သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်စစ်ပြန်တွေကို သမ္မတအိုဘားမားဂုဏ်ပြု


အာလင်တန် စစ်သင်္ချိုင်းမှာကျင်းပတဲ့ အမေရိကန် စစ်ပြန် စစ်မှုထမ်းဟောင်းများနေ့ အခမ်းအနား တက်ရောက်နေသည့် အမေရိကန်သမ္မတ ဘရက်အိုဘားမား (ဝဲ)။ (နိုဝင်ဘာလ ၁၁၊ ၂၀၁၁)
အာလင်တန် စစ်သင်္ချိုင်းမှာကျင်းပတဲ့ အမေရိကန် စစ်ပြန် စစ်မှုထမ်းဟောင်းများနေ့ အခမ်းအနား တက်ရောက်နေသည့် အမေရိကန်သမ္မတ ဘရက်အိုဘားမား (ဝဲ)။ (နိုဝင်ဘာလ ၁၁၊ ၂၀၁၁)

နိုဝင်ဘာလ ၁၁ ရက် သောကြာနေ့ဟာ အမေရိကန်နိုင်ငံရဲ့ စစ်ပြန် စစ်မှုထမ်းဟောင်းများနေ့ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အာလင်တန် စစ်သင်္ချိုင်းမှာကျင်းပတဲ့ အမေရိကန် စစ်ပြန် စစ်မှုထမ်းဟောင်းများနေ့ အခမ်းအနားအတွက် သမ္မတ ဘရက်အိုဘားမား (Barak Obama) တက်ရောက် ဂုဏ်ပြုခဲ့တာကို ဗွီအိုအေ ရဲ့ အိမ်ဖြူတော် သတင်းထောက် Kent Klein က သတင်းပို့ထားပါတယ်။

နိုင်ငံအတွက် စစ်မှုထမ်းရင်း အသက်ပေးသွားခဲ့သူတွေကို တပ်မတော်စစ်တီးဝိုင်းက အာလင်တန် အမျိုးသား စစ်သင်္ချိုင်းမှာ အာဇာနည်တေးတွေနဲ့ ဂုဏ်ပြုခဲ့ကြတာပါ။ လေထန်တဲ့ ဆောင်းဦးရာသီနေ့ ဖြစ်ပေမဲ့ နေကတော့ သာနေပါတယ်။

ဂုဏ်ပြု အစောင့်တပ်ဖွဲ့က သေနတ်ထမ်း အလေးပြုနေသလို အမေရိကန်သမ္မတ ဘရက်အိုဘားမားကလည်း အသက်ပေးခဲ့ရတဲ့ အမည်မသိ စစ်သည်တော်တွေအတွက် ရည်စူးထားတဲ့ အုတ်ဂူတွေပေါ်မှာ လွမ်းသူ့ပန်းခွေ ချပြီး ဦးညွှတ် အလေးပြုလိုက်ပါတယ်။

ခဏအကြာမှာတော့ သမ္မတ အိုဘားမားက သန်းပေါင်း ၂၂ သန်းလောက်ရှိတဲ့ အမေရိကန် စစ်ပြန် စစ်မှုထမ်းဟောင်းတွေကို သူတို့ရဲ့ နိုင်ငံ့တာဝန် ထမ်းဆောင်မှုတွေအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

“သင်တို့ဟာ အမိနိုင်ငံတော်အတွက် ထူးခြား ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အာဇာနည် မျိုးဆက်တွေနဲ့ ခွဲမရတဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးတွေ ဖြစ်ကြတာမို့ ဂုဏ်သိက္ခာကြီးမားပြီး မြင့်မြတ်တဲ့ အမိနိုင်ငံတော် ကိုယ်စား ကျေးဇူးတင်စကား ပြောပါရစေ။”

သမ္မတ အိုဘားမားက သူရဲ့ အစိုးရအဖွဲ့ဟာ အီရတ်နဲ့ အာဖဂန်နစ္စတန်က အမေရိကန်စစ်ပွဲကို အဆုံးသတ်နေပြီ ဖြစ်ကြောင်းလည်း အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

“မကြာခင် သီတင်းပတ်တွေထဲမှာပဲ ကာလကြာရှည် တိုက်ခိုက်နေတဲ့ အီရတ်စစ်ပွဲဟာ အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာလည်း အသွင်ကူးပြောင်းရေးတွေ ဖြစ်နေပါပြီ။ အမေရိကန်နိုင်ငံသား ရောင်းရင်းတို့ခင်ဗျာ…ကျနော်တို့ရဲ့ တပ်တွေဟာ အိမ်ပြန်လာနေကြပါပြီ။”

