သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်မှာ ပထမဆုံး လေယာဉ် ပြန်ပေးဆွဲသူ အသက် ၁၀၂ နှစ်မှာ ကွယ်လွန်


၁၉၅၄ ခုနှစ်က ရခိုင်ပြည်နယ်က အစိုးရဝန်ထမ်းတွေအတွက် လစာငွေသယ်ပြီးပျံသန်းလာတဲ့ လေယာဥ်ကို ပြန်ပေးဆွဲခဲ့တဲ့ အဖွဲ့ခေါင်းဆောင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ဖွဲ့ဝင် ဗိုလ်စောကျော်အေး အသက် ၁၀၂ နှစ်။ (ဓာတ်ပုံ-courtesy/ဖေဖေါ်ဝါရီ ၂၈၊ ၂၀၂၄)
၁၉၅၄ ခုနှစ်က ရခိုင်ပြည်နယ်က အစိုးရဝန်ထမ်းတွေအတွက် လစာငွေသယ်ပြီးပျံသန်းလာတဲ့ လေယာဥ်ကို ပြန်ပေးဆွဲခဲ့တဲ့ အဖွဲ့ခေါင်းဆောင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ဖွဲ့ဝင် ဗိုလ်စောကျော်အေး အသက် ၁၀၂ နှစ်။ (ဓာတ်ပုံ-courtesy/ဖေဖေါ်ဝါရီ ၂၈၊ ၂၀၂၄)

၁၉၅၄ ခုနှစ်က မြန်မာနိုင်ငံမှာ ပထမဆုံး လေယာဥ်ပြန်ပေးဆွဲခဲ့ရာမှာ ဦးဆောင်ခဲ့သူ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ဖွဲ့ဝင် ဗိုလ်စောကျော်အေးဟာ ရန်ကုန်မြို့ နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပါပြီ။ကွယ်လွန်ချိန်မှာ အသက် ၁၀၂ နှစ်အရွယ်ရှိပါပြီ။ သူတို့ဟာ ရခိုင်ပြည်နယ်က အစိုးရဝန်ထမ်းတွေအတွက်ပေးမယ့်လစာငွေတွေကို တင်ဆောင်ပြီး ရန်ကုန်မြို့ကနေ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နဲ့ စစ်တွေမြို့တို့သွားမယ့် ခရီးသည်တင်လေယာဉ်ကို ပြန်ပေးဆွဲခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၅၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့က ရန်ကုန်-မင်္ဂလာဒုံလေဆိပ်ကနေ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ပျံသန်းမယ့် နိုင်ငံတော်လေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့ပိုင် ဒါကိုတာ XY-ACT လေယာဉ်ကို ဖဆပလအစိုးရကို ခုခံတော်လှန်ဖို့အတွက် ပြန်ပေးဆွဲခဲ့တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ဖွဲ့ဝင်ဗိုလ်စောကျော်အေးဟာ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာအသက် ၁၀၂ နှစ်ရှိပြီဖြစ်ပါတယ်။ သူဟာ တခြားရောဂါမရှိဘဲ လူကြီးရောဂါနဲ့သာ ကွယ်လွန်သွားခဲ့တာလို့ မြေးဖြစ်သူ မဩဂတ်စ်မွန်းက အခုလိုပြောပြပါတယ်။

"ည ၉ နာရီကပါ လူကြီးရောဂါနဲ့ပါ။ ၁၀၂ နှစ်ဆိုတော့ ဖြည်းဖြည်းလေး အိပ်ရင်းနဲ့ဆုံးပါးသွားတာပါ။"

အဲဒီခေတ်က ဟံသာဝတီသတင်းစာအပါအဝင် အစိုးရပိုင်သတင်းစာတွေမှာတော့ အဲဒီလေယာဉ်ပေါ်မှာ ကျောက်ဖြူ ငွေတိုက်ကိုပို့လိုက်တဲ့အစိုးရပိုင်ငွေ ကျပ် ၇၂၄,ဝဝဝ ပါတယ်လို့ရေးကြပါတယ်။ ဒီနောက်အဲဒီ ပိုက်ဆံတွေကို စောကျော်အေးအဖွဲ့နဲ့ ကွန်မြူနစ်ရဲဘော်ဖြူတွေက ခွဲယူသွားတယ်လို့လည်းရေးကြပါတယ်။

