သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်မြောက်လာသူ နိုင်ငံခြားသားတွေ မြန်မာနိုင်ငံက ထွက်ခွာ 


အမျိုးသားနေ့အထိမ်းအမှတ် လွတ်ငြိမ်းခွင့်ပေးပြီးပြန်လွှတ်ပေးသော အကျဉ်းသားများ။ (နိုဝင်ဘာ ၁၇၊ ၂၀၂၂)
အမျိုးသားနေ့အထိမ်းအမှတ် လွတ်ငြိမ်းခွင့်ပေးပြီးပြန်လွှတ်ပေးသော အကျဉ်းသားများ။ (နိုဝင်ဘာ ၁၇၊ ၂၀၂၂)

[[Zawgyi/Unicode]]

အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်နဲ့ အကျဉ်းသား ၅,၇၀၀ ကျော်ကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးတယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် ဒီနေ့ပြန်လွှတ်ပေးနေတာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား Sean Turnell နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း Vicky Bowman တို့ပါဝင်ပါတယ်။ နိုင်ငံခြားသား သတ်မှတ်ချက်စည်းမျဉ်းနဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တာတဲ့ထဲမှာ ဂျပန်နိုင်ငံသား မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးသူ Toru Kubota နဲ့ အမေရိကန်နိုင်ငံသား ကိုကျော်ဌေးဦးတို့လည်း ပါဝင်ပါတယ်။ သူတို့တွေ ထောင်ကလွတ်လာပြီး မကြာခင်မှာပဲ မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ကြပါတယ်။ အကျဉ်းသားတွေ လွတ်မြောက်လာတဲ့အခြေအနေ နောက်ဆုံးသိထားသမျှ သတင်းပေးပို့ချက်ကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဒီနေ့ ညနေပိုင်းအထိ ရန်ကုန်အင်းစိန်အကျဉ်းထောင်ကနေ ပြန်လွတ်လာတဲ့ထဲမှာ Sean Turnell၊ Vicky Bowman၊ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Toru Kubota၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ လရောင်တောစီမံကိန်းမှာ ဦးစီးဦးဆောင်လုပ်နေသူ အမေရိကန်နိုင်ငံသား ကိုကျော်ဌေးဦးတို့ ပါဝင်ပါတယ်။ သြစတြေးလျနိုင်ငံသား နိုင်ငံသား ပါမောက္ခ Sean Turnell နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း Vicky Bowman တို့လည်း မြန်မာနိုင်ငံကနေ အခုညနေမှာပဲ ထွက်ခွာသွားခဲ့ကြတယ်လို့ သံတမန်ရပ်ကွက်က သိရပါတယ်။ လွတ်မြောက်လာသူ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Toru Kubota အကျဉ်းထောင်က လွတ်လာပြီးတာနဲ့ ဒီနေ့ညနေ လေယာဉ်နဲ့ ရန်ကုန်ကထွက်ခွာမှာဖြစ်တယ်လို့ ဂျပန်အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောထားပါတယ်။

၈၈ မျိုးဆက်ပွင့်လင်းအဖွဲ့က ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ NLD ပါတီပြန်ကြားရေးတာဝန်ခံ ဒေါက်တာမျိုးညွန့်၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဟောင်း ဦးကျော်တင့်ဆွေတို့လည်း ဒီနေ့ လွတ်မြောက်လာကြပါတယ်။ NLD အစိုးရလက်ထက် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဟောင်း ဦးသန်းဌေးတို့လည်း ဒီနေ့ လွတ်မြောက်လာကြပါတယ်။

ဒီကနေ့ လွတ်လာသူတွေထဲမှာ ရွှေညဝါဆရာတော်နဲ့ စာရေးဆရာ‌ မောင်သာချိုတို့လည်း ပါဝင်ပါတယ်။ မဇ္ဇျိမသတင်းဌာနရဲ့သတင်းထောက် ကိုသန်းထိုက်အောင်လည်း ရမည်းသင်းအကျဉ်းထောင် ကနေ ပြန်လွတ်လာပါတယ်။

“ဒီနေ့ လွတ်တဲ့နေ့မှာဆိုရင် ကျနော်အဖမ်းခံရတဲ့ရက်နဲ့တွက်ပြီး ပြောရရင် လပေါင်း ၂၀ ပြည့်ဖို့ ၂ ရက်ပဲ လိုတော့တယ်ဆိုတော့ ကျနော့်ရဲ့ပြစ်မှုမှတ်တမ်းနဲ့ပတ်သက်တဲ့ ထောင်ကပေးလိုက်တဲ့စာရွက်မှာဆိုရင် ကျနော်က ပြစ်မှုကြွေးကျန် ၂ လကျော်ကျန်တာပေါ့ဗျာ။ နှစ်လကျော် သုံးလနီးပါး ကျန်တာပေါ့။ သူတို့နဲ့ပြောတဲ့ ၄၀၁ အရ ပြောရရင်တော့ နှစ်လကျော် သုံးလနီးပါးကျန်တယ်။ တကယ်တော့ အကျဉ်းထောင်လက်စွဲဥပဒေအရပြောရရင် ကျနော်သည် ၂၀၂၃၊ ဇန်နဝါရီလဆန်းပိုင်းမှာ လွတ်လောက်တဲ့အနေအထားမှာရှိတယ်။ ...ဆိုတော့ အခု လွတ်ငြိမ်းပေးတယ်ပေါ့ဗျာ၊ လွတ်ငြိမ်းပေးတယ်ဆိုတော့ လွတ်ငြိမ်းရဲ့အခြေအနေကို ဘယ်လိုပေးလဲဆိုတာကို လက်ရှိ နစက က တရားဝင်ထုတ်ပြန်မထားဘူး။ လူအရေအတွက်ဘယ်လောက်ကိုပဲ လွတ်ငြိမ်းပေးတယ်လို့ပဲ ထုတ်ပြန်ထားတယ်။”

၂၀၂၁ ခုနှစ် မတ်လတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုသတင်းအတွက်သတင်းလိုက်နေစဉ် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးရှေ့မှာ သတင်းထောက် ကိုသန်းထိုက်အောင် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကျဉ်းသားတွေကို အခုလို လွှတ်ပေးတယ်ဆိုပေမဲ့ နောက်တကြိမ်ပြစ်မှုကျုးလွန်မယ်ဆိုရင် အခုကျခံဖို့ကျန်တဲ့ ပြစ်ဒဏ်နဲ့ ပေါင်းပြီး ကျခံရစေရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ လွတ်ငြိမ်းခွင့်ပေးလိုက်တာပါ။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး VOA ကို အခုလိုပြောပါတယ်။

“အကျဉ်းသားက ၅,၀၉၈ ဦး အကျဉ်းသူက ၆၇၆ ဦး၊ စုစုပေါင်း ၅,၇၇၄ ဦးပေါ့။ နိုင်ငံခြားသား ၄‌‌ ဦးပါ-ပါ တာပေါ့။ သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်၊ ဗြိတိန်နိုင်ငံသူ ဗစ်ကီ ဘိုးမန်း၊ ဂျပန် နိုင်ငံသား တိုရူကူဘိုတာ၊ အမေရိကန်နိုင်ငံသား ကိုကျော်ဌေးဦး တို့ပါတယ်။ သူတို့ကိုပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး ပြည်နှင်ဒဏ်ပေးမှာဖြစ်တယ်။ ပြည်တွင်းထဲကတော့ မစ်္စ ဗစ်ကီဘိုမန်းရဲ့အမျိုးသား ကိုထိန်လင်း ပန်ချီဆရာရယ်၊ ဟာသသရုပ်ဆောင် ဆင်မ (ခေါ်) ဇော်မင်းထိုက်တို့ပါမှာဖြစ်ပါတယ်။ ပြီးတော့ ဝန်ကြီးနဲ့ဝန်ကြီးချုပ်နဲ့ ကော်မရှင်ဟောင်းကလူတွေပေါ့။ ဦးကျော်တင့်ဆွေ၊ ဒေါက်တာလဲ့လဲ့မော်၊ ဦးသန်းဌေးတို့ဖြစ်ပါတယ်။ နောက် အနုပညာရှင်တွေက ၅၀၅-ကနဲ့စွဲဆိုထားတဲ့ ၁၁ ယောက်ကို အမှုတွေ ပိတ်သိမ်းခွင့်ပေးမှာဖြစ်ပါတယ်။”

နာမည်ကျော်အနုပညာရှင်တွေဖြစ်တဲ့ ဖွေးဖွေး၊ နီနီခင်ဇော်၊ ထက်ထက်ထွန်းအပါအဝင် ၁၁ ဦးကို တပ်မတော်အကြည်ညိုပျက်အောင် ပြိုကွဲအောင် လုပ်ဆောင်မှု ခေါ်တဲ့ ပုဒ်မ ၅၀၅-က စွဲဆိုထားတဲ့အမှုတွေကို ပြန်လည်ရုပ်သိမ်းပေးလိုက်တယ်လို့ စစ်ကောင်စီကပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ရဲ့ ဦးဆောင်ကော်မတီဝင်ဖြစ်သူ ဦးထွန်းကြည်ကတော့ လွတ်မြောက်လာသူ ၅,၇၀၀ကျော်မှာ နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော်သာပါဝင်တယ်လို့ ဆိုပါတယ်။ နိုင်ငံရေးမျှော်လင့်ချက်အရသာ နိုင်ငံရေးအကျဉ်းသားတွေကို ဟန်ပြသက်သက်လွှတ်ပေးတာဖြစ်တယ် လို့ ဝေဖန်ပြောဆိုပါတယ်။

“ပြန်သုံးသပ်ကြည့်တဲ့အခါကျတော့ လွှတ်ပေးတဲ့သူတော်တော်များများက ထောင်စကားနဲ့ပြောရင်လွတ်နီးတွေ။ လွတ်နီးတွေကိုလွှတ်တာ အဖြေမဟုတ်ဘူး။ ခုလွှတ်ပေးတာကြိုဆိုစရာလည်း မရှိဘူး။ ကျေးဇူးတင်စရာလည်း မရှိဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ကထွက်ပေါက်ရှာတဲ့အနေနဲ့ပေါ့- သူ့ရဲ့ထွက်ပေါက်ရှာမှုနဲ့သူ့ရဲ့တည်တံ့ခိုင်မြဲရေးတရားဝင်မှုအတွက် နိုင်ငံရေးအရအပေးအယူပေါ့။ လွတ်ရက်စေ့သူတွေကိုပြန်လွှတ်ပေးတာက နိုင်ငံရေးအရ စေတနာမပါဘူး။ သူတို့အကျိုးအမြတ်အတွက်လုပ်တယ်လို့ပဲ ရှုမြင်တယ်။”

AAPP နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း စာရင်းအရဆိုရင် စစ်တပ်ကအာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၁ သောင်း ၆ ထောင်ကျော်ရှိခဲ့ပြီး အကျဉ်းထောင်တွေထဲမှာ ဆက်လက်အကျဉ်းကျနေသူ ၁ သောင်း ၃ ထောင်ကျော် ရှိနေသေးတယ် လို့ ပြောပါတယ်။ မြန်မာစစ်ကောင်စီဘက်ကတော့ AAPP ရဲ့ စာရင်းတွေဟာ ချဲ့ကားထားတဲ့ စာရင်းတွေဆိုပြီး ငြင်းပယ်လေ့ရှိပါတယ်။ အာဆီယံအပါအဝင် နိုင်ငံတကာကတာ့ မြန်မာ့ နိုင်ငံရေးအပြောင်းအလဲအတွက် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို အဓိကထားလွှတ်ဖို့ စစ်ကောင်စီကို တိုက်တွန်း တောင်းဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]













XS
SM
MD
LG