သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စနိုဒန်ကို ဗင်နီဇွဲလားသမ္မတ ထောက်ခံ


အမေရိကန်အစိုးရက အလိုရှိနေတဲ့ အက်ဝပ် စနိုဒန် (Edward Snowden) ကို သူ့အနေနဲ့ ထောက်ခံတဲ့အကြောင်း ဗင်နီဇွဲလား သမ္မတ နီကိုးလတ်စ် မာဒူရို (Nocolas Maduro) က ပြောဆိုလိုက်ပါတယ်။

စနိုဒန်ဟာ တကမ္ဘာလုံးရဲ့ အကာကွယ်ပေးမှုနဲ့ ထိုက်တန်တယ်လို့ မစ္စတာ မဒူရိုက အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။ စနိုဒန်ဟာ ဘယ်သူ့ကိုမှလည်း မသတ်ခဲ့သလို၊ ဗုံးဖောက်ခွဲဖို့ ကြံစည်ခဲ့တာလည်း မဟုတ်ဘူးဆိုပြီး သူက ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ဆွေးနွေးမှု လုပ်နေတဲ့ မော်စကိုမြို့မှာပဲ ဗင်နီဇွဲလား သမ္မတမာဒူရိုက အခုလို မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။ မစ္စတာမာဒူရိုအနေနဲ့ ရုရှားကနေ ထွက်ခွာသွားတဲ့အခါ စနိုဒန်ကို သူနဲ့အတူ ခေါ်သွားမှာလားဆိုတဲ့ AP သတင်းဌာနက သတင်းထောက်တဦးရဲ့ အမေးကိုတော့ မဖြေဘဲ ရှောင်လွှဲခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ စနိုဒန်ဟာ ရုရှားနိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံထားတာကို ပြန်လည်ရုပ်သိမ်းခဲ့တဲ့အကြောင်း ရုရှား လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ယောက်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ စနိုဒန်ဟာ တခြားနိုင်ငံ ၁၉ ခုမှာလည်း နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားတဲ့အကြောင်း သတင်းတွေမှာလည်း ဖော်ပြထားပါတယ်။

အမှားမခံတဲ့ အမေရိကန် ထောက်လှမ်းရေးသတင်းတွေ ထုတ်ဖော်ပြောဆိုနေတာတွေကို ရပ်မယ်ဆိုရင် နိုင်ငံတွင်းမှာ ဆက်ပြီး နေထိုင်ခွင့်ပြုမယ်ဆိုပြီး ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က တနင်္လာနေ့တုန်းက ပြောလိုက်ပြီးတဲ့နောက် စနိုဒန်ဟာ စိတ်ပြောင်းသွားခဲ့တာလို့ ဗလာဒီမီယာ ပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောခဲ့ပါတယ်။

မော်စကိုလေဆိပ်ထဲက လေယာဉ်ပြောင်းစီးဖို့ ခေတ္တစောင့်ဆိုင်းရတဲ့ transit ခန်းမမှာ စနိုဒန်ရှိနေဆဲဖြစ်တယ်လို့ ပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ရုရှားလေဆိပ်ထဲမှာ ရှိနေစဉ်အတွင်း အမေရိကန်အစိုးရရဲ့ စောင့်ကြည့်ရေးဆိုင်ရာ ထိပ်တန်း လျှို့ဝှက်သတင်းတွေကို စနိုဒန်က ဆက်လက် ထုတ်ဖော် ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။

စနိုဒန်ကို ထောက်ခံတဲ့ လျှို့ဝှက်မှုဆိုင်ရာ ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ဖြစ်တဲ့ Wikileaks ကလည်း စနိုဒန်အတွက် နိုင်ငံပေါင်း ၁၉ နိုင်ငံမှာ ခိုလှုံခွင့်ကို ကူညီလျှောက်ထားပေးခဲ့တာပါ။ အဲ့ဒီနိုင်ငံတွေထဲမှာ တရုတ်၊ အိန္ဒိယ၊ ဘရာဇီးလ် နဲ့ ဥရောပတိုက်ထဲက နိုင်ငံ အတော်များများလည်း ပါဝင်ပါတယ်။

ကနဦး ခိုလှုံခွင့်လျှောက်ထားခဲ့တဲ့ နိုင်ငံတွေထဲမှာ အီကွေဒေါ နဲ့ Iceland လည်း ပါဝင်ပါတယ်။
XS
SM
MD
LG