ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီရဲ့ ၁၁ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးပွဲ အတွင်း ပါတီရဲ့ အားနည်းချက်တွေကို ပြောင်ပြောင်တင်းတင်း ပြောဆိုတာတွေ၊ ဝေဖန်သူတွေအပေါ် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေနဲ့ ဖွင့်လှစ်လိုက်ပါတယ်။
ဒီကနေ့ လွှတ်တော် အခမ်းအနားအတွင်း ကွန်မြူနစ်ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး Nong Duc Mang ကတော့ ဗီယက်နမ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုတွေအပေါ် ချီးကျူးစကား ပြောဆိုခဲ့တာပါ။
အခု လွှတ်တော် အစည်းအဝေးပွဲအတွင်း တိုင်းပြည် ထိပ်တန်းခေါင်းဆောင် နေရာတွေကို ရွေးချယ်သွားမှာဖြစ်ပြီး ရှေ့လာမယ့် ၅ နှစ်အတွက် စီးပွားရေး အစီအမံတွေကိုလည်း ရေးဆွဲသွားကြမှာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း လက်ရှိ ဖွံ့ဖြိုးမှုနှုန်းဟာ ရေရှည်ခံချင်မှခံမယ်၊ စီးပွားရေးလုပ်ငန်း လုပ်နေတဲ့ ကုမ္ပဏီတွေဟာလည်း အရည်အသွေး၊ ထိရောက်မှုနဲ့ ယှဉ်ပြိုင်မှုတွေမှာ အားနည်းနေတယ်လို့ ပါတီ အထွေထွေ အတွင်းရေးမှူးက သတိပေးခဲ့တာပါ။
တိုင်းပြည်ထဲက အကျင့်ပျက် ခြစားမှုတွေ၊ ဖြုန်းတီးမှုတွေကို မလျှော့နိုင်သေးသလို စိတ်ဓာတ်ရေးရာနဲ့ လူမှုဘ၀ပုံစံတွေ ပျက်စီးလာတာကိုလည်း အမြစ်မဖြတ်နိုင်သေးဘူးလို့ သူက ပြောခဲ့တာ ဖြစ်ပါတယ်။
လွှတ်တော်အစည်းအဝေးပွဲ မတိုင်မီ တရက်အလိုမှာတုန်းက အတိုက်အခံ အင်အားစုတွေအပေါ် အာဏာပိုင်တွေရဲ့ နှိပ်ကွပ်မှုတွေ ရှိနေတယ်ဆိုတဲ့ ထင်ရှားတဲ့ လူ့အခွင့်အရေး အဖွဲ့ကြီးရဲ့ ပြစ်တင် ဝေဖန်မှုကိုတော့ သူက ပယ်ချခဲ့တာပါ။
အာဏာရပါတီကို ရာထူးက ဖယ်ရှားဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ရန်လိုတဲ့ အင်အားစုတွေက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အသုံးချနေတယ်လို့ သူက တုံ့ပြန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။