သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုသမ္မတနဲ့ KIO အဖွဲ့ တွေ့ဆုံ


ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ နေပြည်တော်မှာ တွေ့ဆုံစဉ်။ (မတ်လ ၁၅၊ ၂၀၁၅/ ဓာတ်ပုံ-ဦးလှမောင်ရွှေ fb)
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ နေပြည်တော်မှာ တွေ့ဆုံစဉ်။ (မတ်လ ၁၅၊ ၂၀၁၅/ ဓာတ်ပုံ-ဦးလှမောင်ရွှေ fb)

စစ်ဘေးဒဏ်ခံနေရတဲ့ပြည်သူတွေ ဘဝလုံခြုံရေးအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသားနဲ့ မြန်မာအစိုးရ ခေါင်းဆောင်တွေ နှစ်ဦးနှစ်ဖက် ယုံကြည်မှု ထားပြီး ဆောင်ရွက်ကြဖို့ ကချင် လွှတ်တော်အမတ်က တိုက်တွန်းလိုက်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ စိုင်းမောက်ခမ်း ဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတဲ့အပေါ် အခုလို တောင်းဆိုလိုက်ကြတာပါ။ အသေးစိတ် မဆုမွန် တင်ပြပေးထားပါတယ်။

ဒီနေ့ မတ်လ ၁၅ ရက်နေ့ တနင်္ဂနွေနေ့ မနက်ကိုးနာရီ နေပြည်တော်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုဥက္ကဋ္ဌတွေဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးသိန်းဇော် ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ဒေါက်တာလဂျာ၊ ဗိုလ်ချုပ်ဂွမ်မော်ဦးဆောင်တဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့အကြောင်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ဦးလှမောင်ရွှေကပြောပါတယ်။

“ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ KIO အဖွဲ့နဲ့ ဒီနေ့ နေပြည်တော်မှာရှိတဲ့ MICC2 မှာ တွေ့ပါတယ်။ မနက်ဖြန်မှာတော့ တပ်မတော်က တာဝန်ရှိတဲ့သူတွေနဲ့ KIO အဖွဲ့နဲ့ တွေ့ဖို့လည်း ပြင်ဆင်နေပါတယ်ဗျ။ KIO ဘက်မှာတော့ အချက် သုံးချက်ပေါ့လေ- နံပါတ် တစ်- ကတော့ ကော်မတီဝင်သုံးဦးနဲ့ ဗဟိုကော်မတီဝင် ငါးဦး စုစုပေါင်း ၈ ဦး လာတယ်ဆိုတာကို ဆွေးနွေးတာတွေ့ရတယ်။ နံပါတ်နှစ်-ကတော့ တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး NCA ကို လက်မှတ်ရေးထိုးဖို့ သူတို့ KIA ရဲ့ဗဟိုကော်မတီမှာ မူဝါဒအားဖြင့် ကျပြီးသားဖြစ်တယ်။ ဒါကို ကျနော်တို့ အနည်းငယ်ညှိနှိုင်းနေတာရှိတယ်ပေါ့။ နံပါတ်သုံး-ကတော့ ကျနော်တို့ရဲ့သမ္မတကြီးနဲ့ကာကွယ်ရေးဦးစီးချုပ်တို့ကို သူတို့ KIA ဥက္ကဋ္ဌက ဗဟိုကော်မတီကိုယ်စားပြုပြီးတော့ လက်မှတ်ရေးထိုးထားတဲ့ proposal တွေကို ပေးလိုတယ်လို့ သိရတယ်။ ကျနော်တို့ဘက်ကတော့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ဦးအောင်မင်းတို့ကတော့ အစိုးရဘက်အနေနဲ့တော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အပစ်အခတ်ရပ်စဲရေး မြန်မြန်ပြီးမြောက်အောင်လို့ ညှိနှိုင်းစရာရှိတာတွေကို ညှိနှိုင်းပြီးရင်တော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေရောက်အောင်သွားဖို့ ပြင်ဆင်နေတယ်ဆိုတာကိုလည်း ရှင်းပြပါတယ်။”

နှစ်ရှည်စစ်ဘေးဒဏ်ကို ခံစားနေကြရတဲ့ ကချင်ပြည်သူတွေအပါအဝင် တိုင်းရင်းဒေသတွေက စစ်ဘေးဒုက္ခသည်တွေအရေးနဲ့ စစ်ဒဏ်သင့်ခဲ့တဲ့ဒေသတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အမြန်အကောင်ထည်ဖော်နိုင်ရေး နှစ်ဖက်ခေါင်းဆောင်တွေ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ချိန်မဟုတ် တော့ဘဲ အမှန်တကယ်ယုံကြည်ကြဖို့ အရေးကြီးပြီလို့ ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ်မြေက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

“အခုလို နေပြည်တော်အထိလာတယ်ဆိုတာတော့ ငြိမ်းချမ်းရေးလိုချင်သူတွေအတွက်လည်း ဒါ အားတက်စရာတခုပေါ့နော်။ ဆွေးနွေးတဲ့ခေါင်းဆောင်တွေပေါ့နော်၊ ကျမတို့ တိုင်းရင်းသားခေါင်းဆောင်တွေကို ကျမအနေနဲ့ အနူးအညွတ်တင်ပြချင်တာကတော့ တိုင်းရင်းသားပြည်သူလူထုက နှစ်ပေါင်း ၅၀ ကျော်၊ ၆၀ နီးပါး စစ်ဘေး၊ စစ်ဒဏ် ခံခဲ့ရတဲ့အခါကျတော့ အရာရာတိုင်းဟာဆိုလို့ရှိရင် နိမ့်ကျနေတယ်ပေါ့နော်။ အဲဒီတော့ အပစ်အခတ်မရပ်မစဲမချင်း ကျမတို့ဟာ ကောင်းမွန်တဲ့ဘက်ကို ရဖို့ ခက်ခဲနေတယ်။ ထပ်ထပ်ပြီး ဒီမှာ ပြန်ပြန်လဲနေတဲ့အတွက် မြန်မြန်အပစ်အခတ်ရပ်စဲဖို့အတွက်လည်း လိုအပ်တယ်။ တယောက်နဲ့တယောက် ယုံကြည်မှုကိုလည်း အခုအချိန်မှာ တည်ဆောက်နေဖို့ မဟုတ်တော့ဘူး၊ တကယ်ကို ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက်ဖို့လိုပြီ။”

နေပြည်တော်အထိ ကချင်လွတ်မြောက်ရေးအဖွဲ့ကိုယ်စားလှယ်တွေ လာရောက်တွေ့ဆုံနိုင်ခဲ့တဲ့ အနေအထားအရ ငြိမ်းချမ်းရေးမျှော်လင့်ချက် အလားအလာကောင်းပါတယ်လို့လည်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ဦးလှမောင်ရွှေက ယုံကြည်မျှော်လင့်ပါတယ်။

“KIO အဖွဲ့အနေနဲ့ နေပြည်တော်ကို ရောက်လာတယ်ဆိုတာကတော့ နဂိုရ်ထက်စာရင် ယုံကြည်မှုတွေ ပိုရှိလာတယ်၊ နှစ်ဘက်ညှိနှိုင်းမှုတွေကလည်း ပိုနီးစပ်လာတယ်၊ ဒါဟာ NCCT အတွက်ရော တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ရော၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ သွားဖို့အတွက်ရော ကောင်းတဲ့ဘက်ကို ရောက်လာတယ်လို့ပဲ ကျနော်တို့က မြင်ထားတယ်။”

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက သဘောတူညီ ရရှိခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို အမှန်တကယ်လက်တွေ့အကောင်အထည်ဖော်ဖို့ ကချင်ပြည်သူတွေက လိုလားကြောင်းကိုလည်း ကချင်ပြည်နယ် မိုးညှင်းမြို့က ဦးဆိုင်းနော်ကဆိုပါတယ်။

“လူကြီးတွေ အဲလိုသွားပြီးတော့ တွေ့ဆုံပြီးတော့ ဆွေးနွေးတာတော့ ကောာင်းပါတယ်။ ဒါပေမယ့် အောက်ခြေမှာ ကျနော်တို့ ပြည်သူလူထုကြားထဲမှာ ဖြစ်နေတဲ့ နိုင်ငံရေးသော်လည်းကောင်း၊ စစ်ရေးသော်လည်းကောင်း ကျနော်တို့ ဒီမှာ ကြုံတွေ့၊ မြင်တွေ့နေရတဲ့ဟာကျတော့ အကောင်းဆုံး ဆုံးဖြတ်နိုင်ကြရင်တော့ အဖြေတခုခုရအောင် ဆုံးဖြတ်နိုင်ရင်တော့ အကောင်းဆုံးဖြစ်မယ်လို့ ကျနော်တို့ အဲလိုမျိုး သုံးသပ်မိပါတယ်။”

ဒီနှစ်ထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရေး ဆောင်ရွက်ကြဖို့ အရေးတကြီး လိုအပ်နေပြီလို့လည်း ကချင်ပြည်သူ့လွှတ်တော်အမတ်ဒေါ်ဒွဲဘူက တောင်းဆိုပါတယ်။

“ကချင်အဖွဲ့ဆိုတာတော့ ဒီ KIO အဖွဲ့ဆိုတာလည်း တိုင်းရင်းသားလက်နက်ကိုင်ထဲမှာပေါ့နော် - အင်အားရှိတဲ့အဖွဲ့ကြီးဖြစ်တယ်။ နောက် ဆွေးနွေးပွဲတွေမှာလည်း တော်တော်လေးဦးဆောင်ဆွေးနွေးနေတဲ့ ကဏ္ဍရပ်တွေရှိတဲ့အတွက် ကျန်တဲ့တိုင်းရင်းသားတွေလည်း တကယ့်ကို စောင့်နေတယ်ပေါ့နော်။ ဒီအဖွဲ့မပါဘဲနဲ့တော့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ကတော့ ထိုးနိုင်တဲ့အနေအထား သူတို့လုပ်မှာမဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ တိုင်းရင်းသားအချင်းချင်း တယောက်နဲ့တယောက် လေးစားတဲ့အနေနဲ့ရောပေါ့နော်- အားလုံးအတွက် အများကြီးကောင်းတဲ့ ကဏ္ဍရပ်ဖြစ်တယ်လို့ ကျမတော့ ဒီလိုပဲ ခံယူပါတယ်ရှင့်။”

လာမယ့် မတ်လ ၁၇ ရက်နေ့မှာ ပြန်လည်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ((Union Peacemaking Working Committee-UPWC) နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (Nationwide Ceasefire Coordination Team-NCCT)ရဲ့ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် NCA (Nationwide Ceasefire Agreement-NCA) ချုပ်ဆိုနိုင်ရေး (၇)ကြိမ်မြောက် အစည်းအဝေးပွဲ တက်ရောက်ဖို့ ကချင်ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ရောက်ရှိလာချိန် အခုလို နေပြည်တော်မှာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

XS
SM
MD
LG