သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အမျိုးသမီးရေးရာ သံအမတ် ဒေါ်စုနဲ့တွေ့


မြန်မာနိုင်ငံအတွင်းက အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အခွင့်အရေးတွေကို လေ့လာဖို့အတွက် မြန်မာနိုင်ငံကို ရောက်လာတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ နိုင်ငံတကာ အမျိုးသမီးရေးဆိုင်ရာ အမေရိကန် သံအမတ်ကြီး Melanne Verveer က ပြောကြားလိုက်ပါတယ်။ သံအမတ်ကြီး Melanne Verveer ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မေလ ၆ ရက် တနင်္ဂနွေနေ့ ညနေက ၁ နာရီ နီးပါးကြာလောက် တွေ့ဆုံအပြီး အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

နိုင်ငံတကာ အမျိုးသမီးရေးဆိုင်ရာ အမေရိကန် သံအမတ်ကြီး Melanne Verveer ဟာ ရန်ကုန်မှာ ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ ၁ နာရီ နီးပါးလောက် တွေ့ဆုံခဲ့ကြပြီးတဲ့နောက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံဝင်းအတွင်းမှာပဲ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

သူ့အနေနဲ့ မြန်မာနိုင်ငံအတွင်းက အမျိုးသမီးတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေကို လေ့လာဖို့အတွက် ရောက်ရှိလာခြင်းဖြစ်ကြောင်း သံအမတ်ကြီး Verveer က ပြောပါတယ်။

“နိုင်ငံတကာ အမျိုးသမီးရေးဆိုင်ရာ အမေရိကန် သံအမတ်တဦးအနေနဲ့ ပုဂ္ဂိုလ်ရေးအရ ပြောချင်တာကတော့ လူမှုအသိုင်းဝိုင်းအတွင်းမှာ လူတိုင်းဟာ သူ့အခန်းကဏ္ဍကို လုပ်ဆောင်ခွင့်ရှိရမယ် ဆိုတာကို အသိအမှတ်ပြုတဲ့ အနေနဲ့ မြန်မာနိုင်ငံအတွင်း ရက်အနည်းငယ် နေထိုင်ပြီး အမျိုးသမီးတွေနဲ့ အမျိုးသမီးငယ်တွေကို အကျိုးသက်ရောက်စေတဲ့ စိန်ခေါ်မှုတွေ၊ အခွင့်အလမ်းတွေကို လေ့လာဖို့ ရောက်လာတာပါ။ တိုင်းပြည်ရဲ့ လူဦးရေ ထက်ဝက်လောက်ကို နောက်မှာချန်ထားပြီး တိုင်ပြည်တခုအနေနဲ့ တိုးတက်အောင် လုပ်လို့ မရနိုင်ပါဘူး။ ဒီကနေ့မှာတင်ကိုပဲ ကျမအနေနဲ့ စွန့်ဦးတီထွင် စီးပွားလုပ်ကိုင်နေကြတဲ့ အမျိုးသမီးငယ်တွေ၊ တိုင်းပြည် စီးပွားဖွံ့ဖြိုးလာအောင် စွမ်းဆောင်နေသူတွေကို တွေ့ခဲ့ပြီးပါပြီ။ ရှေ့မှာလည်း အလားတူ တွေ့ဆုံမှုတွေ ဆက်လုပ်သွားဖို့ အခွင့်အလမ်းတွေ ရှိနေမယ်ဆိုတာကိုလည်း ယုံကြည်ပါတယ်။”

ဒီသတင်းစာရှင်းလင်းပွဲ အတွင်းမှာပဲ သံအမတ်ကြီး Melenne Verveer အခုလို မြန်မာနိုင်ငံကိုလာတာကို ကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောပါတယ်။

“ကမ္ဘာကြီးက မတူညီတဲ့နေရာတွေမှာ နေထိုင်ကြပေမဲ့လည်း တခြား အမျိုးသမီးတဦးနဲ့ စကားပြောကြည့်တဲ့အခါ အကြောင်းအရာ များစွာမှာ ကျမတို့ တူညီတဲ့ အမြင်သဘောထားတွေ ရှိနေတယ်ဆိုတာကို တွေ့ရပါတယ်။ ဒါကြောင့်လဲ ကျမအနေနဲ့ Melenne Verveer ကို အထူးသဖြင့် ကြိုဆိုချင်ပါတယ်။ အလုပ်တွေနဲ့ မအားတဲ့ကြားကပဲ မြန်မာနိုင်ငံမှာ ရှိနေစဉ်အတွင်း ပျော်ရွှင် စိတ်ချမ်းသာလိမ့်မယ် မျှော်လင့်ပါတယ်။”

သံအမတ်ကြီး Melanne Verveer ဟာ ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့အပြင် အမျိုးသမီးတွေ ဦးဆောင်တဲ့ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေကို တွေ့ဆုံဆွေးနွေးခဲ့တာပါ။

သံအမတ်ကြီး Melanne Verveer ဟာ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စတွေမှာ အမျိုးသမီးတွေရဲ့အရေးပါတဲ့ အခန်းကဏ္ဍကို အလေးထားပြီး ဆွေးနွေး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သံအမတ်ကြီး Verveer ဟာ ရှမ်းပြည်နယ်ကို သွားရောက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ရေရှည်ဖွံ့ဖြိုးရေး ကိစ္စတွေအပေါ် လူနည်းစု တိုင်းရင်းသားတွေနဲ့ ရှမ်းတိုင်းရင်းသူတွေရဲ့အမြင်ကို လေ့လာဖို့ ရှိပါတယ်။

အဲဒီနောက်သံအမတ်ကြီး Verveer ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို သွားရောက်ပြီး လူနည်းစု တိုင်းရင်းသားတိုင်းရင်းသူ အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့လည်း ရှိပါတယ်။ အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်ရည်နဲ့ လုပ်ပိုင်ခွင့် တိုးတက်အောင် မြှင့်တင်နိုင်ရေးအတွက် အခွင့်အလမ်းနဲ့ စိန်ခေါ်မှု အစီအစဉ်ကို အဓိကထား လေ့လာဆောင်ရွက်မယ့် ဒီကိုယ်စားလှယ်အဖွဲ့မှာ အမေရိကန်နိုင်ငံ အခြေစိုက် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေလည်း လိုက်ပါလာကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG