တောင်တရုတ်ပင်လယ်ထဲက ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ရေပြင်နယ်နိမိတ်မှာ ငြိမ်းချမ်းရေးကို ကာကွယ်ဖို့နဲ့ ပဋိပက္ခကိုဖြေရှင်းဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ပိုပြီး ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါလို့ ဗီယက်နမ်က ပန်ကြားလိုက်ပါတယ်။
အမေရိကန်အနေနဲ့ ပိုပြီး အားကောင်းကောင်း ပြောဆိုပြီး ရေကြောင်း ဘေးကင်းလုံခြုံရေးနဲ့ ဒေသတွင်း လုံခြုံရေး၊ အပြည်ပြည် ဆိုင်ရာဥပဒေနဲ့အညီ အငြင်းပွားမှုတွေကို ဖြေရှင်းရေးတို့အတွက် လက်တွေ့ကျတဲ့ နောက်ထပ် လုပ်ဆောင်မှုတွေကို လုပ်လိမ့်မယ် လို့ မိမိတို့အနေနဲ့ မျှော်လင့်ပါကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Le Hai Binh က ဟနွိုင်းမြို့တော်မှာ ပြောတာပါ။
အငြင်းပွားရေပြင်ပိုင်နက်မှာ ပြီးခဲ့တဲ့လအတွင်း တရုတ်တို့က အငြင်းပွားဖွယ် ရေနံတွင်းတခုတည်ဆောက်ခဲ့တဲ့နားမှာ ဗီယက်နမ်နဲ တရုတ်သင်္ဘောတွေ ဆက်ပြီး ထိပ်တိုက်တွေ့နေကြတာနဲ့အမျှ အမေရိကန်အနေနဲ့ ပိုပြီး ပါဝင်ပတ်သက်ဖို့ ဗီယက်နမ်က အခုလို ပန်ကြားလိုက်တာဖြစ်ပါတယ်။
အငြင်းပွားမှုမှာ ဘယ်ဘက်ကို မလိုက်ဘဲ ဒေသတွင်းနိုင်ငံတွေအနေနဲ့ သူတို့ရဲ့ အငြင်းပွားမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြ စေလိုကြောင်း အမေရိကန်က ပြောထားပါတယ်။
ဒါပေမဲ့လည်း မကြာသေးခင်က စင်္ကာပူမှာကျင်းပခဲ့တဲ့ စစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲတခုအတွင်း အမေရိကန် ကာကွယ်ရေး ၀န်ကြီး Chuck Hagel က တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ထဲက ရေပြင်ကို ပိုင်ဆိုင်ကြောင်း ပြောတဲ့နေရာမှာ မတည် မငြိမ်ဖြစ်စေတဲ့၊ တဘက်သတ် လုပ်ဆောင်ချက်တွေ လုပ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။