သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခွင့်အရေးလှုပ်ရှားသူတွေအပေါ် ဗီယက်နမ်ပြစ်ဒဏ် ပြင်းထန်


ဗီယက်နမ်နိုင်ငံမှာ ကွန်မြူနစ် အစိုးရက ဖြုတ်ချဖို့ ကြံစည်မှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး တက်ကြွလှုပ်ရှားသူ ၁၄ ယောက်ကို တရားရုံးက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။

၂ ရက်ကြာ အကျဉ်းရုံး ကြားနာစစ်ဆေးပြီးနောက် ဗုဒ္ဓဟူးနေ့မှာပဲ တရားရုံးက ထောင်ဒဏ် ၃ နှစ်ကနေ ၁၃ နှစ်အထိ အသီးသီး ချမှတ်ခဲ့တာပါ။ ဒီအထဲက တယောက်ကိုတော့ နေအိမ် အကျယ်ချုပ် ၃ နှစ် အပြစ်ပေးခဲ့ပါတယ်။

ပြစ်ဒဏ်စီရင်ခံခဲ့ရသူတွေကိုတော့ အမေရိကန် ပြည်ထောင်စုမှာ အခြေစိုက်ထားပြီး ဗီယက်နမ်အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ အတိုက်အခံ Viet Tan အဖွဲ့နဲ့ ဆက်နွယ်မှု ရှိတယ်ဆိုပြီး နိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ Nghe An ပြည်နယ်က တရားရုံးတခုမှာ စစ်ဆေး အရေးယူခဲ့တာပါ။

Viet Tan အဖွဲ့ကတော့ လူမှုအသိုင်းအဝိုင်းကြား တရားမျှတမှုရရှိရေး ကြိုးစားပမ်းစား ဆောင်ရွက်နေသူတွေ၊ တာဝန်သိ သတင်းဖြန့်ချီနေသူတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြတဲ့ သူတွေကို မတရားသဖြင့် အပြစ်ပေးတဲ့ လုပ်ရပ်အဖြစ်နဲ့ ရှုတ်ချကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ဗီယက်နမ်မှာရှိတဲ့ အမေရိကန် သံရုံးကလည်း စီရင်ချက်နဲ့ ပတ်သက်လို့ စိတ်အနှောက် အယှက် ဖြစ်ရတဲ့အကြောင်း ပြောဆိုခဲ့သလို ဗီယက်နမ်နိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေနိမ့်ကျမှုကို ပြသနေတဲ့လုပ်ရပ်တခု ဖြစ်တာကြောင့် ဒီလူတွေကို ချက်ခြင်းပြန်လွှတ် ပေးဖို့လည်း တောင်းဆိုခဲ့တာပါ။

တက်ကြွသူတွေဖက်က ခုခံလျှောက်လဲပေးတဲ့ ရှေ့နေတယောက်ကတော့ ကယ်လီဖိုးနီးယား ပြည်နယ် အခြေစိုက် အတိုက်အခံအဖွဲ့ဝင်တွေ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ အထောက်အထားလည်း မပြနိုင်သလို တရားခွင်မှာ လုပ်ထုံးလုပ်နည်း ချိုးဖောက်တာတွေလည်း ရှိခဲ့တယ်လို့ ပြောပါတယ်။
XS
SM
MD
LG