုလ်ချုပ်ကြီး Francisco Yanez ကတော့ တခြား စစ်တပ်အဖွဲ့ဝင်တွေလည်း ဘက်ပြောင်းကြဖို့ တိုက်တွန်းထားပါတယ်။ အတိုက်အခံခေါင်းဆောင်ကို စစ်တပ်ဘက်က ဘယ်လောက်ထောက်ခံလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG