သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်း  ထောင်ဒဏ် ၁ နှစ်ချမှတ်ခံရ 


Vicky Bowman (MCRB)
Vicky Bowman (MCRB)

[[Zawgyi/Unicode]]


ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း Vicky Bowman နဲ့ ခင်ပွန်းဖြစ်သူ ဦးထိန်လင်းကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖေါက်မှုနဲ့ အင်းစိန်တရားရုံးက ဒီနေ့ အလုပ်နဲ့ ထောင်ဒဏ်တနှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
သူတို့နှစ်ဦးကို သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေမှာ ထိန်းသိမ်းထားပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေတွေနဲ့ စစ်ကောင်စီက သြဂုတ်လ ၂၄ ရက်နေ့မှာ အမှုဖွင့် ထိန်းသိမ်းခဲ့တာပါ။ ပြည်တွင်းမှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေ လိုက်နာရမယ့်ဥပဒေနဲ့အညီနေထိုင်ဖို့ ပျက်ကွက်တာကြောင့် အရေးယူတာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။ နိုင်ငံခြားသားတဦးအနေနဲ့ သူနေထိုင်မယ့်နေရာ အတိအကျကို သက်ဆိုင်ရာကို ကြိုတင် အကြောင်းကြားဖို့ ပျက်ကွယ်တဲ့အမှုနဲ့ တရားစွဲဆိုခံရတာပါ။

ဗစ်ကီဘိုးမန်း (မြန်မာအမည်-ဒေါ်ဥမ္မာခင်) ဟာ စစ်အစိုးရလက်ထက် ၂၀၀၂ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူက မြန်မာနိုင်ငံမှာ အခြေချနေထိုင်နေပြီး ၂၀၁၃ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Myanmar Center for Responsible Business အဖွဲ့ကိုဦးဆောင်ပြီး မြန်မာနိုင်ငံမှာ တရားဝင် ကုမ္ပဏီဖွင့်လှစ်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး လူအတော်များများ ဖမ်းဆီးခံထားရပြီး သံတမန်ဟောင်းတဦး အခုပထမဆုံး ဖမ်းဆီးထောင်ချခံရတာပါ။ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံရုံးကတော့ မစ္စ ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူတို့ ပြန်လည်လွတ်မြောက်ရေး ကူညီဆောင်ရွက်ပေးနေတယ်လို့ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း Vicky Bowman နဲ့ ခင်ပွန်းဖြစ်သူ ပန်းချီထိန်လင်းတို့ကို လဝကအက်ဥပဒေ ပုဒ်မ ၁၃ (၁)၊ ၁၃ (၅)တို့အရ အလုပ်နဲ့ ထောင်ဒဏ်တနှစ်စီ အသီးသီးကို အင်းစိန်အကျဉ်းထောင်တွင်းတရားရုံးက ဒီကနေ့ စီရင်ချမှတ်ခဲ့ကြောင်း သူတို့အမှုတွေကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေက ဗွီအိုအေကို အတည်ပြုပြောပါတယ်။ သူတို့နှစ်ဦးအနေနဲ့ရှေ့ဆက် ဥပဒေကြောင်းအရ ဘာတွေ ဆက်လက်ဆောင်ရွက်ခွင့်ရှိနေသလဲ။

နှစ်ဦးစလုံး ကိုဗစ်-၁၉ ကူးစက်ခံထားရတာကြောင့် အင်းစိန်အကျဉ်းထောင်ရဲ့ ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆောင်ရွက်သွားဖို့ရှိနိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ဆိုပါတယ်။ ကိုယ်တိုင်လည်း လဝက အက်ဥပဒေနဲ့ ပတ်သက်လို့ အခြား နိုင်ငံခြားသားတွေကို လိုက်ပါဆောင်ရွက်ခဲ့ဘူးတဲ့အတွေ့အကြုံရှိထားသူ ရှေ့နေဦးသန်းဇော်အောင်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။


“လုပ်ထုံးလုပ်နည်းအရ အကျဉ်းဦးစီးနဲ့ပဲ ဆိုင်လိမ့်မယ်ဗျ။ သူတို့ဆီမှာက ထောင်ဆေးရုံပဲရှိတာကို။ ကိုဗစ်ကလည်း ပြီးခဲ့တဲ့နှစ်ကတည်းက ကာကွယ်ဆေးတွေထိုးနေတယ်။ အတွင်းရုံးမှာ ရုံးထွက်တဲ့အချုပ်သားတွေအားလုံးက PPE တွေဝတ်ပြီးတော့ ထွက်ကြတာပေါ့။ သူတို့ဆီမှာက အဲလို အစီအမံတွေ ရှိမယ်ထင်တယ်။”

အင်ကြင်းနိုင်။ ။ အဲလိုမျိုး တရားရုံးက မြန်မြန်ဆန်ဆန် အမှုချတဲ့ဟာမျိုးကျတော့ ဥပမာ-ဆရာတို့ကိုယ်တိုင်ကလည်း တချို့နိုင်ငံခြားသားတွေမှာလည်း အဲလိုမျိုးတွေ ရှိခဲ့ဖူးတော့ ဒီလို လဝက လူဝင်မှုကြီးကြပ်ရေးနဲ့စွဲချက်တွေဆိုရင် အဲလို မြန်မြန်ဆန်ဆန် ချလေ့ရှိသလား။ ဘယ်လို ကိုင်တွယ်လေ့ရှိသလဲရှင့်။

“အဲဒါက အမှု တခုနဲ့တခု မတူဘူးဗျ။ မတူဘူးဆိုတာက စစ်ဆေးပုံစစ်ဆေးနည်းကလည်း ဘယ်လို စစ်ဆေးသလဲပေါ့။ အဲဒါတွေကလည်းပါသေးတယ်။ အဲဒိတော့ ဒီကိစ္စက ကျနော်လည်း မြင်ရတဲ့ကိစ္စမဟုတ်တော့ ပြောဖို့ခက်တယ်။”

အင်ကြင်းနိုင်။ ။ တကယ်လို့ နိုင်ငံခြားသားဆိုလို့ရှိရင် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ပြစ်ဒဏ်ချမှတ်လိုက်ပြီးပြီဆိုရင်၊ စီရင်ချက် ချမှတ်လိုက်ပြီးပြီဆိုရင် နောက်တဆင့်က သူတို့ နိုင်ငံခြားသားတွေအတွက်က သူတို့ဘက်က ဘယ်လို ဆောင်ရွက်ပိုင်ခွင့်ရှိသလဲရှင့်။

“ဥပဒေအရတော့ မြို့နယ်တရားရုံးက သက်ဆိုင်ရာအဆင့်မြင့်တဲ့ခရိုင်၊ တိုင်းဒေသကြီးတရားလွှတ်တော်။ နောက်ဆုံး ပြည်ထောင်စုတရားလွှတ်တော်အထိ အယူခံ ပြင်ဆင်မှုတွေ သွားလို့ရတယ်။ သို့သော် တချို့သောကိစ္စတွေမှာ ဥပမာ ဝန်ခံလိုက်တဲ့ဟာမျိုး၊ ပြန်လှန်မေးခွန်း မေးထားတဲ့ဟာမျိုး မဟုတ်လို့ရှိရင်တော့ အယူခံတို့၊ ပြင်ဆင်ခွင့်တို့မှာတော့ အောင်မြင်ဖို့ အခွင့်အလမ်း နည်းတာပေါ့။”

ဗြိတိန်သံအမတ်ကြီးဟောင်းကို စစ်ကောင်စီက ဘာကြောင့် ထောင်ဒဏ်စီရင်ချက်ချမှတ်ခဲ့သလဲဆိုတဲ့အပေါ်မှာသူ့ရဲ့ အမြင်ကို ဗြိတိန်အခြေစိုက် Burma Campaign UK ရဲ့အမှုဆောင်ညွန်ကြားရေးမှူး Mark Farmaner က ဗွီအိုအေကို အခုလိုပြောပါတယ်။