သူနဲ့ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံးရဲ့ခေါင်းဆောင်ဟောင်း ဗိုလ်မှူးစိုးစိုးက အခုလိုပြောပြပါတယ်။

"သူ့အမျိုးသားအတွက် သေမင်းကိုသစ္စာနှံသည်-လို့ရေးကြတာ။ အဲဒီတုန်းက ရေးကြတာပါ။ တကယ်တော့ ရိုးရိုးပြောရရင်တော့ သူရဲ့ယုံကြည်ချက်ပေါ့။ သူကအပြုတ်ချမယ်လေ။ လက်နက်ပဲလိုတော့တယ်လေ။ သူကလေယာဉ်ကိုဆွဲသွားတာက ပစ္စည်း (လက်နက်)သယ်ဖို့လေ။"

၁၉၅၄ ခုနှစ်က ရန်ကုန်မြို့ကနေ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နဲ့ စစ်တွေမြို့တို့ကိုသွားမယ့် ခရီးသည်တင်လေယာဉ်တစင်း အပိုင်စီးခံခဲ့ရတာဖြစ်ပါတယ်။ လက်ပစ်ဗုံးကို ဖောက်ခွဲမယ်လို့ခြိမ်းခြောက်ပြီး လေယာဉ်ကိုပြန်ပေးဆွဲခဲ့ကြောင်း မကွယ်လွန်ခင်က ဗိုလ်စောကျော်အေးက ပြောပြခဲ့ပါတယ်။

ဒီလိုလေယာဉ်အပိုင်စီးမှုကို ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) တပ်ဖွဲ့ဝင် စောကျော်အေး၊ စောသိန်းကျော်နဲ့ စောအငြိမ်းတို့က စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စကို ခေါင်းဆောင်ခဲ့သူကတော့ အခုကွယ်လွန်သွားခဲ့တဲ့ စောကျော်အေးဖြစ်ပါတယ်။ သူတို့ရည်ရွယ်ချက်က ကရင်ပြည်နယ်ရဲ့တောင်တန်းဒေသတွေမှာ ဂျပန်စစ်သားတွေချန်ထားခဲ့တဲ့ လက်နက်ခဲယမ်းတွေရှာဖွေပြီး ဧရာဝတီတိုင်းကို ပြန်လည်သယ်ယူမဲ့အစီအစဉ်ဖြစ်တယ်လို့လည်းဆိုပါတယ်။

ခရီးသည် ၁၄ ဦးပါတဲ့လေယာဉ်ဟာ ရခိုင်ပြည်နယ် ဂွမြို့နယ်က သဲသောင်ပြင်မှာဆင်းသက်ခဲ့ပြီး ပြန်ပေးဆွဲခဲ့တဲ့ စောကျော်အေးတို့အဖွဲ့ဟာ လေယာဉ်ဆီမလုံလောက်တာကြောင့် လေယာဉ်ကိုပြန်လွှတ်ပေးခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ တော်လှန်ရေးကိုစိတ်ကုန်ပြီး လက်နက်ချခဲ့ကြတယ်လို့လည်း အဲဒီခေတ်သတင်းတွေမှာ ဖော်ပြကြပါတယ်။ လွန်ခဲ့တဲ့ ၁၉၅၄ ခုနှစ်က ဖဆပလအစိုးရကိုတိုက်ခိုက်ဖို့ လက်နက်ကြီးတွေ သယ်ဆောင်ဖို့ဆိုပြီး သူတို့ဟာ မြန်မာမှာ ပထမဦးဆုံးလေယာဉ်ပြန်ပေးဆွဲခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG