သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ် အမျိုးသမီးတွေ တရုတ်နိုင်ငံမှာ ဇနီးအဖြစ် ရောင်းစားခံရ


ဗီယက်နမ် အမျိုးသမီးတွေ တရုတ်နိုင်ငံမှာ ဇနီးအဖြစ် ရောင်းစားခံရ
ဗီယက်နမ် အမျိုးသမီးတွေ တရုတ်နိုင်ငံမှာ ဇနီးအဖြစ် ရောင်းစားခံရ

တရုတ်နိုင်ငံမှာ ဗီယက်နမ် အမျိုးသမီး ၁၀၀ လောက် ပြန်ပေးဆွဲခံရတယ်လို့ မသင်္ကာတဲ့ အမှုကို ရဲက စုံစမ်းနေကြာင်း တရုတ်အစိုးရ သတင်းက ပြောပါတယ်။

အဲဒီအမျိုးသမီးတွေဟာ တရုတ်နိုင်ငံ အလယ်ပိုင်းမှာ ပျောက်ဆုံးသွားကြသူတွေဖြစ်ပြီး တရုတ်အမျိုးသားတွေဆီမှာ ဇနီးမယားအဖြစ် ရောင်းချခံလိုက်ရတာ ဖြစ်နိုင်ပါတယ်။

ပျောက်ဆုံးနေကြတဲ့ အမျိုးသမီးတွေဟာ အရင်တည်းက တရုတ်အမျိုးသားတွေနဲ့ လက်ထပ်ထားကြသူတွေ ဖြစ်ကြသလို ဟူနန်ပြည်နယ်ထဲက ဝေးလံခေါင်သီတဲ့ ရွာတွမှာ နေထိုင်နေကြသူတွေ ဖြစ်ကြတယ်လို့ China Daily သတင်းစာက ရေးပါတယ်။

သူတို့ရဲ့ မိန်းမတွေကို ပြန်တွေ့ချင်ရင် ပြန်ပေးငွေပေး၊ မဟုတ်ရင် သူတို့မိန်းမတွေကို ရောင်းစားမယ်ဆိုပြီး ဖုန်းပေါ်ကနေ ယောက်ျား ၂ ယောက် ငွေညှစ်ခံခဲ့ရပြီးနောက်မှာ ရဲက စုံစမ်းစစ်ဆေးမှုကို စတင်တယ်လို့ သတင်းက ပြောပါတယ်။ အမျိုးသမီးတွေ ဘယ်တုန်းကတည်းက ပျောက်နေကြသလဲ ဆိုတာကိုတော့ သတင်းထဲမှာ ရေးမထားပါဘူး။

ရဲကိုတိုင်ထားတဲ့ ယောက်ျားတယောက် ကိုယ်တိုင်က ၂၀၀၈ ခုနှစ်မှာ သူ့ရဲ့ ဗီယက်နမ် ဇနီးလောင်းကို ဒေါ်လာ ၅,၇၀၀ လောက်နဲ့ ညီမျှတဲ့ ငွေပေးပြီး ဝယ်ယူခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံမှာ အမျိုးသမီး အရေအတွက်ဟာ အမျိုးသား အရေအတွက်ထက် အင်မတန်ကို နည်းနေတယ်လို့ တရုတ် သတင်းမီဒီယာတွေမှာ သတိပေး ရေးသားမှုတွေ ရှိနေချိန်မှာ အခုလို ပျောက်နေတဲ့ အမျိုးသမီးတွေကို စုံစမ်းတဲ့သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မိန်းကလေးထက် ယောက်ျားလေးကို ပိုပြီး တန်ဖိုးထားကြတဲ့ တရုတ်နိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီ တမိသားစုကို ကလေးတယောက်ပဲ ယူရမယ်ဆိုတဲ့ မူချခဲ့တာကြောင့်လည်း အခုလို ပြဿနာတွေ ပေါ်ရတာ ဖြစ်တယ်လို့ အနောက်တိုင်း သုံးသပ်သူတွေက ပြောကြပါတယ်။

မိန်းကလေး၊ ယောက်ျားလေး ရွေးပြီး ကလေးဖျက်ချကြတာ၊ မွေးကင်းစ သမီးမိန်းကလေးတွေကို သတ်ပစ်တာမျိုးတွေကြောင့် အမျိုးသား၊ အမျိုးသမီး မမျှတရတာဆိုတဲ့ အကြောင်းကိုလည်း ဆင်ဟွာသတင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ဆောင်းပါးရှည် ဖော်ပြခဲ့ပါတယ်။

XS
SM
MD
LG