“Vicky Bowman ကို ဘာကြောင့် ထောင်ဒဏ်ချခဲ့သလဲဆိုတာနဲ့ ပတ်သက်လို့ ခန့်မှန်းချက်တွေ အများကြီးရှိနေပါတယ်။ ဒါပေမယ့် စစ်တပ်က သူ့ကို ဖမ်းဆီးထောင်ချတဲ့နေရာမှာ အမှန်တကယ် သူဘာတွေလုပ်ခဲ့သလဲဆိုတာ ကျနော်တို့ သေချာမသိပါဘူး။ သံတမန်ရေးအရ ဓါးစာခံလုပ်တယ်ဆိုတဲ့ ထင်ကြေးပေးချက်တွေရှိနေပါတယ်။ ဒါပေမယ့် အဲဒီအချက်က မဖြစ်ဖို့များပါတယ်။

ဘာလို့လဲဆိုတော့ Vicky က မြန်မာအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုအများအပြားကို ဆန့်ကျင်တာကို စစ်တပ်က သိပါတယ်။ Vickyဟာ ဗြိတိန်ရဲ့ မြန်မာအပေါ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်အရေးယူမှု မူဝါဒကို ဆန့်ကျင်တယ်ဆိုတာ စစ်ဗိုလ်ချုပ်တွေသိပါတယ်။ ဗြိတိန်ဘက်ကလည်း Vicky Bowman ကိုဖမ်းဆီးလိုက်တဲ့အတွက် သူတို့ မူဝါဒကို ပြောင်းလဲဖို့မရှိပေမယ့် ဆန့်ကျင်ဘက် ပိုပြီးတောင် သဘောထားတင်းမာလာဖို့ရှိပါတယ်။ သူ့ကို စစ်တပ်က ဖမ်းဆီးခဲ့တဲ့အတွက်လည်း ဗြိတိန်က အတော်လေး ဒေါသထွက်နေပါတယ်။

တဘက်မှာလည်း ပြစ်ဒဏ်ချမှတ်တဲ့ နှစ်ကိုကြည့်ရင် အမြင့်ဆုံးဖြစ်တဲ့ ၅ နှစ်ထိ မချဘဲ တနှစ်ပဲ ချခဲ့တာကိုကြည့်ရင် စစ်တပ်က ဒီနေရာမှာ နည်းနည်းတော့ သတိထားတယ်လို့ မြင်ပါတယ်။ ဒါကိုကြည့်ရင် စစ်တပ်ဟာ သူတို့အကျိုးစီးပွားကို အန္တရာယ်ပေးလာမယ့်၊ ခြိမ်းခြောက်လာမယ့် မည်သူမဆို ဖမ်းဆီးအရေးယူမယ်ဆိုတာမျိုးဖြစ်နေပါတယ်။ Vicky အနေနဲ့ စစ်တပ်က စိုးရိမ်မှုဖြစ်စေတဲ့တခုခုကို ပြုလုပ်ခဲ့ပြီး ဒါကို အန္တရာယ်လို့ စစ်တပ်က မြင်ပုံရပါတယ်။ နောက်ပြီး မြန်မာနိုင်ငံတွင်းနေထိုင်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း ကြောက်ရွံ့အောင် သတိပေးလိုက်တာလည်းဖြစ်ပါတယ်။”

အခုလို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်းကို လဝကအက်ဥပဒေနဲ့ ထောင်ဒဏ်ချမှတ်ခဲ့တဲ့အပေါ် ရန်ကုန် ဗြိတိန်သံရုံးရဲ့ တုံ့ပြန်ချက် သိရအောင် ဗွီအိုအေက ကြိုးစားဆက်သွယ်နေပေမယ့် အခုအသံလွှင့်ချိန်ထိ မရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]


















XS
SM
MD
LG