ဒီ အမေရိကန်တပ်သားတွေဟာ အမိမြေကို ပြန်ရောက်လာရင် နိုင်ငံရဲ့ စီးပွားရေး ကျဆင်းမှုဒဏ်ကို နဖူးတွေ့ဒူးတွေ့ ကြုံကြရတော့မှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ စီးပွားရေးကျဆင်းမှုနဲ့အတူ အလုပ်လက်မဲ့နှုန်းက ၉ % လောက် လပေါင်းများစွာ မပြောင်းမလဲ ဖြစ်နေတာပါ။

စစ်ပြန်စစ်မှုထမ်းတွေကို အစိုးရအလုပ်ဌာနတွေမှာ ပိုပြီး ငှားရမ်းကြဖို့ သူအမိန့်ထုတ်ထားပါတယ်လို့ သမ္မတက ပြောပါတယ်။ ဒါ့အပြင် ပုဂ္ဂလိက စက်မှုကုမ္ပဏီတွေမှာ စစ်ပြန်စစ်မှုထမ်းဟောင်း ထောင်နဲ့ချီပြီး အလုပ်ခန့်ထားကြရေး အတွက်လည်း သူနဲ့ သူ့ဇနီးဖြစ်သူ မစ်ရဲှလ် တို့က ဆွယ်တရားတွေ ဟောနေတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့ နိုင်ငံရဲ့ စီးပွားရေးကဏ္ဍအတွက် ဒီ စစ်မှုထမ်းဟောင်းတွေမှာရှိတဲ့ ထူးခြားထက်မြက်တဲ့ စွမ်းရည်နဲ့ အထူးကျွမ်းကျင်မှုတွေ လိုအပ်နေတာပါ။ ဒါ့ကြောင့် ကျနော်က 9-11 နောက်ပိုင်းက စစ်ပြန်စစ်မှုထမ်းဟောင်းတွေ သူတို့ရဲ့ အိမ်သူအိမ်သားတွေထဲက တစ်သိန်းလောက်ကို လာမယ့်နှစ်တွေ အတွင်းမှာပဲ အလုပ်ပေးကြဖို့ စီးပွားရေးလုပ်ငန်းရှင်တွေကို ပြောခဲ့ပါတယ်။ ဒီလုပ်ငန်းရှင်တွေထဲက အတော်များများကလည်း ကျနော့်ဇနီး မစ်ရှဲလ်နဲ့အတူ ပူးပေါင်းပြီး သူတို့ ဒီသတ်မှတ်ချက်ပြည့်မီအောင် အလုပ်ပေးနိုင်ပါတယ်လို့ မနေ့ကပဲ ပြောခဲ့ကြပါတယ်။”

သမ္မတနဲ့ သမ္မတကတော်တို့ဟာ စစ်ပြန်စစ်မှုထမ်းဟောင်းများကို သမ္မတအိမ်ဖြူမှာ မနက်ခင်းစာ တည်ခင်း ဧည့်ခံခဲ့ပါတယ်။ အာလင်တန် စစ်သင်္ချိုင်းမှာကျင်းပတဲ့ အခမ်းအနားအပြီးမှာတော့ သမ္မတ ဘရက် အိုဘားမား ဟာ ဟာဝိုင်အီကျွန်း၊ သြစတြေးလျနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို သွားရောက်မယ့် ၉ ရက်ကြာခရီးစဉ်ကို စတင်တော့မှာ ဖြစ်ပါတယ်။

၁၉၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ မနက် ၁၁ နာရီမှာ ပထမကမ္ဘာစစ်ကြီး အဆုံးသတ်ဖို့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာမို့ အပစ်အခတ်ရပ်စဲရေးနေ့အဖြစ် သတ်မှတ်ကြပြီး နောက်ပိုင်းမှာ စစ်ပြန်စစ်မှုထမ်းဟောင်းများနေ့ လို့ ပြောင်းလဲခေါ်ဆိုခဲ့သလို အမေရိကန်စစ်တပ်မှာ စစ်မှုထမ်းခဲ့သူတွေအတွက် ဂုဏ်ပြုပြီး အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG